images
UN
UN
ကဏ္ဍအသီးသီးတွင် ထိခိုက်မှုများဖြစ်ပေါ်လာသည့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ
ပြည့်ဖြိုးနိုင် Thursday, 31 May 2018
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံဟုအမည်ပေးထားသော မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကို မည်သည့်အချိန်၌ ပြန်လည်ကျင်းပ နိုင်မည်ကို ခန့်မှန်းနိုင်ခြင်းမရှိသေးပေ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ၏ တတိယအကြိမ်မြောက် အစည်းအဝေးကို မူလက ဇန်နဝါရီလ အတွင်း၌ကျင်းပရန် စီစဉ်ထားခဲ့သော် လည်း အကြောင်းကြောင်းကြောင့် ရွှေ့ ဆိုင်းမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရသည်။ နောက်ဆုံးအကြိမ်ရွှေ့ဆိုင်းမှုအဖြစ် မေလ ကုန်ပိုင်းတွင်ကျင်းပရန် စီစဉ်ခဲ့သော် လည်း လက်ရှိအချိန်အထိ ကျင်းပနိုင် ခြင်းမရှိသေးပေ။ ထို့အပြင် တပ်မတော်၊ မြန်မာအစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများထဲ တွင်လည်း ငြိမ်းချမ်းရေးညီလာခံခေါ်ယူ မည်ဟု ထင်ထင်ရှားရှားသတ်မှတ်နိုင် သည့်လက္ခဏာရပ်များကို မြင်တွေ့ရခြင်း မရှိသေးပေ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကျရှုံးသည်ဟုသတ်မှတ်နိုင်သော အခြေ အနေများနှင့် ကြုံတွေ့လာရခြင်းမှာ ဆယ်စုနှစ်ခြောက်ခုကျော်ကြာမြင့်လာပြီ ဖြစ်သော မြန်မာနိုင်ငံ၏ပြည်တွင်းစစ်ပွဲ များအား ရပ်တန့်နိုင်မည်ဟု အများက မျှော်လင့်ခဲ့ကြသည့် မြန်မာအစိုးရအဖွဲ့၏ တရားဝင်မဟုတ်သောခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသည့် နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ချမှတ်ကျင့်သုံးခဲ့သည့် မူဝါဒ များကြောင့်ဟု ဆိုနိုင်သည်။ ၂ဝ၁၆ခုနှစ် နှင့် ၂ဝ၁၇ခုနှစ်များအတွင်း၌ ကျင်းပခဲ့ သောညီလာခံများတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများထဲ၌ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်စေသည့်အကြောင်း အရာများ ပါဝင်လာခဲ့ခြင်းက ငြိမ်းချမ်း ရေးညီလာခံအား ဆက်လက်ကျင်းပရန် နှောင့်နှေးစေခဲ့သည့်အကြောင်းအရင်းများ ဖြစ်လာခဲ့သည်။ မြန်မာအစိုးရအဖွဲ့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ်တွင် လက်မှတ် ရေးထိုးရခြင်းမရှိသေးသော အဖွဲ့များအား ပါဝင်လက်မှတ်ရေးထိုးရေးကို ဦးစားပေး မူဝါဒအဖြစ် သတ်မှတ်ထားသည်။ သို့ သော် လက်မှတ်ရေးထိုးရခြင်းမရှိသေး သည့်အဖွဲ့များက လက်နက်ကိုင်လမ်းစဉ် အားစွန့်လွှတ်ရမည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာချုပ် တွင် လက်မှတ်ရေးထိုးခြင်းမပြုလုပ်မီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် အဓိကကျသည့်အခြေခံများကို ဖန်တီးခြင်း သို့မဟုတ် သဘောတူညီမှု ရယူခြင်းများ ပြုလုပ်ရန်လိုအပ်မည်ဟု ယူဆလျက်ရှိကြသည်။ အဆိုပါယူဆ ချက်အတိုင်း လက်တွေ့ဆောင်ရွက်လျက် ရှိသောကြောင့် ရှေ့မတိုးသာ နောက် မဆုတ်သာအခြေအနေများ ပေါ်ထွက်လာ ခဲ့ခြင်းဖြစ်သည်။
မတ် ၂၇ ရက်က ကျင်းပခဲ့သော တပ်မတော်နေ့အခမ်းအနားတွင် တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က တပ်မတော် အနေဖြင့် ၂ဝဝ၈ခုနှစ်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပကာ အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ် စောင့်ရှောက်ရမည့် တာဝန်ရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က ၂ဝဝ၈ အခြေခံဥပဒေဖွဲ့စည်းပုံသည် ဖက်ဒရယ် စနစ်အသွင်တည်ဆောက်နိုင်ရန် ရည်ရွယ် ခြင်းမရှိဘဲ တစ်ပြည်ထောင်စနစ်တည် ဆောက်လိုသည့် ရည်ရွယ်ချက်မျိုးရှိ ကြောင်း သတ်မှတ်လျက်ရှိသည်။
ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လက်နက်ကိုင် လမ်းစဉ်စွန့်လွှတ်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ဖျက်သိမ်း ခြင်းနှင့် ပြန်လည်ပေါင်းစည်းနေရာချ ထားခြင်းများပါဝင်သည့်လုပ်ငန်းစဉ်များ ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြော ကြားခဲ့ဖူးသည်။ တပ်မတော်နှင့်အစိုးရ အဖွဲ့ကြားတွင် သဘောထားကွဲလွဲမှုများ ရှိနေခြင်းကလည်း အနာဂတ်တွင်ရှုပ် ထွေးမှုများ ပိုမိုဖြစ်ပေါ်လာစေဖွယ်ရှိ သည်။ နိုင်ငံတော်သမ္မတရာထူးအား လက်ခံရယူခဲ့ပြီးနောက် ပထမဆုံးပြော ကြားခဲ့သည့်မိန့်ခွန်းအတွင်း၌ လက်ရှိ မြန်မာနိုင်ငံတော်သမ္မတက ဦးစားပေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအတွင်း၌ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံဥပဒေ အား ပြင်ဆင်မည့်လုပ်ငန်းစဉ်လည်း ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရအဖွဲ့လက်ထက်ကကျင့်သုံးခဲ့သော မူဝါဒများအား ဆက်ခံခဲ့ကြောင်းတွေ့ရ မည်ဖြစ်သည်။ ၂ဝ၁၅ခုနှစ် အောက်တို ဘာလအတွင်း၌ သမ္မတဦးသိန်းစိန်ခေါင်း ဆောင်သည့်အစိုးရအဖွဲ့၏ကြိုးပမ်းမှု ကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှုစာချုပ်တွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။ ပါဝင်လက် မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များထဲ၌KNU ၊ DKBA နှင့်RCSS/SSA အဖွဲ့များသာ လက်နက် ကိုင်တပ်ဖွဲ့များကို ပိုင်ဆိုင်ထားကြပြီး အခြားအဖွဲ့များမှာမူ လက်နက်ကိုင်အဖွဲ့ ပုံစံထက် အစိုးရမဟုတ်သည့် သီးခြား အဖွဲ့အစည်းမျိုးအသွင်သာရှိနေသည့်အဖွဲ့ များဖြစ်သည်။ ဖေဖော်ဝါရီလအတွင်း၌ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက် တစ်အစည်းအရုံးတို့သည်လည်းတစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူညီမှုစာချုပ်တွင် ပါဝင်လက်မှတ်ရေး ထိုးခဲ့သည်။
(Ref; Myanmar Peace Process Being Destroyed On Multiple Fronts By Bertil Litner)
(ဆက်လက်ဖော်ပြပါမည်)