images
UN
UN
လူငယ်နှင့်ယဉ်ကျေးမှု (ပထမပိုင်း)
သူရအေး Monday, 28 May 2018
ယဉ်ကျေးမှု၏ အဓိပ္ပာယ်
ယဉ်ကျေးမှု၏အဓိပ္ပာယ်ကို မြန်မာအဘိဓာန် တွင် (၁)သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ (၂)တိုးတက်ထွန်းကားလာသော လူမှုအဆင့် အတန်း၊ (၃)အစဉ်အလာအားဖြင့် ထိန်းသိမ်းတည် ရှိလာသော ဓလေ့ထုံးတမ်း စသည်ဟူ၍ ဖွင့်ဆို ထားသည်။ ယဉ်ကျေးမှုကို အင်္ဂလိပ်စကားဖြင့် Culture နှင့် Civilization ဟူ၍ ဖော်ပြပြီး Culture မှာ အထက်ပါ(၁)နှင့်(၃)ကို ရည်ညွှန်း ပြီး Civilization မှာ အထက်ပါ(၂)ကို ရည်ညွှန်း သည့် သဘောဖြစ်သည်။ Culture ကို အင်္ဂလိပ်-မြန်မာအဘိဓာန်တွင် ယဉ်ကျေးမှု၊ အနုပညာကို ခံစားနားလည်ခြင်း၊ မြတ်နိုးတန်ဖိုးထားခြင်းနှင့် အနုပညာလက်ရာများဟု ဖော်ပြထားပြီး Civilization ကိုလူမှုတိုးတက်မှု၊ ယဉ်ကျေးမှု၊ လူ့အဖွဲ့ အစည်းဟူ၍ ဖော်ပြထားသည်။ ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းတွင် ယဉ်ကျေးမှုကိုယ်စီရှိကြရာရေမြေ သဘာဝ၊ ကိုးကွယ်သည့်ဘာသာ၊ ကျင့်သုံးသည့် ဓလေ့ထုံးတမ်းစဉ်လာတို့ကိုလိုက်၍လူမျိုးတစ်မျိုး နှင့်တစ်မျိုး ယဉ်ကျေးမှုခြင်း မတူညီကြပေ။ ယဉ် ကျေးမှု၏ သဘောသဘာဝမှာ ပျံ့နှံ့စီးဆင်းတတ် သည့် သဘောရှိသည်ကိုတွေ့ရသည်။ ဆက်သွယ် ရေးနည်းပညာများ အစွမ်းကုန်ထွန်းကားနေသော သတင်းမီဒီယာခေတ်ကြီးတွင် ယဉ်ကျေးမှုသည် တားမနိုင်ဆီးမရ အလွန်လျင်မြန်သော အရှိန် အဟုန်ဖြင့် တစ်နိုင်ငံမှတစ်နိုင်ငံသို့ ပျံ့နှံ့စီးဝင် လျက်ရှိသည်။အထူးသဖြင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ၊ အင်တာနက်စသည့် တံခါးပေါက် အသီးသီးမှ စီးဝင်လျက်ရှိသည်ကို တွေ့ရသည်။ ထိုစီးဝင်လာနေသည့် ယဉ်ကျေးမှုအမျိုးမျိုးက ရှိပြီးသားမြန်မာ့ယဉ်ကျေးမှုကို ဝါးမျိုဖျက်ဆီး မပစ်နိုင်ရေးအတွက် ကိုယ်ခံအားကောင်းကောင်း ဖြင့် စောင့်ကြည့်ထိန်းသိမ်းသွားရမည့်တာဝန်မှာ ယနေ့ မြန်မာလူငယ်များ၏ အရေးကြီးတာဝန်ပင် ဖြစ်ပေသည်။
ကိုယ့်အမျိုးသားယဉ်ကျေးမှုကို တန်ဖိုးထားဖို့လို့
