images
UN
UN
ပညာနှင့်တူသော အလင်း
ချစ်နိုင်(စိတ်ပညာ) Tuesday, 19 June 2018

မန်းတက္ကသိုလ်
ရတနာပုံသတင်းစာတွင် တနင်္လာနေ့တိုင်း စာရေးသူကဆောင်းပါးရေးလေ့ရှိသည်။ အကြောင်း မညီညွတ်သောတစ်ခါတစ်ရံမှအပ အပတ်စဉ်မှန် မှန်ရေး၍ပေးသည်။ စာမူခကို နှစ်လ၊ သုံးလ စုပြီးမှ ယူလေ့ရှိသည်။ ဒီဇင်ဘာ နီးပြီဆိုတော့ မိမိစာမူခသုံးလေးလစာစုထားသမျှ မန္တလေး တက္ကသိုလ်စိတ်ပညာဌာနသို့ အာစရိယပူဇော်ပွဲ အတွက် သွားရောက်ထည့်ဝင်လှူဒါန်းပေးပါဟု သတင်းစာတိုက်ကို အကူအညီတောင်းရသည်။ သူတို့ကကူညီပေးခဲ့ကြပါ၏။ အဝေးမှသာ ကန် တော့ရပါတော့သည်။
မန္တလေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ်သို့ ၁၉၆၆ ခုနှစ်တွင် စိတ်ပညာအဓိကဘာသာယူ၍ ဝင်ခွင့် ရသည့်အတွက် မွေးရပ်မြေမှနွားလှည်းဖြင့်လမင်း ထိန်ထိန်သာသော ညဥ့်ဦးယံ၌ ထွက်ခဲ့ရသည်။ ရွာမှကားလမ်းရှိရာသို့ နှစ်မိုင်ခန့်လာရသည်။ကား လမ်း၊ လှည်းလမ်းဆုံရာသို့ ရောက်သောအခါ မိမိကိုယ်ကိုမြေပြင်တွင်ဝပ်တွားကာ ဦးသုံးကြိမ် ချကန်တော့သည်။ အဖေက 'ကျန်းမာပါစေ၊ ချမ်းသာပါစေ'ဟု ဆုတိုတိုပေးသည်။ မီးရောင် ဝင်းဝင်းနှင့် မြသုံးလုံးချောက်- မန္တလေးအဝေး ပြေးကားကြီးဆိုက်ရောက်လာတော့ သံသေတ္တာ လေးကို ခေါင်မိုးပေါ်ရှိ ဝက်ခြံပေါ်တင်ပေးပြီး ကားပေါ်တက်လိုက်ခဲ့သည်။ ထိုင်ခုံနံပါတ် (၆)၊ ချောက်မြို့က ထွက်သည့်ကား။
နံနက် ၆ နာရီရောက်တော့ မန္တလေးမြို့ အဝင် ဆယ့်တစ်မှတ်ရဲစခန်းနှင့် ဆီစက်ရှေ့ကား ဆိုက်ပြီ။
''မောင်မယ်သစ်လွင်တွေပါရင် ဒီမှာဆင်း ပါ''
''မောင်မယ်သစ်လွင်တွေကို ဒီမှာကြိုဆိုနေ ပါတယ်''
ဘာမှန်းမသိ၍ ဆက်ပြီးအိပ်ငိုက်နေမိစဉ်-
''တက္ကသိုလ်တက်မယ့်သူ မပါဘူးလား''ဟု ထပ်ခါထပ်ခါမေးလာမှ ကမန်းကတန်းလန့်နိုး သွားကာ-
မောင်မယ်သစ်လွင်
''ပါတယ်ဗျို့၊ ပါတယ်ဗျို့''အော်ဟစ်ပြီး ကားပေါ်မှ ခုန်ဆင်းလိုက်၏။ သြော်... မောင် မယ်သစ်လွင်ဆိုတာ ငါပါပဲလား။
