images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
လူ့စွမ်းအားအရင်းအမြစ်နှင့် အစားအသောက်
သူရထိုက် Monday, 28 May 2018
တစ်နေ့က အမျိုးသမီး ဈေးဝယ် သွားတဲ့အခါ ခြင်းတောင်းကိုင်ဖို့ ဈေးထဲ ကိုလိုက်သွားခဲ့ရတယ်။ အဲဒီမှာ ထူးဆန်း တဲ့မြင်ကွင်းတစ်ခုကို မြင်ခဲ့ရလို့တစ်ဆင့် ဖောက်သည်ချပါရစေ။
ဟင်းသီးဟင်းရွက်တွေကို လမ်းဘေး မှာ ချရောင်းတဲ့ဆိုင်လေးတစ်ဆိုင်ရှေ့မှာ အသက် ၆ဝအရွယ် အမျိုးသားတစ်ဦး ဟင်းသီးဟင်းရွက်တွေကို ရွေးနေတယ်။ အဲဒီအချိန်မှာ ဈေးသည်ဖြစ်သူရဲ့ အော် ပြောသံကို ကြားလိုက်ရတယ်။
''ဦးလေး... ဦးလေးလက်ထဲက ခရမ်းသီးတွေ၊ ပန်းဂေါ်ဖီတွေကို ဖယ် လိုက်လေ။ အဲဒါတွေက မကောင်းဘူး။ ပိုးထိုးနေတာ။ဒီပြင်ဟာတွေ ရွေးပါလား''
မမျှော်လင့်တဲ့ စကားသံတစ်ခု ဈေး ဝယ်သူအမျိုးသားကြီးရဲ့ နှုတ်ဖျားကနေ ထွက်ပေါ်လာခဲ့ပါတယ်။
''ပိုးထိုးတာကို သေသေချာချာ ရွေး ထားတာကွ။ ပိုးထိုးတာက ပိုပြီးစိတ်ချ ရတယ်။ ပိုးမထိုးတဲ့ အသီးအနှံတွေက ဓာတ်မြေသြဇာတွေ၊ဘာတွေသုံးထားတာ။ ပြီးတော့ မမှည့်မှည့်အောင် လုပ်ထား တာတွေ၊ဓာတုဆေးဝါးသုံးတာတွေလည်း ရှိသေးရဲ့။ အဲဒီတော့ အသက်ဉာဏ်စောင့် ဆိုသလို ကြံဖန်ပြီးစားသောက်နေရတာ''
ကြာတော့ကြာခဲ့ပါပြီ။ ၁၉၉၇ ခုနှစ် ပတ်ဝန်းကျင်က ထင်ပါရဲ့။ ဂျပန်နိုင်ငံက အမေရိကန်နိုင်ငံမှ တင်ပို့တဲ့ပန်းသီးတွေ ကို ပိတ်ပင်တားမြစ်ခဲ့ဖူးတယ်။ ပိုးသတ် ဆေးတွေသုံးစွဲတဲ့အတွက် အန္တရာယ်ရှိ လို့တဲ့။ အခုလည်း အဲဒီလိုများ ဖြစ်နေ သလားလို့ ကျွန်တော်တွေးမိတယ်။
တစ်နေ့က သတင်းစာတစ်စောင်မှာ အစားအသောက်နဲ့ ပတ်သက်တဲ့သတင်း တစ်ပုဒ်ကို ဖတ်လိုက်မိတယ်။ အစားအ သောက်တွေမှာ မသမာတဲ့နည်းလမ်းတွေ အသုံးပြုနေတာကို သိရှိတယ်ဆိုရင် ဥပဒေအရ တားဆီးအရေးယူနိုင်တဲ့ အဖွဲ့ အစည်းတွေအားလုံးကို သတင်းပေးတိုင် ကြားနိုင်တယ်ဆိုတဲ့ သတင်းဖြစ်တယ်။ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) မှ တာဝန် ရှိသူတစ်ဦးက ''မုန့်ဖတ်တွေမှာ ဖော် မလင်တွေထည့်တယ်။ အကြော်ကြော်တဲ့ ဆီတွေမှာ ဆီအကြော်ခံအောင် ပလတ် စတစ်ဘူးတွေ တွေ့တယ်။ အစားအ သောက်တွေမှာ ခွင့်မပြုဆိုးဆေးတွေသုံး တယ်ဆိုတာတွေကို သိရင်(FDA)မှ မဟုတ်ဘူး။ ဥပဒေအရ တားဆီးအရေး ယူနိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးကို သတင်းပေးတိုင်ကြားနိုင်တယ်။ အစား အသောက်ထုတ်လုပ်သူတွေက တားမြစ် ဆိုးဆေးတွေအပါအဝင် အခြားမသမာ သော နည်းလမ်းတွေမသုံးဖို့ တာဝန်အရှိ ဆုံးသူတွေဖြစ်ပါတယ်။ ကျွန်တော်တို့က ကုန်ပစ္စည်းတွေ ထုတ်လုပ်၊ တင်သွင်း၊ တင်ပို့၊ သိုလှောင်၊ ဖြန့်ဖြူးဖို့ ထောက်ခံ ပေးတဲ့ဌာနဖြစ်ပါတယ်။ ထောက်ခံချက် ပေးသလို ပြန်လည်စိစစ်ချိန်မှာ စံမမီရင် လည်း ထောက်ခံချက်ကို ရုပ်သိမ်းနိုင် ပါတယ်''လို့ ပြောကြားတယ်။
စားသုံးသူတွေရဲ့ အငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်တွေ ဖြေရှင်းပေးဖို့ 'စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့'ကို ဖွဲ့စည်း ထားတာရှိတယ်။ အငြင်းပွားမှုတွေပေါ် ပေါက်တဲ့အခါ ဖောက်ဖျက်ကျူးလွန် တယ်လို့ စွပ်စွဲခံရတဲ့ စီးပွားရေးလုပ်ငန်း ရှင်ကို ခေါ်ယူစစ်ဆေးတယ်။အငြင်းပွား မှုကို သိရှိတွေ့မြင်တဲ့ ပုဂ္ဂိုလ်တွေ၊ သက် သေတွေ၊ ကျွမ်းကျင်သူတွေကို ခေါ်ယူ မေးမြန်းစစ်ဆေးတယ်။ လိုအပ်တဲ့ အထောက်အထားစာရွက်စာတမ်းတွေ၊ အခြားသက်သေခံတွေကိုလည်း စစ်ဆေး အကဲဖြတ်ပြီး စားသုံးသူဘက်က ဆုံးရှုံး မှု ရှိမရှိ စစ်ဆေးဆုံးဖြတ်ပေးပါတယ်။ အဲဒီဆုံးဖြတ်ချက်ကိုဖောက်ဖျက်ကျူးလွန် တဲ့စီးပွားရေးလုပ်ငန်းရှင်ဆီပေးပို့အကြောင်း ကြားပါတယ်။ ဖောက်ဖျက် ကျူးလွန် တာထင်ရှားရင် စီမံခန့်ခွဲမှုနည်းလမ်းတွေ နဲ့ အရေးယူဆောင်ရွက်တယ်။
လွန်ခဲ့တဲ့ကိုးနှစ်ကျော် ၂ဝဝ၈ ခုနှစ် သြဂုတ်လတုန်းက ကျွန်တော့်ယောက္ခမ ဆုံးသွားတယ်။ အသည်းရောဂါနဲ့ဆုံးတာ ပါ။ နေ့စဉ်နံနက်တိုင်း လက်ဖက်ရည်ကို အီကြာကွေးနဲ့ သောက်တယ်။ အညာသူမ ကြီးဆိုတော့ ထမင်းစားတိုင်း ငရုတ်သီး လှော်အမြဲတမ်းပါတယ်။ အီကြာကွေးဆို တာ ပွဆေးတွေသုံးတဲ့အပြင် ဆီက လည်း အခါခါကြော်ထားတဲ့ဆီ၊ လက် ဖက်ရည်ထဲကချက်နို့ဆီကလည်း အာမခံ လို့မရ၊ ငရုတ်သီးခြောက်ဆိုတာကလည်း အလေးချိန်တိုးအောင် တာရှည်ခံအောင် ပြုပြင်စီမံထားတဲ့အပြင်မှိုနဲ့လည်းမကင်း။ အဲဒါတွေနဲ့နှစ်များစွာကြာလာတဲ့အခါ အသည်းရောဂါဖြစ်လာတော့တာပါပဲ။
