images
UN
UN
လူမျိုးတစ်မျိုး အဆင့်အတန်းနိမ့်လာပြီဆိုရင် ရန်သူကို ရန်သူမှန်းမသိဖြစ်တတ်တယ်
အမတ်ဒိန် Thursday, 05 July 2018
စာကြည့်တိုက်အတွင်းသို့ အရပ်ခပ်ပုပု၊ အသားညိုညို၊ ပေါ်ပလင် လည်ကတုံးရှပ်ဖြူ ပေါ်တွင် ရှမ်းတိုက်ပုံပင်နီရောင်ကို ဝတ်လျက် ပုဆိုးဖြူ၊ နက်၊ ကွက်စိပ်ဖြင့် အသက်ခုနစ်ဆယ် ခန့်ပုဂ္ဂိုလ်ကြီးတစ်ဦးဝင်လာသည်။လုပ်ရိုးလုပ်စဉ် အတိုင်းပင် ကျွန်တော်က ခရီးဦးကြို၍ ထိုင်စရာ ပေးသည်။ ဓာတ်ဘူးထဲမှ အကြမ်းရည်ကို ဖန်ခွက် တွင်ထည့်ကာ ထိုပုဂ္ဂိုလ်ကြီးကို လောကွတ်ပြု လိုက်သည်။
''ဘာများ အကူအညီပေးရမလဲခင်ဗျာ''
ပုဂ္ဂိုလ်ကြီးက ''ဘာအကူအညီမှ မလိုပါဘူး ကွာ မောင်ရင်နဲ့စကားပြောချင်လို့''
ကျွန်တော်စိတ်ဝင်စားသွားသည်။
''ကျွန်တော့်ကိုသိလို့ပါလားခင်ဗျာ။ ဦးက ဘယ်သူပါလဲ''
''ကိုယ်က စစ်ကိုင်းဦးဘိုးသင်းပါကွ''
''ဗျာ ဦးက စစ်ကိုင်းဦးဘိုးသင်း''
သည်တော့မှ သေသေချာချာကြည့်မိသည်။ သည်မဟာနဖူး၊ သည်ကတုံးဆံတောက်ပေါ်မှ ဆံပင်ဖြူများ၊ နှာတံသွယ်သွယ်အောက်မှ နှုတ် ခမ်းမွေးရေးရေးများနှင့် ဆရာကြီးကို ကျွန်တော် မှတ်မိသွားသည်။
''ကျွန်တော့်ကို ဘာပြောချင်လို့ပါလဲခင်ဗျာ''
''မောင်ရင့်ကိုပြောချင်တယ်ဆိုတာထက် ဒီ ကနေ့ မြန်မာပြည်ရဲ့ နိုင်ငံရေးကိုပြောချင်တာ''
ဆရာကြီးက စကားစကိုရပ်ကာ ရေနွေးဖန် ခွက်ကိုယူ၍ တစ်ရှိုက်မျှသောက်သည်။ ဆရာကြီး က သည်ကနေ့ မြန်မာပြည်၏နိုင်ငံရေးဟုဆို သည်။ ရခိုင်အရေးတွင်ဖြစ်ပေါ်နေသည့် ပြည်ပ ဖိအားပေးမှုများ၊ ပြည်တွင်းမငြိမ်မသက်မှုများ၊ အေးစက်မာကျောသွားသော စစ်ဘက်၊ အရပ် ဘက်ဆက်ဆံရေးများကို ဆိုလိုလေသည်လား မသိ။ ဒီကနေ့ မြန်မာ့နိုင်ငံရေးဟူသောစကားကို ဆရာကြီးနှုတ်မှပြောလာသောအခါ ကျွန်တော် ပို၍ ရင်မောမိသည်။ ခဏငြိမ်သက်နေပြီးမှ တစ်ခွန်းချင်း ဆက်ပြောသည်။
''ဒို့မြန်မာနိုင်ငံ ထီးကျိုးစည်ပေါက် ကျွန် သပေါက်ဖြစ်ခဲ့ရတာကိုသိလား''
''သိပါတယ်ခင်ဗျာ''
''ဘာကြောင့် ကျွန်ဖြစ်ခဲ့ရတယ်လို့ မောင်ရင် ထင်လဲ''
''နယ်ချဲ့အင်္ဂလိပ်နဲ့ လက်နက်ချင်းမမျှလို့ စစ် ရှုံးပြီး ကျွန်ဖြစ်ရတယ်လို့ ထင်ပါတယ်''