မန္တလေးဝိဇ္ဇာသိပံ္ပတက္ကသိုလ်၊ မန္တလေးဆေး တက္ကသိုလ်တို့ကိုတက်မည့် အနယ်နယ်အရပ်ရပ် မှ လာကြသော မောင်မယ်သစ်လွင်အားလုံးကို ကားဂိတ်၊ ရထားဘူတာစသည်တို့မှ တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် စီနီယာကျောင်းသား၊ ကျောင်းသူဟောင်းများက စေတနာ့ဝန်ထမ်းလုပ် အားပေးကာ အာတီစီကားပြာကြီးများ (ကုန်းလမ်း ပို့ဆောင်ရေးမှ တီအီးအလဲဗင်း)ဖြင့် သက်ဆိုင်ရာ အဆောင်အရောက်နေရမည့် အခန်းအရောက် လိုက်ပို့နေရာချပေးကြသည်။ စနစ်လည်းကျလှ သည်။ စေတနာလည်း ကောင်းကြသည်။ မန္တလေးမြို့ဆိုတာ ဤသို့နွေးထွေးလှိုက်လှဲယဉ် ကျေးတာကိုးဟု အသည်းထဲမှ လေးစားချစ် ခင်ကြည်ညိုခဲ့ရ၏။
မိခင်မန်းတက္ကသိုလ်သည် စာရေးသူကို ဤကဲ့သို့ ပွေ့ဖက်ထွေးပိုက်ကာ ကြိုဆိုခဲ့သည်မှ အစ ရေးပြ၍ မကုန်နိုင်လောက်အောင် ကျေးဇူး ကြီးမား၏။

မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင် ပါမောက္ခချုပ်ဆရာကြီးဦးဘတုတ်၏အမှာစကား ကို နာယူရသည်။ စိတ်ပညာမောင်မယ်သစ်လွင် ကြိုဆိုပွဲတွင် ပါမောက္ခဆရာကြီးဒေါက်တာစိန် တူ၏သြဝါဒကို ခံယူရသည်။ စိတ်ပညာအဓိက ဖြင့် မန္တလေးတက္ကသိုလ်သို့ပညာသင်ယူခွင့်ရကြ သည့် တက္ကသိုလ်ဝင်တန်းအောင်ခဲ့သူများသည် ဦးရေ ၈ဝသာရှိ၏။ ရန်ကုန်တက္ကသိုလ်စိတ်ပညာ ဌာနကလည်း ဦးရေ ၈ဝ ပဲ လက်ခံ၏။ မိမိ၏ ခုံနံပါတ်မှာ ၁စ-၂၄ ဖြစ်၏။ တက္ကသိုလ်ဝင်တန်း စာမေးပွဲရမှတ်အများ၊ အနည်းအရ ရှေ့နောက် စဉ်ပြီး ခုံအမှတ်ပေးကြောင်း သိရ၏။
နောက်နှစ်နောင်နှစ်များတွင်လည်း စာမေးပွဲ ရမှတ်နှင့်သာစဉ်မည်ဟု သိရ၏။ ကျောင်းစာ ကိုသာ စိတ်ပါဝင်စားစွာ ကြိုးစားဆည်းပူးမည် ဟု ဆုံးဖြတ်၏။ သို့ဖြစ်၍ ခုံအမှတ်စဉ် တစ်နှစ် ပြီးတစ်နှစ် ရှေ့သို့တိုးလာခဲ့၏။ ပထမနှစ် ၁စ-၂၄(စ-စိတ်ပညာ)၊ ဒုတိယနှစ်၂စ-၁၃၊ တတိယ နှစ် ၃စ-၇၊ စတုတ္ထနှစ် ၄စ-၄ စသည်တို့ဖြစ် သည်။
ပြောင်းလဲ
နောက်ဆုံးနှစ်(၁၉၇ဝပြည့်နှစ်) အောင်စာရင်း ထွက်သောအခါ မိမိသည် Grade-5 သုံးဘာသာ၊ Grade-4 တစ်ဘာသာဖြင့် အဆင့်ပထမ(ခုံအ မှတ်-၁)ရရှိပြီး အောင်မြင်ခဲ့ပါတော့၏။ ဆရာ၊ ဆရာမများ၏ သင်ကြားမှုများသာမက ရာဇတ် ခန်းမတွင်ရှိသော တက္ကသိုလ်စာကြည့်တိုက်ရှိ စာ အုပ်ပေါင်းများစွာကလည်း မိမိ၏ အတွေးအခေါ်၊ အသိအမြင်ကို သိသာစွာ ပြုပြင်ပြောင်းလဲ ပေး လိုက်ပေပြီ။