လူ့သမိုင်းကိုလေ့လာရာတွင် လူတို့သည်ကြီး မြတ်၍ အဖိုးတန်လှသောယဉ်ကျေးမှုကို အလွယ် တကူရရှိခဲ့ခြင်းမဟုတ်ချေ။ ရိုင်းစိုင်းကြမ်းတမ်း သောကျောက်ခေတ်လူနေမှုဘဝမှ နှစ်သန်းပေါင်း များစွာ၊ သမိုင်းခေတ်ပေါင်းများစွာကို ဖြတ်သန်း လျက် သဘာဝတရား၏ဒဏ်ကိုကြံ့ကြံ့ခံရင်း ကြီး မားသောဆုံးရှုံးမှုနှင့်အရင်းအနှီးများ ပေးဆပ်ပြီးမှ ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူမျိုးတိုင်းသည် ကိုယ့်အမျိုးသားယဉ်ကျေးမှုကို ကိုယ်တန်ဖိုးထား ဖို့လိုအပ်သည်။ လူမျိုးတစ်မျိုးသည် ယဉ်ကျေးမှု ပျက်စီးလျှင် လူမျိုးလည်း ပျက်သုဉ်းမည်ဖြစ် သည်။ ထို့ကြောင့် အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တိုးတက်ဖြစ်ထွန်း ရေးလုပ်ငန်းသည် အလွန်အရေးကြီးသောလုပ်ငန်း ကြီးတစ်ရပ်ဖြစ်သည်။ လူမျိုးတစ်မျိုး၏ ဂုဏ် ကျက်သရေမှာ ၄င်း၏အမျိုးသားယဉ်ကျေးမှု အပေါ်တွင်အခြေခံလျက်ရှိရာ အမျိုးသားယဉ် ကျေးမှုတန်ဖိုးကျဆင်းလျှင် ထိုလူမျိုး၊ ထိုတိုင်း ပြည်၏ ဂုဏ်ကျက်သရေသည်လည်း ညှိုးနွမ်း ကျဆင်းမည်သာဖြစ်သည်။ နိုင်ငံအသီးသီးတွင် မတူကွဲပြားသော ယဉ်ကျေးမှုအမျိုးမျိုးရှိကြ သည်။ လူတစ်ဦးချင်းလက်ခံကျင့်သုံးသည့် ယဉ် ကျေးမှုများကို ပေါင်းစည်းလိုက်သည့်အခါ လူ့ အဖွဲ့အစည်းတစ်ခု၏ ယဉ်ကျေးမှု ဖြစ်လာသည်။ မြန်မာလူမျိုးများကျင့်သုံးသည်က မြန်မာ့ယဉ် ကျေးမှု၊ အာရှတိုက်သားများ ကျင့်သုံးသည်က အာရှယဉ်ကျေးမှု၊ ဥရောပတိုက်သားများ ကျင့် သုံးသည်က ဥရောပယဉ်ကျေးမှုဟူ၍ဖြစ်လာ သည်။ အာရှတိုက်သားတို့က လူကြီးသူမနှင့်ဆရာ မိဘတို့ကို ကိုယ်ကိုနှိမ့်ပြီး အရိုအသေပေးသည်။ ခေါင်းငုံ့သည်။ ဥရောပတိုက်သားတို့က ခါး ထောက်၍ သူငယ်ချင်းအချင်းချင်း ပြောသည့်ပုံစံ မျိုး ပြောသည်။ အာရှတိုက်သားတို့က တခြား သူကို ဖော်ရွေစွာဖြင့် ကူညီဆောင်မတတ်သည်။ ဥရောပတိုက်သားတို့က ဖော်ရွေမှုကင်းပြီး ကူညီ ဆောင်မမှုနည်းသည်။ မိမိနှင့်မသက်ဆိုင်လျှင် လျစ်လျူရှုသွားတတ်ကြသည်။
အာရှတိုက်နိုင်ငံ များတွင် တစ်လင်တစ်မယားစနစ်ကို တန်ဖိုးထား ကြသည်။ ဥရောပတိုက်တွင် နှစ်ဦးသဘောတူ ကျေနပ်လျှင် ကြိုက်သလောက်ယူနိုင်သည်။ အာရှ တိုက်တွင် မိဘနှင့်သားသမီးများ သိုက်သိုက်ဝန်း ဝန်းနေသော ယဉ်ကျေးမှုဓလေ့ရှိသည်။ ဥရောပ သားတို့က (၁၈)နှစ်ကျော်သည်နှင့် သူ့ဘဝသူ ကျောင်းပြီး မိဘအိမ်မှ ခွဲခွာသောယဉ်ကျေးမှုမျိုး ရှိသည်။ ဤသို့ဖြင့် ယဉ်ကျေးမှုပုံစံများ အမျိုး မျိုးကွဲပြားနေသော်လည်း မိမိလူမျိုးနှင့် အသင့် တော်ဆုံးဖြစ်သည့် အမျိုးသားယဉ်ကျေးမှုကို လူငယ်တိုင်း တန်ဖိုးထားတတ်ဖို့ လိုသည်။