ဆရာကြီးက ကျွန်တော့်ကိုကြည့်ကာ ပြုံး သည်။ ''မဟုတ်ဘူးမောင်ရင်ရဲ့။ အဲဒီတုန်းက တိုင်းပြည်လွတ်လပ်ပြီး လူမျိုးမလွတ်လပ်ခဲ့လို့''
''ဗျာ''
''မောင်ရင်နားရှုပ်သွားပြီလား။ ဖြစ်စဉ်လေး တစ်ခုပြောပြမယ်။ အင်္ဂလိပ်-မြန်မာ တတိယစစ် ကို အင်္ဂလိပ်က လက်ဦးမှုယူပြီး တိုက်တဲ့အချိန်က ပေါ့။ အင်္ဂလိပ်စစ်သင်္ဘောတွေ မန္တလေးနေပြည် တော်ကို ဆန်တက်လာတယ်။ အဲဒီအင်္ဂလိပ် စစ် သင်္ဘောတွေထဲကတပ်ဦးချီသင်္ဘောမှာ မော်လမြိုင် က အင်္ဂလိပ်စကားပြန် ညီအစ်ကိုနှစ်ယောက်ကို ရွှေထီးဆောင်းပေးပြီး ညောင်အုပ်၊ ညောင်ရမ်း ညီတော်နောင်တော်နှစ်ယောက် ဟန်ပြုလို့ခေါ် လာကြတယ်။
တို့မြန်မာတွေ အသိဘယ်လောက်နိမ့်ကျ သလဲဆိုတော့ အဲဒါကို မြစ်စဉ်တစ်လျှောက်က မြန်မာတွေအားလုံး ယုံကြတယ်။
ဒါပေမဲ့ မင်း သားတွေကိုမြင်ဖူးတဲ့သူ တစ်ယောက်မျှမရှိခဲ့ဘူး။ မကွေးအောက် မယ်နတောင်က ခုခံတိုက်ခိုက်တဲ့ စစ်တပ်က ရွပ်ရွပ်ချွံချွံပြန်တိုက်ကြပေမယ့် 'တိုက် လျှင်သူပုန်၊ မင်းသား ညီတော်နောင်တော်ပါလာ သည်'လို့ အမိန့်တော်ရောက်လာတယ်။ မင်းသား ဟုတ်၊ မဟုတ်သိတဲ့သူတစ်ယောက်မျှမရှိတော့ သင်္ဘောဦးက မင်းသားဟန်ဆောင်လာတဲ့ စကား ပြန်ညီအစ်ကိုနှစ်ယောက်ကို မင်းသားလို့ပဲထင် ကြပြီး အင်္ဂလိပ်သင်္ဘောတွေကို လွှတ်ပေးလိုက် တယ်။ အံ့သြစရာမကောင်းပေဘူးလား။
မြင်းခြံကိုရောက်တော့ မြင်းခြံလှေသင်း အတွင်းဝန်တပ်က အင်္ဂလိပ်စစ်သင်္ဘောတွေကို အပြင်းအထန်ခုခံပါသေးတယ်။ ဒါပေမဲ့ 'တိုက် စေ'ဆိုတဲ့ကြေးနန်းက တစ်စောင်၊ 'ဆိုင်းစေ၊ တိုက်လျှင်သူပုန်'ဆိုတဲ့ ကြေးနန်းကတစ်စောင်၊ တစ်နေ့တည်းမှာပဲ ကြေးနန်းအမျိုးမျိုးရောက်လာ တယ်။ လှေသင်းအတွင်းဝန်က မန္တလေးရွှေမြို့ တော်ကြေးနန်းရုံးမှာ တာဝန်ထမ်းနေတဲ့ကုလား တွေအပေါ်သံသယရှိတယ်။ ဒီကုလားတွေ မွှေနေ ပြီလို့အယူရှိတာနဲ့ ရွှေမြို့တော်ဘုရင်မင်းမြတ်ထံ တော်သို့ 'နေပြည်တော်၌ ကုလားခိုများကို သုတ် သင်ရှင်းလင်းပါမှ စစ်ပွဲကိုနိုင်အောင်တိုက်နိုင်ပါ မည်'လို့ သံကြိုးချလိုက်တယ်။
နေပြည်တော် လွှတ်တော်က ဘယ်လောက် အမြော်အမြင်ကြီးသလဲဆိုရင် 'ဟဲ့ လှေသင်း အတွင်းဝန်က ဗေဒင်အင်မတန်တော်တယ်။ ယတြာချေဖို့ကြေးနန်းရိုက်တာပဲ။ ကုလားခိုမျိုး ဘောစကိုင်းပင်များကိုခုတ်ပစ်ကြ'လို့ လွှတ်တော် မှာအမိန့်တော်သတ်မှတ်တဲ့အတွက် မန္တလေးနှင့် အမရပူရမှာရှိတဲ့ ဘောစကိုင်းပင်တွေ ပြောင် သလင်းခါသွားတယ် မောင်ရင်ရဲ့။