အိမ်ခြေနှစ်ရာမျှသာရှိသော ကျေးရွာလေးမှ တောသားလေးတစ်ဦးသည် မန္တလေးယဉ်ကျေးမှု ဗဟိုအချက်အချာ ရွှေမြို့တော်တွင် လေးနှစ်တာ ကာလဖြတ်သန်းရသောအခါ မြန်မာ့စိတ်ထား၊ မြန်မာ့ဇာတိမာန် ပိုမိုရင့်သန်ခဲ့ရပါတော့သည်။ နှင်းများဝေသောဆောင်းနံနက်ခင်း၏စနေ၊တနင်္ဂနွေ နှင့်ကျောင်းပိတ်ရက်တိုင်းနံနက် ၄ နာရီခွဲထပြီး ကျုံးတစ်ပတ်လမ်းလျှောက်မြဲဖြစ်၏။ ရွှေပြည် အေးကျောင်းဆောင်မှ အသွားအပြန်ဖြစ်၍ ၁ဝ မိုင်ခန့် ရှိပါလိမ့်မည်။ ကျုံး၊ မြို့ရိုး၊ ပြအိုး၊ ပစ္စင်၊ ရွှေနန်းတော်နေရာအုတ်ခုံတို့က မိမိကိုမျိုးချစ်စိတ် ထက်သန်အောင်ပျိုးထောင်ဆွဲဆောင်ခဲ့လေသည်။
မန္တလေးတက္ကသိုလ်လေးနှစ်တာကာလသည် အသက် ၁၈နှစ်မှ ၂၂ နှစ်အတွင်း လူငယ် ဘဝအဓိကကျေးဇူးရှင်များဖြစ်ပေတော့သည်။ ဆပ်၍ မကုန်နိုင်အောင် ကျေးဇူးတင်နေမိတော့ သည်။ အာစရိယပူဇော်ပွဲများကို နှစ်စဉ် နှစ်တိုင်း ပါဝင်ကန်တော့ပါ၏။ ဆရာကြီးတက္ကသိုလ်ဘုန်း နိုင် (ဦးခင်မောင်တင့်၊ မန္တလေးတက္ကသိုလ်စိတ် ပညာဌာနကို ပထမဦးဆုံးစတင်တည်ထောင် ခဲ့သူ)၊ ဆရာကြီးဒေါက်တာစိန်တူ(မိမိဆရာ ရင်းပါမောက္ခ)၊ ဆရာကြီးဒေါက်တာကျော်စိန် (မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်တာဝန်ထမ်း ဆောင်သွားခဲ့သူ) အငြိမ်းစားဆရာကြီးများကို နှစ်စဉ်နှစ်တိုင်း ဖိတ်ကြားကာ အာစရိယပူဇော်ပွဲ ပါဝင်ကန်တော့ခဲ့ကြရသည်ကို ကြည်နူးမဆုံးပါ။
မိမိ၏ ဘဝတစ်လျှောက်လုံး နိုင်ငံနှင့်လူမျိုး အတွက် အကျိုးရှိရာရှိကြောင်း တာဝန်များထမ်း ဆောင်နိုင်ခဲ့ခြင်းကား ဆရာကြီးများ၏ ကျေးဇူး တရားပေတည်း။
မိခင်တက္ကသိုလ်
ကံကောင်းသည်ကား မန္တလေးတက္ကသိုလ် တွင် လေးနှစ်မျှ ပညာရိပ်ခိုလှုံခွင့်ရခြင်းပါ။ မိမိ တို့၏ ရှေ့တွင်လည်း စာပေ၊ကဗျာဖြင့် အနုပညာ အရာတွင် မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်သည် ဂုဏ်ရောင်ထွန်းပြောင်ခဲ့ပါ၏။
မန္တလေးမြို့၏ ပန်းချီ၊ ဂီတ၊ စာပေ၊ အနုပ ညာ၊ ဘာသာရေးထွန်းကားမှုများသည် ဖော်ပြ ၍ မဆုံးနိုင်ပေ။ ဤအချက်များက မိမိကိုယ်ကို ယုံကြည်မှုရှိစေသည်။ အားတက်စေသည်။ ကြိုး စားဆည်းပူးချင်အောင် အမြဲတစေ လှုံ့ဆော်နေ သည်။
ပညာသမာ အာဘာနတ္ထိ၊ ပညာနှင့်တူ သော အလင်းရောင်သည်မရှိဟု ကိုယ်တွေ့မျက် မြင်သဘောပေါက်နားလည်စေခဲ့၏။ မန္တလေး တက္ကသိုလ်ဆင်း တက္ကသိုလ်ကျောင်းသားဟောင်း ဖြစ်ခဲ့ရခြင်းကို ဂုဏ်ယူ၍ မဆုံး။
