images
UN
UN
ဒေါပုံ စမ်းချောင်း ကြည့်မြင်တိုင်
မောင်သန်းဆွေ(ထားဝယ်) Saturday, 26 May 2018
တစ်နေ့က အိမ်သူအိမ်သားများကြည့် နေသည့် ဗီဒီယိုအငြိမ့်ခွေကို ခဏရပ်၍ ကြည့်မိသည်။ လူရွှင်တော် လေးယောက် ပြက်လုံးပြက်နေကြခြင်းဖြစ်သည်။ ချောင်းထဲသို့ အင်္ဂလိပ်သင်္ဘောဝင်လာ သောအခါ၊ အင်္ဂလိပ်ကြီးက "Push him down" (တွန်းချလိုက်)ဟုပြောသော နေရာသည် ''ပုစွန်တောင်''ဖြစ်လာ သည်ဟု ပြက်လုံးထုတ်သွားပါသည်။
လူရွှင်တော်များအနေဖြင့် ပြက်လုံး ပြက်သွားခြင်းသာဖြစ်သည်။ သို့သော် ပရိသတ်များက ပုစွန်တောင်ခေါ်ရခြင်း မှာ အမှန်ဖြစ်သည်ဟု ထင်သွားနိုင်သည်။ ထို့ကြောင့် ဤသို့သောပြက်လုံးများကို မပြက်သင့်ပါ။
ပုစွန်တောင်ခေါ်သောနေရာသည် ရှေးကချောင်းအတွင်းမှ ပုစွန်များဖမ်းမိ သည်မှာ တောင်ပုံယာပုံဖြစ်နေ၍ ပုစွန် တောင်ခေါ်သည်ဟု ရှေးလူကြီးများပြော သည်ကို ကြားရဖူးသည်။ သို့ကြောင့် ဤဆောင်းပါးကို ရေးရခြင်းဖြစ်ပါသည်။ ရန်ကုန်မြို့ရှိ ရပ်ကွက်များ (ယခုမြို့နယ် များ)၏ အမည်များသည် သူ့အကြောင်း နှင့်သူ သမိုင်းမှန်ရှိပါသည်။ သို့ဖြစ်၍ လက်လှမ်းမီသော ဒေါပုံ၊ စမ်းချောင်း နှင့် ကြည့်မြင်တိုင်မြို့နယ်အမည်များ၊ အဘယ်ကြောင့် ဖြစ်ပေါ်လာသည်ကို စာရှုသူများ သိစေချင်ပါသည်။
ဒေါပုံ
ဒေါပုံဆိုသည်မှာ တော်ပွန်ဆိုသည့် မွန်ဘာသာစကားက ဆင်းသက်လာခြင်း ဖြစ်သည်။ အဓိပ္ပာယ်မှာ နဘဲကုန်းဟုဖြစ် သည်။ ရှေးခေတ်အခါက နဘဲပင်များ ပေါက်ရောက်ရာ ကုန်းမြေတစ်ခုဖြစ်ပုံရ သည်။ ဒေါပုံသည် ဒဂုံမြို့ကောင်းစား စဉ်အခါကတည်းကအရန်မြို့ကလေးတစ် မြို့ ဖြစ်ဟန်ရှိပါသည်။ အစောပိုင်းကာလ ဒေါပုံအကြောင်း ဘာမှမသိရသော်လည်း အင်းဝခေတ်ရောက်သည့်အခါ၊ စာထဲပေ ထဲတွင် ဒေါပုံကို အထင်အရှားတွေ့နေရ ပါပြီ။
ကုန်းဘောင်ခေတ်ဦးကာလအလောင်း မင်းတရားလက်ထက် တိုက်ပွဲများမှာ ဒေါပုံတပ်ကို ဖြိုခွင်းခဲ့သည့်အကြောင်း တွေ့ရ၏။ ဒေါပုံမြို့ မြန်မာဘုရင်လက် အောက်ခံဖြစ်လာပြီးနောက် တစ်စတစ်စ စည်ကားလာသည်။ နောက်ပိုင်း နန်း တွင်းအဆက်အနွှယ်တွေကို မြို့စားအရာ ပေးအပ်ရာ မြို့တစ်မြို့ပင်ဖြစ်လာပါ၏။ သာယာဝတီမင်း၏ မိဖုရားများထဲမှာ ဒေါပုံမြို့စားမိဖုရားဆိုသူ တစ်ပါးအပါ အဝင်ဖြစ်လာသည်။ ဒေါပုံမိဖုရားသည် အလွန်အသက်ရှည်သူဟု ဆိုရမည်။ ကိုလိုနီခေတ်ဦးကာလအထိ သက်ရှိထင် ရှားရှိသေးပြီး အင်္ဂလိပ်အစိုးရက သူကို လစဉ် ငါးဆယ်ကျပ်နှုန်း ထောက်ပံ့ပေး ခဲ့ရပါသည်။
