images
UN
UN
အင်းတော်လေးအင်းအတွင်း ငါးမျိုးစိုက်ထည့်
ငြိမ်းအိအိဖြိုး Tuesday, 10 July 2018
အင်းတော်လေးအင်း သဘာဝသယံဇာတများ ထိန်းသိမ်းနိုင်ရေး အတွက်လည်းကောင်း၊ ဒေသတွင်းငါးမျိုးများ မပြုန်းတီးစေရေး အတွက်လည်းကောင်း၊ ဒေသခံပြည်သူများအတွက် အသား၊ ငါးများ ဖူလုံစေရေးအတွက် အထောက်အကူပြုသည့်အနေဖြင့်လည်းကောင်း ရည်ရွယ်၍ ငါးမျိုးများစိုက်ထည့်ပွဲအခမ်းအနားကိုစစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် အင်းတော်လေးအင်းအတွင်း ယမန်နေ့ မွန်းလွဲ ၃နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ အင်းတော်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဦးမြတ်ကိုထွေး၊ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှလက်ထောက် ညွှန်ကြားရေးမှူး ဦးတင့်လွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး အင်းတော်လေးအင်းအတွင်းသို့ ထိုင်ဝမ်ငါးခုံးမငါးမျိုးကောင်ရေ တစ်သိန်းစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
''အင်းတော်လေးအင်းအတွင်းမှာ ဒေသငါးမျိုးတွေတဖြည်းဖြည်း မျိုးသုဉ်းပျောက်ကွယ်နေတာကို တွေ့ရှိနေရပါတယ်။ ဒါကြောင့် ဒေသအတွင်းမှာရှိတဲ့ ငါးမျိုးတွေ မပြုန်းတီးစေရေးအတွက် ငါး သယံဇာတဖွံ့ဖြိုးတိုးတက်ရေးနှင့် အင်းတော်လေးအင်းပတ်ဝန်းကျင် ထိန်းသိမ်းဖို့ရည်ရွယ်ရင်းနဲ့ အခုလိုငါးမျိုးတွေ စိုက်ထည့်ပေးရခြင်း ဖြစ်ပါတယ်။ အခုလိုငါးမျိုးတွေ နှစ်စဉ်စိုက်ထည့်ပေးသွားမှ ဒေသ တွင်းမှာ ငါးသယံဇာတတွေ ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်''ဟု ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်လွင်က ပြောကြားခဲ့သည်။