လှေသင်းအတွင်းဝန်မင်းဆီကိုလည်း 'တိုက် စေ၊ ဆိုင်းစေ၊ တိုက်လျှင်သူပုန်' ဆိုတဲ့ ကြေးနန်း အထပ်ထပ်လာနေတာမို့ သူလည်း စိတ်ပျက်ပြီး မြင်းခြံတပ်က ဆုတ်ခဲ့ရတယ်။
အဲဒီနောက်အင်္ဂလိပ်တို့က မန္တလေးကိုဆက်ချီ ကြတယ်။ စစ်ကိုင်းဘက် အစေခံရပ်ခံတပ်နှင့် အမရပူရဘက် သပြေတန်းခံတပ်တွေက နှစ်ဖက် ညှပ်ပြီး အင်္ဂလိပ်၏စစ်သင်္ဘောတွေကို အမြောက် နဲ့ပစ်ဖို့ အသင့်စီစဉ်ထားကြတယ်။ ဒါပေမဲ့ 'မတိုက်နှင့် တိုက်လျှင်သူပုန်' 'တိုက်စေ' ဆိုတဲ့ အမိန့်တော်နှစ်မျိုးရောက်နေတာကြောင့် သက်စွန့် ကြိုးပမ်း အမှုတော်ထမ်းတိုက်ကြတော့မယ့် စစ်မှူး၊ စစ်ဗိုလ်တို့ ခံတပ်ကိုစွန့်ပြီးထွက်သွားကြ တော့တယ်''
ဆရာကြီးကမောသွားဟန်ဖြင့် ခဏနားသည်။ လက်ဖက်ရည်အဖန်ခွက်ကို ကုန်သည်အထိ သောက်သည်။ ကျွန်တော်က အဖန်ရည်ကိုပြန် ဖြည့်ပေးရသည်။
''လူမျိုးတစ်မျိုး အဆင့်အတန်းနိမ့်လာပြီ ဆိုရင် ရန်သူကိုရန်သူမှန်းမသိဖြစ်တတ်တယ်ကွ။
အမှားတွေကို အမှန်ထင်တတ်ကြတယ်။ စစ် မြေပြင်မှာ အဲဒီလို ဝရုန်းသုန်းကားဖြစ်နေတဲ့တိုင် မြန်မာရှင်ဘုရင်က 'အောင်တော်မူပြီ'လို့ နန်း တော်ပွဲကြည့်ဆောင်ရှေ့မှာ အောင်ပွဲကျင်းပနေ လေသတဲ့ဗျာ။ အင်္ဂလိပ်တပ်တွေ ဂေါဝိန်ကို ရောက်ပြီး အမြောက်ပစ်အသံပေးတဲ့အခါမှ ဘုရင် မင်းမြတ်က'ဟဲ့ ဘာသံလဲ' လို့ မေးတော်မူတယ်။ အောင်ပွဲကြပ်မတ်ကျင်းပတဲ့ ဝန်ကြီးများက 'ကုလားခြေတော်ရင်းဆိုက်လာပါပြီဘုရား' လို့ လျှောက်တာကြောင့် 'ပွဲသိမ်း ပွဲသိမ်း' ဆိုပြီး အောင်ပွဲကို သိမ်းကြတယ်တဲ့။ အဲဒီနောက်တော့ တိုင်းပြည်ကို ကုလားသိမ်းသွားတာပဲ''
ဆရာကြီးက ငြိမ်နေသော ကျွန်တော့်ကို စေ့စေ့ကြည့်သည်။
''မောင်ရင် ဘယ်လောက်ထိ နားလည်သွား ပြီလဲ''
''ဟုတ်ကဲ့ အသိÓဏ်နိမ့်ကျတဲ့လူမျိုးဖြစ် ရင် ကျွန်ဖြစ်မယ်လို့ နားလည်လိုက်ပါတယ် ခင်ဗျာ''