ဒေါပုံနှင့်ပတ်သက်၍ ရန်ကုန်ဒေသ ရောက် စာဆိုတော်များ၊ သတိပြုမိတတ် ကြသည်က ဒေါပုံမြစ်သည် လှိုင်းရေ အတော်ပြင်းထန်သည့်အကြောင်းပင်ဖြစ် ၏။ စာထဲပေထဲမှာသာ ဒေါပုံမြစ်ဟု တွေ့ရသည်။ တကယ်မှာ ပုဇွန်တောင် ချောင်းပင် ဖြစ်ပါသည်။ သာယာဝတီ မင်းလက်ထက်၊ ဇလွန်မြို့စားရွှေလှံဗိုလ် ဦးစို (နောင်ကွပ်ရွာ မြို့စားဝန်ကြီး)၏ ဇနီး စာဆိုတော်မင်းကြီးကတော်ခင်ဆုံ က၊ သူ့၏ကဗျာတစ်ပုဒ်တွင် ''မမလေး ရင်ခုန်လှတယ်၊ ဒေါပုံကျလှိုင်း''ဟု ထည့်သွင်းစပ်ဆိုခဲ့ဖူးပါသည်။ မင်းကြီး ကတော် ရန်ကုန်ပြန်လာသောအခါ ဒေါပုံ မြစ်ကြီးမှာ ဒီရေလှိုင်းများ ပြင်းထန်လှ သည့်အကြောင်း ဖိုးသူတော်ဦးမင်းကို ပြောပြ၏။ ဦးမင်းက ရန်ကုန်၊ ဒေါပုံမြစ် သည် ရေလှိုင်းသာကြီးသည်မဟုတ်၊ အညာမြစ်ကလည်း လှိုင်းကြီးသည့် အကြောင်း 'လှော်သူကနဲသနှင့်'အစချီ ကဗျာလေးတစ်ပုဒ် ဖွဲ့ဆိုခဲ့ပါသည်။




မြန်မာဘုရင်များလက်ထက်ကဒေါပုံ မှာ မြို့အုပ်ရာထူး ထားရှိခန့်အပ်ခဲ့ဖူးပါ သည်။ ဒေါပုံက ရန်ကုန်မြို့နှင့်နီးနီးကပ် ကပ် တည်ရှိသောကြောင့် မြို့ဝန်အဆင့် မထားဘဲ မြို့အုပ်ရာထူးသာ ထားခဲ့ဟန် တူပါသည်။ ပုဂံမင်းလက်ထက် နောက် ဆုံးခန့်အပ်ခံရသည့် ဒေါပုံမြို့အုပ်က နေမျိုးသီရိနော်ရထာဖြစ်ပါသည်။ သူ့ကို ဒေါပုံမြို့အုပ်ကြီးဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ပုံ ထောက်၍ အသက်ကြီးကြီးပိုင်းကပင် ဖြစ်မည်။ ဒေါပုံမြို့အုပ်ကြီးကို ချန်ပီယံ သင်္ဘောကပ္ပတိန်လူးဝစ်၏ အမှုတွင် ရန်ကုန်မြို့ဝန်ဦးအုပ် စစ်ဆေးကြားနာစဉ် က တရားသူကြီးအဖွဲ့ဝင်တစ်ဦးအဖြစ် တွေ့ရှိရပါသည်။ ပုဂံမင်းလက်ထက်၊ အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲပြီး ၁၈၅၃ ခုနှစ်မှာ ဒေါပုံမြို့ အင်္ဂလိပ်လက်အောက် ကျရောက်သွားပါသည်။
ဒေါပုံမြို့ ဗြိတိသျှလက်အောက်ခံဖြစ် သွားသော်လည်း မြန်မာဘုရင်မင်းမှုထမ်း များအတွက်ကမူ အမှတ်ရနေဆဲပင်ဖြစ် ၏။ ကင်းဝန်မင်းကြီးဦးကောင်း အင်္ဂလန် ကိုသွားသည့်အခါ အင်္ဂလိပ်ပိုင်နက်၊ ရန်ကုန်မြို့က သင်္ဘောစီးရသည်ကို ရန်ကုန်ရောက်မင်းကြီး၏ လေးဆစ် ကဗျာတစ်ပိုဒ်မှာ 'ဗိုလ်တထောင်ကမ်း မော်၊ ဒေါပုံလှိုင်းပက်ပါမှာ သီလဝါဆင် အစွန်းနှင့် ညှိထွန်းမီးရောင်ပြငယ်၊ ရှေး ကအကျော်'ဟု ထည့်သွင်းစပ်ဆိုထား သည်ကို တွေ့ရပါသည်။