အထက်တန်းကျောင်းသားဘဝလောက်ကစ၍ တက္ကသိုလ်တက်ဖူးချင်သည်။ တက္ကသိုလ်ကို ရောက်ဖူးချင်သည်။ ငါးတန်းကျောင်းသားအရွယ် က မန္တလေးသို့ရောက်ဖူးသည်။ အစ်ကိုဝမ်းကွဲက လိုက်ပြသဖြင့် မန္တလေးတက္ကသိုလ်ဝင်းတစ်ခုလုံး ကို အရှေ့၊ အနောက်၊ တောင်၊ မြောက်နယ်နိမိတ် အဆုံး စက်ဘီးရှေ့ဘားတန်းတွင်ထိုင်ပြီး ရောက်ခဲ့ ဖူး၏။ ရာဇာတ်ခန်းမမြေညီထပ်ရှိ ရေခဲရေထွက် သောရေပိုက်ကို တအံ့တသြဖြစ်ခဲ့ရ၏။ ခုနစ်တန်း ကျောင်းသားဘဝတွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ခဲ့ဖူး၏။ အစ်ကိုဝမ်းကွဲကျောင်းဆရာက အဓိပတိလမ်းနှင့်ဘွဲ့နှင်းသဘင်အဆောက်အအုံအထိ လိုက်ပို့ပြီးပြသခဲ့၏။ ''ဆယ်တန်းအောင်ရင် မင်း ရောက်ရမယ့်နေရာပဲကွ''ဟုပြောပြ၏။ စိတ်ပညာ ဘွဲ့လွန်သင်တန်း(စိတ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း) နှစ်နှစ်တက်ရသောအခါမှ ရန်ကုန်တက္ကသိုလ် ရာမညဆောင်တွင် ပညာသင်ယူရ၏။
ဆရာတက္ကသိုလ်ဘုန်းနိုင်ရေးသော ဝတ္ထုများ က မိမိတို့ဆယ်ကျော်သက်အရွယ်တွင် အလွန်ဖမ်း စား၏။ ဆရာ့ဝတ္ထုထဲတွင် ဆင်းရဲသောမိဘ၏ စာတော်သောကျောင်းသား တက္ကသိုလ်တွင် ပညာ ကြိုးစားပုံ၊ ဆရာဝန်၊ ပါမောက္ခ၊ စစ်ဗိုလ်စသည့် အောင်မြင်မြင့်မားသူများဖြစ်လာကြပုံများကို ဖတ် ရတတ်သည်။
နှင်းရက်ကြွေစော
သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်
ဤမြေမှသည်
စိမ်းနေဦးမည့် ကျွန်တော့်မြေ
ကမ္ဘာကုန်ကျယ်သရွေ့ဝယ်
မိုးညအိပ်မက်မြူ
မုန်းရစ်လေဦး
တက္ကသိုလ်အငွေ့အသက်
ဆရာရေးဖွဲ့ခဲ့သော တက္ကသိုလ်ကျောင်းသားများ ဘဝသည် အားကျစရာကောင်းခဲ့၏။ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ပညာအလှ (သစ္စာတရား)နှင့် စိတ်အလှ(သိက္ခာသမာဓိ)ကို လေးစားအတုယူချင်စရာ မြင်တွေ့ရလေ့ရှိ၏။
တက္ကသိုလ်နောက်ခံသီချင်းများကလည်း မိမိ တို့ ဂီတဝါသနာရှင်များကို တက္ကသိုလ်ရောက်ချင် စိတ်ထက်သန်အောင် သွယ်ဝိုက်သောအားဖြင့် ဆွဲ ဆောင်စည်းရုံးရာရောက်ခဲ့ပါချေ၏။ ဆရာကြီး ပါမောက္ခဒေါက်တာဦးခင်အေးလည်းတေးချစ်သူ၊ သီချင်းဝါသနာရှင်ဖြစ်သဖြင့် မှတ်မှတ်သားသားရှိ လေသည်။ ဆရာကြီးရေးသောဆောင်းပါးတစ်ပုဒ် ထဲတွင် တက္ကသိုလ်အရိပ်အငွေ့ပါသော တေးသီချင်း များကို ထည့်သွင်းဖော်ပြထားသည်ကို ဖတ်ရ သည်။ သာဓကအချို့ ကောက်နုတ်တင်ပြပါ ရစေ။
၁။ စန္ဒရားချစ်ဆွေ ချစ်သူဝေးဝေးသွားပါနဲ့ လားကွယ်