တစ်ခါက မြန်မာနိုင်ငံစားသုံးသူကာ ကွယ်ရေးအသင်းက လက်ကမ်းကြော်ငြာ တစ်ခုကိုကျွန်တော်ရလာခဲ့တယ်။ အဲဒီမှာ ဖတ်ကြည့်မိတဲ့အခါ ကင်ဆာကြောက်ရင် ပလတ်စတစ်ဖော့ဘူးတွေကိုရှောင်ရမတဲ့၊ အချိုမှုန့်နဲ့ကြက်သားမှုန့်တွေကအာရုံကြော နဲ့ဦးနှောက်ကို ထိခိုက်စေသတဲ့။ အချဉ် ရည်တွေက ကင်ဆာရောဂါဖြစ်စေနိုင် သတဲ့။ တားမြစ်ဆိုးဆေး၊ တာရှည်ခံ ဆေးတွေ အသုံးပြုထားတဲ့ အချိုရည်တွေ နဲ့ ဂျယ်ရီတွေဟာ ကင်ဆာရောဂါကို ဖြစ် စေနိုင်တဲ့အတွက် ကလေးတွေကို မကျွေး သင့်ဘူးတဲ့။ မယ်လမင်း(ဖိုက်ဘာ) ပစ္စည်းတွေဟာ အပူနဲ့ထိတွေ့တဲ့အခါ ဓာတ်ပြုပြီး ကျောက်ကပ်ပျက်စီးတာ၊ ကင်ဆာရောဂါ ဖြစ်နိုင်တာတွေကြောင့် အသုံးမပြုသင့်ဘူးတဲ့။
တရုတ်နို့မှုန့်နဲ့ပြု လုပ်ထားတဲ့ မုန့်တွေကလည်း အန္တရာယ် ရှိသတဲ့။ ကော်ဖီမစ်တွေမှာ ကဖိန်း၊ တာရှည်ခံဓာတုဆေး၊ ကော်ဖီအနံ့၊ အုန်း သီးခွံအမှုန့်တွေကို ပါဝင်နေတာတွေ့တဲ့ အတွက် မသောက်သုံးသင့်ဘူးတဲ့။ မျှစ်နီ၊ မျှစ်ဝါ၊ ပုစွန်ချဉ်နီနီ၊ အဝါရောင်ဆိုးထား တဲ့ငါးပုဏ္ဏား၊ ငါြးေ>ွမထိုး၊ ရွှေငါး၊ ကြက် သား၊ ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ ဆီးထုပ်၊ အနက်ရောင်ဆိုးထားတဲ့ ပြောင်းဖူး စတာတွေဟာ အန္တရာယ်ရှိ ဆိုးဆေးတွေပါဝင်နေတဲ့အတွက် ရှောင် ကြဉ်သင့်သတဲ့။ တုတ်ထိုးအကင်တွေက လည်း ကင်ဆာရောဂါကို ဖြစ်နိုင်စေ သတဲ့။ အဆမတန်ကြီးထွားနေတဲ့ မုန် လာဥအဖြူတွေ၊ အမြစ်တိုတို အလုံးတုတ် တုတ်နဲ့ ပဲပင်ပေါက်တွေဟာ ဓာတုဟော် မုန်းဆေးတွေ သုံးထားတာတဲ့။ ဂေါ်ဖီ ထုပ်၊ ကိုက်လန်၊ မုန်ညင်းရွက်၊ ပန်းမုန် လာထုပ်၊ မုန်ညင်းထုပ်တွေဟာ ပိုးသတ် ဆေးအပြင်းစား သုံးထားတာတွေတဲ့။ သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စတာတွေ ကလည်း ဆေးစိမ်ဆေးဖျန်းပြီး မှည့်နေ အောင်လုပ်ထားတာတွေတဲ့။ ရေချိုငါးပိ၊ ငါးခြောက်၊ ငံပြာရည်စတာတွေကလည်း ယူရီးယား(ပုလဲ)ဓာတ်မြေသြဇာတွေပါလို့ မစားသင့်ဘူးတဲ့။ ဒီအပြင် အရက်၊ ဘီယာ၊ ကွမ်းယာ၊ ဆေးလိပ်တွေရဲ့ အန္တရာယ်တွေကိုလည်း ဖော်ပြထား တယ်။ အဲဒီလက်ကမ်းကြော်ငြာကိုဖတ် ပြီး ကျွန်တော်လည်း ဘာကိုစားရမှန်း သောက်ရမှန်း မသိဖြစ်သွားခဲ့တယ်။
ကမ္ဘာမှာ သဘာဝထွက်ပစ္စည်းတွေ ကို အသုံးပြုတာ တွင်ကျယ်လာတဲ့အချိန် မှာ ကျွန်တော်တို့ဆီမှာတော့ အသင့်စား ပစ္စည်းကိရိယာတွေ၊ အဆင်သင့်အစား အသောက်တွေ နေရာယူမှုများလာတယ်။ အဲဒါရဲ့အကျိုးဆက်က ရောဂါဘယပေါ များလာခြင်းနဲ့ လူ့သက်တမ်းတိုခြင်းတို့ ပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသက် ၇ဝ ကျော်တဲ့သူတွေအနေနဲ့သေ ပျော်ပြီဆိုတဲ့အနေအထားဖြစ်လာပါတယ်။ အဲဒါဟာ တကယ်တော့ ကောင်းမွန်တဲ့ ကိစ္စမဟုတ်ပါဘူး။ လူ့စွမ်းအားအရင်း အမြစ်ရှုထောင့်ကကြည့်ရင် ဆုတ်ယုတ်မှု တစ်ခုပဲဖြစ်ပါတယ်။ စဉ်းစားကြည့်ပါ။ လူဦးရေနည်းပါးတဲ့အထဲမှာ သက်တမ်း တိုတာ ကောင်းနိုင်ပါ့မလား။
ကျွန်တော်တို့နိုင်ငံမှာ အမျိုးသား အစားအသောက်ဥပဒေကို ၂ဝ၁၃ခုနှစ် သြဂုတ်လ ၁၃ရက်နေ့က ပြဋ္ဌာန်းခဲ့တယ်။ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၄ ဖြစ်ပါတယ်။ အရည်အသွေးစစ်မှန် ကောင်းမွန်ပြီးဘေးဥပဒ်အန္တရာယ်ကင်းရှင်း တဲ့ အစားအဆောက်တွေကို စားသုံးနိုင်ဖို့၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေတဲ့၊ကျန်းမာရေး ကို ထိခိုက်စေနိုင်တဲ့ အစားအသောက် တွေကို စားသုံးမိခြင်းမှ ကာကွယ်နိုင်ဖို့၊ ထိန်းချုပ်အစားအသောက်ထုတ်လုပ်တာကို စနစ်တကျ ကြီးကြပ်ကွပ်ကဲနိုင်ဖို့၊ အစား အသောက်ထုတ်လုပ်တာ၊ ပြည်တွင်းကို တင်သွင်းတာ၊ ပြည်ပကိုတင်ပို့တာ၊ သိုလှောင်တာ၊ ဖြန့်ဖြူးတာ၊ ရောင်းချ တာတွေကို စနစ်တကျကွပ်ကဲထိန်းသိမ်း နိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်ခဲ့တဲ့ ဥပဒေဖြစ်တယ်။