စမ်းချောင်း
ရန်ကုန် စမ်းချောင်းရပ်မှာ ယခင်က ချုံနွယ်ပိတ်ပေါင်းများ ထူထပ်ပြီး တောင် ကုန်းတောင်တန်း ချိုင့်ဝှမ်းများ ထူပြော သည့်နေရာ ဖြစ်ပါသည်။
အရှေ့ဘက်၊ မြောက်ဘက်နှင့်တောင် ဘက်မှာရှိသည့် တောင်ကုန်းတောင်တန်း များဆီမှ အနောက်ဘက်ချိုင့်ဝှမ်းထဲသို့ စမ်းချောင်းကလေးများ တသွင်သွင်စီး ဆင်းနေကြသည်။ ဤနေရာ၌ ရှမ်းတိုင်း ရင်းသားများသည် ချုံနွယ်ပိတ်ပေါင်း များအား ခုတ်ထွင်၊ မြေညှိပြီး တောင် ယာလုပ်ကိုင် စားသောက်ကြသည်။
ခရစ်နှစ် ၁၈၅၄ခုနှစ်တွင်စမ်းချောင်း ရပ်ဟု တရားဝင်တည်ထောင်ခဲ့ကြသည်။ ဤသို့ တည်ထောင်ခဲ့ကြသူများမှာ ဦးကျံ နှင့်ဦးဖိုးတို့ ဖြစ်ကြသည်။
ထိုစဉ်က ယခုပဒုမ္မာဇာတ်ရုံအနီးတွင် အထင်ကရ စမ်းချောင်းကလေးရှိပြီး စမ်း ချောင်းထဲတွင် မြွေကိုဖားက မျိုနေသည် ကိုတွေ့ရသည့်အတွက် အန္တရာယ်ကင်း မည့်နိမိတ်ဟုပင် ဆိုကြပါသေးသည်။
၁၈၅၈ခုနှစ်တွင်စမ်းချောင်းရပ်သည် ရွာကလေးတစ်ရွာဖြစ်နေပါပြီ။ လူနေ အိမ်အများအပြားရှိလာသည့်အတွက် စမ်းချောင်းရွာဟုခေါ်ဆိုကြသည်။
ခရစ်နှစ် ၁၈၆၈ခုနှစ်တွင် မဟာဝန် ရှင်တော်မင်းကြီးသည် ရိုးသားလှသော စမ်းချောင်းရွာနေ ရှမ်းတိုင်းရင်းသားများ ကို ဧက ၄ဝ ခန့်ရှိသည့်မြေအား ကျပ် ၆ဝဝဖြင့် ဝယ်ယူခွင့်ပြုလိုက်သည်။
သို့သော် တောင်ယာလုပ်ကိုင်စား သောက်ကြသူတိုင်းရင်းသားများသည် ထိုသို့များပြားသည့်ငွေကြေးကို မည်သို့ ပေးနိုင်မည်နည်း။ ထို့ကြောင့်ဆိုင်ရာမှ အနှစ်၉ဝအတွင်း မြေဆီမြေခမပေး ရဘဲ နေထိုင်လုပ်ကိုင်စားသောက်ရန် ဂရန် ထုတ်ပေးလိုက်သည်။ ဤမြေဂရန်ထိန်း သိမ်းစောင့်ရှောက်ခအဖြစ် လစဉ်ကျပ်ငွေ ၂ဝပေးပါသည်။ ထိုစဉ်က ဂရန်မြေကို ထိမ်းသိမ်းကြရသူများမှာ ဦးနန္ဒာ၊ ဦးခိုင်၊ ဦးဖန်စသူတို့ဖြစ်သည်။ နောက်ပိုင်းတွင် ဂရန်မြေထိန်းသိမ်းရေးလုပ်ငန်းမှာ သဘောထားကွဲလွဲမှုတွေရှိလာသဖြင့် ဗြိတိသျှအစိုးရမှ ဂရန်မြေထိန်းသိမ်းခငွေ မပေးတော့ချေ။
အမှန်မှာ ဗြိတိသျှအစိုးရသည် ရိုး သားသောတိုင်းရင်းသားများအပေါ်ဖိနှိပ် ချုပ်ချယ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်းရှမ်းတိုင်းရင်းသားများ သည် တောင်ကုန်းမြင့်ပေါ်မှာတည်ထား သည့် မိမိတို့စမ်းချောင်းရွာကလေးကို စိုပြည်စည်ပင်လာအောင်ကြိုးပမ်းကြသည်။