''မှန်သပ၊ တိုင်းပြည်တစ်ပြည်မှာ တိုင်းပြည် လွတ်လပ်ပေမယ့် လူမျိုးမလွတ်လပ်တာရှိတယ်။ လူမျိုးလွတ်လပ်ပေမယ့် တိုင်းပြည်မလွတ်လပ် တာရှိတယ်။ နှစ်ခုစလုံးမကောင်းပေဘူး။ တိုင်း ပြည်လွတ်လပ်ပြီး လူမျိုးလွတ်လပ်မှု မရှိတော့ ဘူးဆိုရင် နိမ့်ကျတဲ့လူမျိုးဖြစ်လာပြီး နောက်လိုက် နိုင်ငံ၊ ကျွန်နိုင်ငံအဖြစ်ကိုအကျိုးပြုခံရတော့တာ ပဲ။ လူမျိုးလွတ်လပ်ပြီး တိုင်းပြည်မလွတ်လပ် ရင်လည်း လူမျိုးအဆင့်အတန်းမြင့်တက်နိုင်ပေ မယ့် နယ်ချဲ့တွေသာ အကျိုးစီးပွားဖြစ်နေတော့ တာပဲ မောင်ရင်ရဲ့။
အဲဒီအခါက မြန်မာပြည်ဟာ လွတ်လပ်ပြီး ကိုယ့်မင်းကိုယ့်ချင်းတိုင်းပြည်ဖြစ်နေတာ အများ သိကြတယ်။ ဒါပေမဲ့ တိုင်းသူပြည်သားတွေဟာ ဘုရင်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကို ခံ နေရတယ်။ မလွတ်လပ်တဲ့ လူမျိုးစုကြီးတစ်မျိုး ဖြစ်နေတာ မသိကြပေဘူး။
အဲဒီသဘောကို အထူးသတိထားပြီးစဉ်းစားရ မယ်ဗျ။ အုပ်ချုပ်တယ်ဆိုတဲ့ လူတန်းစားတစ်စု ဆိုတာက အာဏာကိုလက်နက်လိုအသုံးပြုနိုင်တဲ့ လက်နက်ရှင်တွေဖြစ်နေတာကြောင့် ကျန်တိုင်း သူပြည်သားတွေကို လိုသလိုဖိနှိပ်ချုပ်ချယ်ထားတဲ့ သဘောကိုပြောတာ။ ဘုရင်ကိုသက်ဦးဆံပိုင် အဖြစ်သဘောထားရတယ်လေ။ ဘုရင်ဆိုတာက လည်း စိတ်တော်ညိုတာနဲ့ ထောင်သွင်းအကျဉ်း ချတော့တာပဲ။ ဘုရင်နဲ့ဘုရင့်အစိုးရက တိုင်းသူ ပြည်သားတွေကို ချုပ်ချယ်နိုင်သမျှ ချုပ်ချယ်၊ ဖိနှိပ်နိုင်သမျှ ဖိနှိပ်အုပ်စိုးထားတာကြောင့် တိုင်း သူပြည်သားတွေ လွတ်လပ်ရေးမရဘဲ လူမျိုး တစ်မျိုးလုံးနိမ့်ကျနေတဲ့ လူမျိုးတွေဖြစ်ခဲ့ရတယ် မောင်ရင်။
ပြောရရင် တိုင်းသူပြည်သားတွေဟာအောက် တန်းစားဖြစ်ပြီး သေမှန်းမသိသေနေကြရတယ်။ အုပ်ချုပ်သူ လူတန်းစားတွေ တိုင်းပြည်အပေါ် ခြယ်လှယ်ချင်သလို ခြယ်လှယ်နေတာကို ဘာ တစ်ခုမှမဝေဖန်ဝံ့၊ ဘာတစ်ခုမှ စွက်ဖက်မပြော မဆိုဝံ့တာကြောင့် အဲဒီလိုပတ်ဝန်းကျင်ရှိတဲ့တိုင်း ပြည်ဟာ အခြားလူမျိုးတို့လက်အောက်ကို ရောက် သွားရတာ။ ကျွန်ဖြစ်သွားရတာပဲကွ''
ဆရာကြီး၏ အသံမှာပို၍ပင်မာလာသည်ဟု ထင်သည်။ ကျွန်တော်က ဆရာကြီးစကားလုံး တွေကိုသေသေချာချာ မှတ်သားနေမိသည်။
''အုပ်ချုပ်သူက သက်ဦးဆံပိုင်အာဏာရှင် ဖြစ်မယ်ဆိုရင် ပြည်သူတွေဟာ တိုင်းပြည်ကို ချစ်ရမယ့်သဘော၊ ဝံသာနုသဘောတွေ ကျဆုံး သွားပြီး နိုင်သလိုပြု၊ နိုင်သလိုစား သဘောတွေ ဖြစ်ထွန်းအားကောင်းလာတော့တာပဲ။