ယဉ်ကျေးမှုနှစ်မျိုး
ယဉ်ကျေးမှုကို ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုဟူ၍ နှစ်မျိုးခွဲနိုင် သည်။ ရုပ်ပိုင်းဆိုင်ယဉ်ကျေးမှုမှာ Civilization နှင့် သက်ဆိုင်ပြီး ကျောက်ခေတ်ကစ၍ လူများ အသိဥာဏ်အဆင့်အတန်းတိုးတက်လာကာ မြို့ပြ တည်ထောင်မှုများပြုလုပ်၊ အချင်းချင်းကူးလူး ဆက်ဆံ၊ အပြန်အလှန် နားလည်မှုများတည် ဆောက်ရာမှ ယဉ်ကျေးမှုအဆင့်အတန်း တိုးမြင့် လာမှုပင်ဖြစ်သည်။ ပြောဆိုနေထိုင်ပြုမူပုံနှင့် ဝတ်စားဆင်ယင်ပုံတို့နှင့် သက်ဆိုင်သည်။ လူရိုင်း ဘဝမှ လူယဉ်ဘဝသို့ ကူးပြောင်းလာမှုဟုလည်း ဆိုနိုင်သည်။ စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုမှာ Culture နှင့် သက်ဆိုင်ပြီး နေထိုင်ရာဒေသများတွင် မည်သို့စိတ်ကူးပုံဖော်ပြီး၊ မည်သို့တီထွင်ကြံဆ နေထိုင်ခဲ့ကြသလဲ၊ ရှင်သန်နေထိုင်မှု ပုံသဏ္ဌာန် များကို ကြားခံအဖြစ်သုံးပြီး မည်သို့ခွဲခြားစိတ်ဖြာ ခဲ့ကြသလဲ၊ ထိုစိတ်ကူးနှင့်ခွဲခြားစိတ်ဖြာမှုများကို မည်သို့ မှတ်တမ်းတင်ခဲ့ကြသလဲ စသည့် ယဉ် ကျေးမှုဖြစ်စဉ်များကို ဖော်ညွှန်းထားခြင်းဖြစ် သည်။ Civilization ကမှ Culture သို့ ဆင်း သက်လာသည်ဟုဆိုကြသည်။ လူသားများစိုက် ပျိုးရေးနည်းပညာကို စတင်သိရှိလာခြင်းသည် လူ့ယဉ်ကျေးမှုကို စတင်မွေးဖွားသန့်စင်ပေးလိုက် ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ထိုကမှတစ်ဆင့် အိမ်ထောင်စုစနစ်၊ တစ်လင်တစ်မယားစနစ် ကျင့် သုံးပြီး ယဉ်ကျေးမှုနိဒါန်းကို ဖွင့်လှစ်နိုင်ခဲ့ကြ သည်။ ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ခြင်းတို့ကို အခြေခံသော ကိုးကွယ်မှုကလည်း လူ့ယဉ်ကျေးမှု ကို ကြီးစွာသက်ရောက်စေခဲ့သည်။ အတွေး အခေါ်အယူအဆများနှင့် တီထွင်ဖန်တီးမှုများက လည်း လူ့ယဉ်ကျေးမှုကို ကြီးစွာသြဇာညောင်းခဲ့ သည်။ ဘာသာစကားဟူ၍ ပေါ်ပေါက်လာရာမှ စာပေဟူ၍ ထွန်းကားလာခဲ့သည်။ စိတ်ကူးပုံဖော် မှုမှတစ်ဆင့် ကဗျာနှင့် ပန်းချီ၊ ပန်းပု လက်ရာများ ထွန်းကားလာခဲ့သည်။ လက်မှုအတတ်ပညာများ ပေါ်ပေါက်ခဲ့ပြီး နောက်ဂီတဟူသော ယဉ်ကျေးမှု ကိုလည်း ဖန်တီးလာခဲ့ကြသည်။ ဤသို့ဖြင့် ခေတ်အဆက်ဆက်ဖြတ်သန်း၍ ယဉ်ကျေးမှု နှစ်မျိုးကို လူတို့ပုံဖော်ဖန်တီးခဲ့ကြသည်။
