images
UN
UN
ကျောင်းပြင်ပ မူလတန်းပညာရေးဗဟိုအဆင့် နည်းပြသင်တန်းဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲကျင်းပ
Tuesday, 19 June 2018
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်းအစီအစဉ် ဗဟိုအဆင့် နည်းပြသင်တန်းဖွင့်ပွဲနှင့် အလှူငွေ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉နာရီ က ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ကျောင်း ပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (တာဝန်) ဒေါက်တာဇော်ဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာ တတ်မြောက်ရေး အထောက်အကူ ပြုပင်မဌာန(MLRC)ဥက္ကဋ္ဌဆရာ ကြီး ဒေါက်တာသန်းဦးနှင့် အငြိမ်း စားပညာရှင်များ၊ ဗဟိုအဆင့်နည်း ပြများ၊ သင်တန်းသားသင်တန်း သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကျောင်း ပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (တာဝန်) ဒေါက်တာဇော်ဝင်းက အမှာစကားပြောကြားပြီးမြန်မာနိုင်ငံ စာတတ်မြောက်ရေးအထောက်အကူ ပြုပင်မဌာန (MLRC) ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာသန်းဦးက ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်းစဉ်ကြောင့် ပညာသင်ယူ ခွင့်မရခဲ့ရှာသော ကလေးပေါင်း ခုနစ်သောင်းကျော်သည် အလယ် တန်းပညာသို့ ဆက်လက်ကူးပြောင်း သင်ယူခဲ့ကြပြီး ပြီးခဲ့သည့် သုံးနှစ် အတွင်း တက္ကသိုလ်ဝင်တန်းစာမေး ပွဲကို နှစ်ချင်းပေါက်အောင်မြင်သူ ၁၉ဦးအထိ ကြည်နူးဝမ်းမြောက် ဖွယ်ရှိခဲ့ကြောင်း ယခုနှစ်အောင်မြင် သူ ၁၄ ဦးအနက် တစ်ဘာသာ ဂုဏ်ထူးရှင်လေးဦးနှင့် နှစ်ဘာသာ ဂုဏ်ထူးရှင်တစ်ဦးတို့ ထူးချွန်စွာ အောင်မြင်ခဲ့၍ MLRC အငြိမ်းစား ပညာရှင်များ ၁ဝ နှစ်တာကာလ ကြိုးစားအားထုတ်မှုများကြောင့် ပညာလမ်းပျောက်ခဲ့သူကလေးများ ယခုလို ထွန်းပေါက်အောင်မြင် လာခြင်းအတွက် များစွာအားရ ကျေနပ်မိပါကြောင်း၊ ယခုအခါ ဤလုပ်ငန်းစဉ်ကို ပညာရေးဝန်ကြီး ဌာန ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ရာမှာလည်း (MLRC)မှ အငြိမ်းစားပညာရှင်များ ယခုလို ပူးပေါင်းပါဝင်ကူညီဆောင် ရွက်ခွင့်ရသည့် ကုသိုလ်ကိုလည်း အလေးအမြတ်တန်ဖိုးထားကြောင်း ပြောကြားသည်။
ထို့နောက် မူလတန်းပညာရေး ပြီးမြောက်ရန် တစ်နှစ်သာကျန်ရှိ နေသေးသော မြို့နယ်များမှ ကလေး ၂၆၃ဦးတို့အတွက် အလှူ ငွေကျပ်သိန်း ၅ဝကို Famous International Group of Companies ဥက္ကဋ္ဌ ဦးကျော်ဆွေက လည်းကောင်း၊ မန္တလေးမြို့ မျက်စိ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဝင်းလှိုင်(လူမှုရေးဝန်ကြီး-ငြိမ်း) က အလှူငွေကျပ် ၇၅ သိန်းတို့ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ စာတတ်မြောက်ရေးအထောက် အကူပြုပင်မဌာနဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာဦးသန်းဦး၊ညွှန်ကြားရေး မှူးချုပ်(တာဝန်)ဒေါက်တာဇော်ဝင်း၊ ဒုတိယဥက္ကဋ္ဌဆရာကြီးဒေါက်တာ တင်ညိုတို့က လက်ခံရယူပြီး ဂုဏ် ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ခဲ့သည်။
ဗဟိုအဆင့် (ပထမနှစ်ဝက်) နည်းပြသင်တန်းအား ယမန်နေ့မှ ၂၄ ရက်အထိ ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းခန်းမတွင် ကျောင်း ပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံစာတတ် မြောက်ရေး အထောက်အကူပြု ပင်မဌာန(MLRC) အငြိမ်းစား ပညာရှင်များ ပူးပေါင်းဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။