စမ်းချောင်းရွာကလေးကို ကြည့် လိုက်လျှင် ဖက်ပင်၊ မြက်သပြစ်ပင်၊ အုန်းပင်များနှင့် ဘဝင်အေးစရာပင်ဖြစ် သည်။ ပဒေသရာဇ်၊ မဟာရာဇာစော် ဘွားများပင် ရန်ကုန်ရောက်သည့်အခါ စမ်းချောင်းရွာမှာ အနားယူကြပါသည်။ ထိုမျှမက မြန်မာ့မင်းဆွေမင်းမျိုးများ လည်း စမ်းချောင်းတွင်လာနေကြသည်။
သို့ကြောင့်စမ်းချောင်း၌မင်းဆွေမင်း မျိုးများနေသည့်လမ်းကို မင်းလမ်းဟုပင် အမည်တွင်ခဲ့သည်။
ထို့အပြင်စမ်းချောင်းတွင် ဆေးဆရာ ကြီးဦးနော်ဆိုသူရှိသေးသည်။ ဦးနော်ကို ခရစ်နှစ် ၁၈၇၁ခုနှစ်တွင် စမ်းချောင်း၌ မွေးသည်။ ဖခင်ဦးတိုးသည် ဦးကျံ၏ သားဖြစ်သကဲ့သို့ မိခင်ဒေါ်စိမ်းသည် လည်း ဦးဖိုး၏သမီးဖြစ်သည်။ ဦးကျံနှင့် ဦးဖိုးသည်စမ်းချောင်းရွာကို တည်ထောင် ခဲ့ကြသူများပင်ဖြစ်သည်။
ဦးနော်သည် စမ်းချောင်းရွာတစ်ဝိုက် တွင် သူမပါလျှင်မပြီးဆိုရလောက်အောင် ပင်ဖြစ်သည်။ အသက် ၇၅နှစ်အရွယ် ၁၉၄၇ခုနှစ် မတ် ၆ရက်တွင် ဦးနော် ကွယ်လွန်သည်။ စမ်းချောင်းမီးသတ်ရှေ့ ဦးစံငြိမ်းလမ်းမှာနေသောဒေါ်ယဉ်နုသည် ဆရာကြီးဦးနော်၏ မြစ်ဖြစ်သည်ဟုဆို ပါသည်။ စမ်းချောင်းရပ်ကိုတည်ထောင် ခဲ့ကြသည့် ဦးကျံနှင့် ဦးဖိုးတို့၏အဆက် အနွှယ်များ စမ်းချောင်းတွင် ရှိနေကြလိမ့် မည်ဖြစ်သည်။
ကြည့်မြင်တိုင်
ကြည့်မြင်တိုင်ဆိုသည်မှာ မွန်ဘာ သာ ကမန်ဋိုင်ဆိုသည့် ဝေါဟာရမှလာ သည်။ မြို့ရိုးရှိသည့်မြို့ဟု အဓိပ္ပာယ်ရ သည်။ ကြည့်မြင်တိုင်သည် အလောင်း မင်းတရားကြီး ရန်ကုန်မြို့မတည်မီက တည်းကပင်ရှိခဲ့သည့် အရပ်ဒေသတစ်ခု ဖြစ်ပါသည်။
ခရစ်နှစ်(၁၄၇ဝ)ပြည့်နှစ် ဓမ္မစေတီ မင်းလက်ထက် ရွှေတိဂုံစေတီတော်ဝတ္တ ကမြေ ပြင်ဆင် သတ်မှတ်သောအခါ ''အနောက်ကိုလားသော် ကြည့်မြင်တိုင် ကင်း၊ အင်းဝပေါက်ချောင်းထိ''ဟု ဖော် ပြထားခြင်းကို တွေ့ရပါသည်။
အလောင်းမင်းတရား ရန်ကုန်မြို့ တည်ချိန်(၁၇၅၅)ခုနှစ်တွင် ကြည့်မြင် တိုင်သည် မြို့အသွင်မဟုတ်၊ ရွာကြီးတစ် ရွာဖြစ်နေသည်။ ဤကြည့်မြင်တိုင်ရွာ တွင် ဘုရင့်လှေတော်အမှုထမ်းများကို နေရာချထားခဲ့ပြီး ကင်းစခန်းကိုလည်း ရှေးအစဉ်အလာမပျက် ဆက်လက်ထား ရှိပါသည်။ ထိုစဉ်က ရွှေတိဂုံစေတီ၏ အနောက်ဘက်တစ်ခြမ်းလုံးသည် တော တောင်ထူထပ်ပြီး မိုးရွာလျှင်ဖြစ်စေ၊ ရေ ကြီးလျှင်ဖြစ်စေ၊ မိုးရေဝင်၍ ရွှံ့ညွန်များ လည်း ပေါလှပါသည်။