၂။ စန္ဒရားချစ်ဆွေ အင်းယားအမှာတော်ပုံ
၃။ စီလေး မေတ္တာကန်မွန်
၎။ ကိုမင်းနောင် တက္ကသိုလ်ကျောင်းသူ တစ်ဦး
၅။ ညွန့်ညွန့်ခိုင် ဂုဏ်ယူရတာအမော ပဲရှင်
၆။ ချစ်စံပယ် ကိုရွှေချော
၇။ တွံတေးသိန်းတန် ချစ်ရက်ရှည်ရှည် အင်းယားမြေ
၈။ ကိုသန်းလှိုင် ကံ့ကော်မြိုင်တန်း
၉။ သန်းဖေလေး တက္ကသိုလ်မှ ဇာတ် လမ်းတစ်ပုဒ်
၁ဝ။ ကိုမြသိန်း တက္ကသိုလ်မှာဝေတဲ့နှင်း
၁၁။ သန်းသန်းရှိန် တက္ကသိုလ်နန်း (တက္ကသိုလ်ဘုန်းနိုင်ရေး)
၁၂။ ချိုပြုံး တက္ကသိုလ်ကျောင်းက ငွေလမင်း
၁၃။ ကိုမြသိန်းနှင့်အဖွဲ့ မြကျွန်းညိုညို တက္ကသိုလ်
အစရှိသည့် တေးသီချင်းများဖြစ်ကြသည်။
ပြင်ပလောက
တက္ကသိုလ်ပညာကို လူတိုင်းဆည်းပူးသင်ယူ ခွင့်မရကြပါ။ တက္ကသိုလ်မတက်ဖူးဘဲ ပြင်ပ လောကတွင် အောင်မြင်ကြီးပွားထင်ရှားနေကြ သူများ၊ ထိပ်ဆုံးရောက်နေကြသူများလည်းရှိ၏။ ကိုယ့်အားကိုယ်ကိုး ကြိုးစားလျှင်လည်း ထူးချွန် ပေါက်မြောက်နိုင်သည်။ မှန်၏။
မြန်မာစာပေ နှစ်ဆယ်ရာစု ခေတ်သစ်စာပေ ကို လမ်းဖောက်ထူထောင်သူများအနက် ဆရာ ကြီးရွှေဥဒေါင်းနှင့် ဆရာကြီးပီမိုးနင်းတို့သည် တက္ကသိုလ်မတက်ဖူးခဲ့ကြပါပေ။ ဆရာကြီးရွှေဥ ဒေါင်း၏ စွမ်းဆောင်ချက်ရေးသားခဲ့သမျှသော ဘာသာပြန်၊ မှီငြမ်း၊ ကိုယ်တိုင်ဖန်တီးမှုစာပေ များကို ဘွဲ့ယူစာတမ်းတင်မည်ဆိုပါက ပီအိတ်ခ်ျ ဒီဒေါက်တာဘွဲ့ပင် ရလောက်၏။
ဆရာကြီးပီမိုးနင်းသည် ဝတ္ထု၊ ဆောင်းပါး၊ ဘာသာပြန်၊ စာမျိုးစုံစာအုပ်ပေါင်း ၆ဝဝ ကျော် ရေးသားပြုစုခဲ့သူဖြစ်သည်။ တက္ကသိုလ်တော့ မတက်ဖူးပါ။ ဘွဲ့မရခဲ့ပါ။
စာရေးဆရာ ရန်ကုန်ဘဆွေ၏စာများကို စာရေးသူက အလွန်နှစ်သက်ခဲ့သည်။ သေသော် မှတည့်သြော်ကောင်း၏၊ ချီလေသော်လည်း၊ တိုက်ယူရသည့် မျက်ရည်တစ်ပေါက်၊ ချစ်ဇနီး သို့၊ သီကုံးပန်းသွင် ရေးဖွဲ့ချင်သော် ၊ ရွှေဝါပြည် စသည့်စာအုပ်များကို စွဲမိခဲ့၏။ ဆရာရန်ကုန်ဘ ဆွေသည် တက္ကသိုလ်မဆိုထားနှင့် အလယ်တန်း၊ မူလတန်းပင် ကျောင်းဟူ၍လုံးဝမနေဖူးခဲ့ချေ။ အံ့သြစရာ။ ထူးခြားထူးချွန်သူပါပေ။ အစ်ကိုဖြစ် သူက စာရေးစာဖတ်သင်ပေးသည်။ အင်္ဂလိပ်စာ ကိုလည်း မိမိကိုယ်တိုင်ကျက်မှတ်သင်ယူကာ စာအုပ်ပေါင်းများစွာအဘိဓာန်ချပြီးဖတ်ခဲ့၏။ အများ လေးစားရသောစာရေးဆရာကြီးလည်းဖြစ်လာခဲ့၏။