အစားအသောက်ထုတ်လုပ်တယ်ဆို တာကလည်း လုပ်ငန်းတစ်ခုပါပဲ။ အဲဒီ လုပ်ငန်းမှာ ထုတ်လုပ်တဲ့လုပ်ငန်းအဆင့် ဆင့်တွေပါဝင်ပါတယ်။ ဒါ့အပြင် အရည် အသွေးနဲ့ပတ်သက်ပြီး အာမခံတာ၊ အမှတ်တံဆိပ်ကပ်တာ၊ ကြော်ငြာတာတွေ လည်း ပါဝင်ပတ်သက်တယ်။ ကျွန်တော့် အမြင်အရတော့ အစားအသောက်ထုတ် လုပ်တဲ့လုပ်ငန်းမှာ အရည်အသွေးနဲ့ပတ် သက်တဲ့ကိစ္စက အရေးအကြီးဆုံးအဆင့် မှာရှိတယ်လို့ယူဆမိတယ်။ကုန်ပစ္စည်း တစ်ခုဈေးကွက်မှာ တွင်ကျယ်လာပြီ ဆိုရင် နောက်ဆက်တွဲပေါ်လာတတ်တဲ့ ပြဿနာကတော့ အတုအပပြဿနာပါ၊ အဲဒါကိုလည်း လျစ်လျူရှုထားလို့မရ ပါဘူ။ အတုအပကြောင့် ကိုယ့်ရဲ့ brand names ဆိုတဲ့အမှတ်တံဆိပ်ကို ထိခိုက် တတ်တယ်လေ၊ ဟိုးအရင်တုန်းကဆရာ မောင်ဆေးနီမှုန့်ဆိုတာနာမည်ကျော်ကြား လူသိများခဲ့တယ်။
အရောင်းတွင်ကျယ်လာတဲ့အခါအတုအပတွေ ပေါ်လာတယ်။ အုတ်နီခဲမှုန့်တွေကို ဆရာမောင်ဆေးနီမှုန့်ဆိုပြီး လိမ်လည် တုပရောင်းချတာတွေရှိခဲ့တယ်။ အတုအပတွေ ဘယ်ကထွက်ပေါ် မှန်း သေသေချာချာမသိတဲ့အခါ ဆရာမောင်ဆေးနီမှုန့်လည်း နာမည်ကျသွားခဲ့တယ်။ အဲဒါကျွန်တော်တို့ ငယ်စဉ်ကလေးဘဝက ဖြစ်ရပ်တစ်ခုပါ။

Levi ဂျင်းဘောင်းဘီတွေ ခေတ်စားတဲ့အခါ လူကြိုက်များ လာတဲ့အခါ စီးပွားရေးလောကရဲ့ ထုံးစံအတိုင်း အတုအပတွေ ပေါ်လာတယ်။ ထိုင်းနိုင်ငံလုပ်၊ တရုတ်(တိုင်ပေ)လုပ်၊ တရုတ် လုပ်၊ မြန်မာလုပ်၊ နိုင်ငံတိုင်းကလုပ်တဲ့Levi ဂျင်းဘောင်းဘီတွေ ပေါ်ပေါက်လာခဲ့တယ်။ brand name ကို အသားပေးတဲ့ လူ အများစုက ပေါချောင်ကောင်း Levi အတုကို ရှာပြီးဝတ်ကြတယ်။ ဂျင်းဘောင်းဘီကောင်းဖို့ထက် Levi ဖြစ်ဖို့ကပိုပြီး အရေးကြီး တယ်လေ။
အစားအသောက်နဲ့ပတ်သက်ရင်တော့ အဲဒီလိုယူဆလို့မဖြစ်ပါ ဘူး။ ဂျင်းဘောင်းဘီအတုက လူကိုအန္တရာယ်မပေးနိုင်ပေမယ့် အစားအသောက်အတုအပတွေ၊ စံချိန်မမီ၊ အရည်အသွေးမပြည့်မီတဲ့ အစားအသောက်တွေက လူ့ရဲ့အသက်ကို ဆုံးရှုံးစေတဲ့အထိ အန္တရာယ်ဖြစ်စေပါတယ်။ နိုင်ငံနဲ့ချီပြီးဆိုရရင် အဲဒီကိစ္စဟာ လူ့ စွမ်းအားအရင်းအမြစ်ကို ထိပါးစေတဲ့ကိစ္စရပ်ပါပဲ၊ အဲဒါကြောင့် ''ရေတွင်ဆိပ်ခိုး၊ ပါလေနိုး''နဲ့ မသောက်ရဲတဲ့ဘဝ မရောက် အောင် ထိန်းချုပ်သင့်တာကိုထိန်းချုပ်၊ ကွပ်ကဲသင့်တာကိုကွပ်ကဲ ရမှာပဲဖြစ်ပါတော့တယ်။