မြန်မာ့ယဉ်ကျေးမှု
မြန်မာ့ယဉ်ကျေးမှု၏အခြေခံအုတ်မြစ်ဖြစ်သည့် ဟီရိ(အရှက်တရား)နှင့် သြတ္တပ္ပ (အကြောက် တရား)တို့ဖြစ်ပြီး ရိုသေနှိမ့်ချသည့် ဂါရဝတရား၊ နိဝါတတရားတို့လည်း ပါဝင်သည်။ အရှက် တရားလေးပါးတွင် အမျိုးကိုမစောင့်ခြင်း၊ အသက်ကိုမထောက်ခြင်း၊ ရဲရင့်ခြင်းကို မစောင့် ခြင်း၊ ပညာ သတိ အကြားအမြင်ကို မထောက် ခြင်းတို့ပါဝင်သည်။ အကြောက်တရား လေးပါး တွင် ကဲ့ရဲ့ခြင်းကိုကြောက်ခြင်း၊ ဥစ္စာဆုံးရှုံးမည် ကိုကြောက်ခြင်း၊ သေဒဏ်ကိုကြောက်ခြင်း၊ အပါယ်လေးပါးကို ကြောက်ခြင်းတို့ပါဝင်သည်။ မြန်မာ့ယဉ်ကျေးမှုသည် မြန်မာလူမျိုးအများစု ယုံကြည်ကိုးကွယ်သည့် ဗုဒ္ဓဘာသာ၏ အဆုံးအမ များ လွှမ်းမိုးနေသည်ကို တွေ့နိုင်သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါးကို နှလုံးသားထဲ စိမ့်ဝင် စေသည့် ဗုဒ္ဓဘာသာ၏ အဆုံးအမအောက်တွင် မြန်မာတို့၏အမျိုးသားယဉ်ကျေးမှုသည် မြင့်မား ခဲ့သည်ကို တွေ့ရသည်။ မြန်မာလူမျိုးတို့သည်
ဗုဒ္ဓဘာသာယဉ်ကျေးမှုအဆုံးအမဖြင့် ကြီးပြင်း လာခဲ့ ကြရသူများဖြစ်ရာ ကိုယ်၊ နှုတ်၊ စိတ် - သုံးပါးလုံး မရိုင်းစိုင်း၊ မကြမ်းတမ်းသူကိုမှ ယဉ် ကျေးသူဟု သတ်မှတ်ခဲ့ကြသည်။ မြန်မာတို့တွင် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များရှိ သည်။ သင်္ကြန်နှစ်သစ်ကူးအခါတွင် မကောင်းမှု များကိုဆေးကြောသည့်အနေဖြင့် တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးစွာ ရေပက်ကစားကြခြင်း၊ ဘုရား ဆင်းတုတော်များကို ရေသပ္ပာယ်ခြင်း၊ သက်ကြီး ရွယ်အို တို့ကို ရေချိုးခေါင်းလျှော် သန့်စင်ပေးခြင်း၊ ရပ်ထဲရွာထဲတွင် နှစ်သစ်ကူးပရိတ်တရားတော် များ နာကြားခြင်း၊ ဝါဆိုလတွင် ဝါဆိုပန်းခူး ထွက်၍ ဘုရားပုထိုးပူဇော်ခြင်း၊ သံဃာတော် များအား ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ သီတင်း ကျွတ်လတွင် မိဘဆရာသမားများနှင့် လူကြီး သူမများကို ကန်တော့ခြင်းစသည်တို့ ပြုကြ သည်။ ထို့ပြင် မြန်မာ့ရိုးရားယဉ်ကျေးမှု အနု ပညာအဖြစ် ပန်းချီ၊ ပန်းပုစသည့် ပန်း(၁ဝ)မျိုး အနုပညာ၊ ကိုယ်ပိုင်စာပေ၊ ဂီတ၊ ဇာတ်သဘင်နှင့် ရုပ်ရှင် စသည်တို့လည်းရှိသည်။ မြန်မာတို့သည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် နေထိုင်ခဲ့သူများ ဖြစ် သည်။ ခေတ်အဆက်ဆက် မြန်မာများသည် မြန်မာ့ယဉ်ကျေးမှုကို တာဝန်ကျေစွာ ထိန်းသိမ်း ခဲ့ကြသည်။ ယနေ့ခေတ် လူငယ်များ အနေဖြင့် လည်း မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းဓလေ့များကို အလေးအမြတ်ပြု၍ တန်ဖိုးထားထိန်းသိမ်းသွားဖို့ လိုပေသည်။ ပုဂံခေတ် ကျန်စစ်သားမင်းလက် ထက်တွင် သမီးတော် ရွှေအိမ်သည်မင်းသမီး သည် ကုန်သွယ်လှေသင်္ဘောများဖြင့် ပုဂံလောက နန္ဒာမြစ်ဆိပ်သို့ ရောက်လာကြသည့် နိုင်ငံရပ်ခြား ကုန်သည်များထဲမှ ပဋိက္ခရားမင်းသားနှင့်တွေ့ပြီး လူငယ်တို့ဘာဝ ရည်ငံမိခဲ့ကြသည်။ ပဋိက္ခရား ဒေသသည် ယခုခေတ်အနေအထားအရ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ကော်မီလာ(Comilla) ဒေသ အရှေ့ ဘက်ရှိ တစ်ပါရာ (Tipperah) ဖြစ်သည်ဟု သိရ သည်။ ခမည်းတော် ကျန်စစ်သားမင်း နားတော် သို့ပေါက်ကြားသည့်အခါ မှူးမတ်များနှင့် တိုင်ပင် ပြီး''အရှည်သဖြင့် ကုလားပြည်ဖြစ်တော့မည်'' ဟုသုံးသပ်ကာ စောလူးမင်း၏သားစောယွန်းနှင့် ထိမ်းမြားပေးခဲ့သည်။ ရွှေအိမ်သည် မင်းသမီးက လည်း လူငယ်ပီပီ နှလုံးသားရေးကို ရှေ့တန်း မတင်ဘဲ မြန်မာ့ယဉ်ကျေးမှုထုံးဓလေ့တစ်ရပ်ကို တန်ဖိုးထားလေးစားသည့်အနေဖြင့် ခမည်းတော် စကားကိုနားထောင်ပြီး လူမျိုးခြား၊ ဘာသာခြား နှင့် လက်ထပ်ခြင်းမှ ရှောင်ကြဉ်ခဲ့သည်။ မြန်မာ့ ယဉ်ကျေးမှုတန်ဖိုးကို သိရှိလေးစား လိုက်နာနိုင် ခဲ့ခြင်းပင်ဖြစ်သည်။ ယနေ့ခေတ်လူငယ်များ အနေ ဖြင့်လည်း မိမိတို့၏ယဉ်ကျေးမှုတန်ဖိုးကို သိရှိနား လည်ပြီး ဆက်လက်ထိန်းသိမ်းမြှင့်တင်သွားကြဖို့ လိုသည်။
ယနေ့ခေတ်မြန်မာ့ယဉ်ကျေးမှုကို ထိုးဖောက်ဝင် ရောက်နေမှုများ
ယနေ့ခေတ်တွင် နိုင်ငံရပ်ခြားယဉ်ကျေးမှုများ က မြန်မာ့ယဉ်ကျေးမှုကို နေ့စဉ်နှင့်အမျှ ထိုး ဖောက်ဝင်ရောက်လျက်ရှိသည်ကို စိုးရိမ်ဖွယ် မြင်တွေ့နေရသည်။ လူငယ်များ၏ ယဉ်ကျေးမှုကို အပြောင်းအလဲမြန်ဆန်ကြီးမားစေသောအကြောင်း အရင်းများထဲတွင် သတင်းဆက်သွယ်မှုနည်း ပညာနှင့် မီဒီယာစုံ တွင်ကျယ်လာမှုက ရှေ့တန်း တွင် ပါဝင်နေသည်။