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် မြန်မာတပ်များသည် ကြည့်မြင်တိုင်တွင် ခံတပ်ဆောက်လုပ်ပြီး အင်္ဂလိပ်များကို ခုခံတိုက်ခိုက်သည်။ (၁၆) မေ၊ ၁၈၂၄ ခုနှစ်၊ ကြည့်မြင်တိုင်ခံတပ်တိုက်ပွဲတွင် အင်္ဂလိပ်ဘက်မှ ဗိုလ်သောမတ်စ်ကား (Lt.Thomas Kerr) ကျဆုံးခဲ့သည်။
ဇွန်လ ၁ဝ ရက်နေ့ ကြည့်မြင်တိုင် တိုက်ပွဲတွင်မူ မြန်မာဘက်မှ ပုသိမ်မြို့ဝန် နေမျိုးမဟာကျော်စွာကျဆုံးသွားခဲ့ရ သည်။ မင်းကြီးမဟာဗန္ဓုလ ရခိုင်စစ် မျက်နှာမှ ရန်ကုန်ရောက်လာသောအခါ ကြည့်မြင်တိုင်ဒေသ၌ လက်ဝဲဝင်းမှူး၊ မင်းကြီးမဟာမင်းလှဇေယျသူဘွဲ့ခံဦးပို နှင့် အမှုထမ်းလေးထောင်ကို တပ်ချတာ ဝန်ယူစေခဲ့သည်။
စစ်ပွဲကြီးပြီးဆုံးသောအခါ ရန်ကုန်မြို့ ဝန်သစ်ဦးခိုင်၊ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကြည့်မြင်တိုင်ရွာဆိပ်ကိုရောက်ချိန်တွင် အမြောက် ၁၉ ချက်ပစ်ဖောက်ဂုဏ်ပြုခဲ့ ပါသေးသည်။ ကြည့်မြင်တိုင်သည် ထို နောက်ပိုင်း အတော်ပင်ပြန်လည် စည် ကားလာပါသည်။
သာယာဝတီမင်းလက်ထက်(၂၇) သြဂုတ်၊ ၁၈၉၃ ခုနှစ်တွင် ဘုရင့်အမိန့် တော်နှင့်တောင်ကျောင်းတိုက် နှစ်ကျိပ် ရှစ်ဆူဘုရားရင်ပြင်၌ သိမ်တော်ကြီးကို တည်ဆောက်ခဲ့ပါသည်။ သို့သော် ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲတွင် လည်း ကြည့်မြင်တိုင်သည် စစ်မြေပြင် ဖြစ်ခဲ့ရပြန်သည်။
စစ်ပွဲပြီးစကာလ အင်္ဂလိပ်လက် အောက်သို့ကျရောက်စဉ် ကြည့်မြင်တိုင် ကိုသွားချင်လျှင် ရန်ကုန်မြို့ဟောင်း မြောက်တံခါးမှထွက်ပြီး တစ်နာရီခန့် အုတ်လမ်းအတိုင်း လျှောက်သွားရသည်။ ကြည့်မြင်တိုင်ရွာသည် ကမ်းခြေအတိုင်း တည်ထားပြီး လမ်းကျဉ်းကလေး တစ် လမ်းသာရှိသည်။
ရွာမှာ ရွာတန်းရှည်ကြီးဖြစ်သည်။ အိမ်များသည် ခပ်နိမ့်နိမ့်တံစက်မြိတ်ချ ထားသော ဝါးတဲငယ်လေးများသာ ဖြစ် ပါသည်။ ကြည့်မြင်တိုင်ရွာအနီးတွင် ခေတ်အဆက်ဆက်ရှမ်းတိုင်းရင်းသား များ နေထိုင်ကြပြီး မြင်းအရောင်းအဝယ် လုပ်ကိုင်ကြသည်။ နောက်ပိုင်းတွင် လမ်း သစ်များဖောက်လုပ်သောကြောင့် ဤနေ ရာဒေသသည် ရှမ်းလမ်းဟု အမည်တွင် လာပါသည်။