images
UN
UN
ကျိုက်ထိုမြို့နယ်တွင် မှုခင်းအသိပညာပေး ဟောပြောပွဲပြုလုပ်
နိုင်နိုင်(မွန်) Thursday, 05 July 2018
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာရှိ အထက(မုပ္ပလင်)၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက မှုခင်းအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ သိမ်ဇရပ်နယ်မြေရဲစခန်းမှူး ရဲအုပ်တင်အောင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၇၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ကျိုက်ထိုတပ်စိတ်မှ ရဲတပ်ကြပ်ကြီးမောင်ရွှေနှင့် ဒုတပ်ကြပ် နောင်ထည်ဝါ၊ အထက(မုပ္ပလင်)ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဝင်းနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ မုပ္ပလင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးလွင်၊ ကျေးရွာရဲကင်းစခန်းမှူးရဲအုပ်လင်းသူအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း ၃၆ဝ ခန့် တက်ရောက်ကြသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဝင်းနှင့် ကျေးရွာအုပ်ချုပ် ရေးမှူး ဦးမျိုးလွင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး ရဲအုပ်တင်အောင်စိုးက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ လည်းကောင်း၊ တပ်ကြပ်ကြီးမောင်ရွှေနှင့် ဒုတပ်ကြပ်နောင်ထည်ဝါတို့က ယာဉ်/လမ်း စည်းကမ်းနှင့်ပတ်သက်၍လည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများအား ယာဉ်/လမ်းစည်းကမ်းနှင့်ပတ်သက်သည့် လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။