images
UN
UN
ပြင်ကြတော့မှာလား
မောင်ရေချမ်း Thursday, 12 July 2018
ခုတလော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ခုနှစ်)ကို ပြင်မယ်ဆိုပြီး စီစီညံညံအသံတွေထွက်နေတယ်။ အစားထိုးသမ္မတအသစ်ကလည်း သူ့ရဲ့မိန့်ခွန်းမှာ လူသိရှင်ကြား ထည့်ပြောသွားသလို သူတို့ပါတီ ကလည်း ပြင်မယ်လို့ပြောပြန်တယ်။ မကြာသေး ခင်ကမှ ပြီးသွားတဲ့လွှတ်တော်ကို အရေးတကြီး ပြန်ခေါ်တော့ ဒီကိစ္စဟာ သမ္မတရယ်၊ ပါတီရယ်၊ လွှတ်တော်ရယ် သုံးပွင့်ဆိုင်လုပ်မယ့်ကိစ္စလို့ မြင်မိ တယ်။ တကယ်တော့ အာဏာမရခင်ကတည်း က ပြင်ဖို့ကြိုးစားနေကြတာပါ။လွှတ်တော်ထဲမှာ ပြင်မရရင် လွှတ်တော်ပြင်ပက လုပ်မယ်ဆိုပြီး လက်မှတ်တွေ အတင်းလိုက်ထိုးခိုင်းခဲ့တဲ့ (Signature Campaign) လုပ်ခဲ့ကြတာကို မှတ်မိကြ မှာပါ။
တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ပြင်လို့မရအောင် ကျောက် စာနဲ့ ထွင်းထုထားကြတာ မဟုတ်ပါဘူး။ အခြေ အနေ အချိန်အခါအလိုက် ပြင်သင့်တဲ့အချိန် မှာ ပြင်ကြတာပါပဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တိုင်းပြည်နဲ့ပြည်သူတွေအတွက် အကျိုးမပြုတော့ ဘူးဆိုရင်အကျိုးမပြုတဲ့ဥပဒေတွေကို ရွေးထုတ် ပြီး ပြင်ကြတာတွေ့ရပါတယ်။ များသောအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းမှာ ပြင်ဆင်နိုင်တဲ့ နည်းလမ်းတွေ၊ အခွင့်အရေးတွေ ထည့်ပေးထား တာကို တွေ့ရပါတယ်။
ယခုပြင်မယ်ဆိုတဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)မှာလည်း အများနည်းတူပြင်နိုင်တဲ့အခွင့် အရေးတွေပေးထားပြီး ဖြစ်ပါတယ်။ ပြင်ချင်တဲ့ အခါမှာ ဘယ်လိုပြင်ရမယ်ဆိုတာကိုခက်ခက်ခဲ ခဲနဲ့စဉ်းစားမနေရအောင် ပြင်ဆင်ရမယ့်နည်းလမ်း တွေကိုလည်း ထည့်သွင်းပေးထားပြီးဖြစ်ပါတယ်။ လက်ရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ခုနှစ်) အခန်း(၁၂) ကိုကြည့်ရင် တွေ့မှာပါ၊ ပုဒ်မ(၄)ခုနဲ့ နည်းလမ်း တွေပေးထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ အစိုးရ၊ လွှတ်တော်၊ တရားရေး ပြည်သူ တွေပါ လိုက်နာရတဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖြစ်လို့ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ် ခုခုက အာဏာကိုအသုံးချပြီး ကိုယ်ပြင်ချင်သလို ပြင်လို့တော့မရပါဘူး။ ဘာကြောင့်မရသလဲဆိုရင် နိုင်ငံသားအားလုံးလိုက်နာကြရမယ့် စည်းကမ်းနဲ့ လူ့ကျင့်ဝတ်ဖြစ်နေလို့ပါ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေ(၂ဝဝ၈ခုနှစ်) မှာ ပြင်ဆင်ခွင့်နဲ့ နည်းလမ်းတွေ ပေးထားပြီးဖြစ်လို့ ပြင်ဆင်ရေး မပြင်ဆင်ရေးဟာ အဓိကမဟုတ်ပါဘူး၊ ဒါပေ မယ့်ဘာကြောင့်ပြင်မယ်၊ ဘယ်လိုပြင်မယ်၊ ဘယ် ဟာတွေကိုပြင်မယ်ဆိုတာက အဓိကပါ။ မပြင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကိုနားလည်သဘော ပေါက် ဖို့လိုပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်သူ့ အတွက်၊ ပြည်သူ့တာဝန်ထမ်းဆောင်ဖို့ ပြည်သူ က ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ် စားလှယ်များအား အချုပ်အခြာအာဏာ (ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး)ကို ဒီပုံစံ၊ ဒီနည်းလမ်း၊ ဒီစည်းကမ်းအတိုင်း ကျင့်သုံးဆောင် ရွက်ကြဖို့ ဘယ်လိုလုပ်ရပ်မျိုးမလုပ်ရ၊ ဘယ်လို လုပ်ရပ်မျိုးလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်၊ နိုင်ငံ သားတွေရဲ့ မူလအခွင့်အရေးတွေကို ဘယ်လိုကာ ကွယ်ပေးရမယ်၊ ဘယ်လိုဖြည့်ဆည်းပေးရမယ် ဆိုတာတွေကို ကဏ္ဍအလိုက်အကြောင်း အချက် (ပုဒ်မ)များနဲ့ရေးသားထားတဲ့ စာတမ်းဖြစ်တယ်။ ပင်မဥပဒေကြီး (Mother Law) ဖြစ်တယ်။ ဒီ ဥပဒေအတိုင်း လိုက်နာ လုပ်ဆောင်ဖို့အတွက် ပြည်သူတွေက သက်တမ်းအလိုက်ကိုယ်စားလှယ် တွေကိုပေးအပ်ထားခြင်းဖြစ်တယ်။ အာဏာရလာ တဲ့အခါ ထင်ရာမစိုင်းဘဲ စည်းကမ်းတကျ ဥပဒေ နှင့်အညီဆောင်ရွက်ရန် ချုပ်ဆိုထားတဲ့ စာချုပ် ကြီးဖြစ်တယ်။
ပြည်သူနဲ့ချုပ်ဆိုထားတဲ့ စာချုပ် ဖြစ်တဲ့အတွက် ပြင်ဆင်ချင်တယ်ဆိုရင် ဘာတွေ ပြင်မယ်၊ ဘယ်လိုပြင်မယ်၊ ဘာကြောင့်ပြင်ချင် တယ်ဆိုတာတွေကိုကျိုးကြောင်းခိုင်လုံစွာနဲ့ပြည်သူ ကို အရင်ချပြရပါမယ်။ ပြည်သူရဲ့သဘောဆန္ဒနဲ့ ဆုံးဖြတ်ချက်ကို မဖြစ်မနေ ယူရပါမယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေ (၂ဝဝ၈ခုနှစ်) ဟာ လွယ်လွယ်နဲ့ ပေါ်ပေါက်လာခဲ့တာမဟုတ်ပါဘူး။ တပ်မတော် ကရေးဆွဲတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေလည်း မဟုတ် ပါဘူး။ ၁၉၉ဝပြည့် ရွေးကောက်ပွဲပြီး နောက်ပိုင်း ပါတီစုံဒီမိုကရေစီစနစ်ကို ထူထောင်ကြဖို့အတွက် လိုက်လျောညီထွေဖြစ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိမဖြစ် လိုအပ်လာပါတယ်။ အနိုင်ရပါတီတစ်ခု တည်းကရေးဆွဲရင်တရားမျှတမှုမရှိတဲ့အတွက် အားလုံးစုပေါင်းရေးဆွဲဖို့သဘောတူခဲ့ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ အခြေခံရမယ့် အခြေခံမူနဲ့ အသေးစိတ်အခြေခံမူတွေ လိုအပ်လာ ပါတယ်။ ဒါကြောင့် ၁၉၉၃ ခုနှစ်မှာ လူထု လူတန်းစားအစုအဖွဲ့ ရှစ်ဖွဲ့ ဖွဲ့စည်းပြီး ကိုယ်စား လှယ်ခုနစ်ရာကျော်ပါဝင်တဲ့ အမျိုးသားညီလာခံ ကို စတင်ကျင်းပပြီး ညှိနှိုင်းဆွေးနွေးတိုင်ပင်ခဲ့ ကြပါတယ်။သို့သော်လည်း ၁၉၉၆ ခုနှစ်မှာ NLD ပါတီကိုယ်စားလှယ်တွေဟာ ကျောခိုင်းဆန့် ကျင်ထွက်ခွာသွားခဲ့တဲ့အတွက် ညီလာခံရပ်ဆိုင်း သွားခဲ့ပါတယ်။
၂ဝဝ၃ခုနှစ်မှာ တပ်မတော်အစိုးရဟာ မြန်မာ နိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းဖို့အ တွက် အဆင့်(၇)ဆင့်ပါတဲ့ လမ်းပြမြေပုံ (Road Map) ကို လမ်းခင်းချမှတ်ပေးခဲ့ပါတယ်။ ဒီ လမ်းပြမြေပုံအတိုင်း ၂ဝဝ၄ ခုနှစ်မှာ အမျိုးသား ညီလာခံကို ပြန်လည်ကျင်းပစေခဲ့ပါတယ်။ ဒီညီ လာခံမှာ လူထုလူတန်းစားအဖွဲ့အစည်း ရှစ်ဖွဲ့ ပါဝင်ပြီး ကိုယ်စားလှယ် ၁ဝဝဝ ကျော် ပါဝင် ပါတယ်။ ၂ဝဝ၇ခုနှစ်မှာ အခြေခံဥပဒေရေးဆွဲဖို့ အတွက် အခြေခံမူနဲ့ အသေးစိတ်အခြေခံမူတွေ ရရှိတဲ့အတွက် ညီလာခံကြီး အောင်မြင်စွာပြီးဆုံး ခဲ့ပါတယ်။ အဲဒီတုန်းက အမျိုးသားညီလာခံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးကိုတစ်နိုင်ငံ လုံးအုန်းအုန်းကျွက်ကျွက် ထောက်ခံခဲ့ကြပါတယ်။
၂ဝဝ၇ခုနှစ်၊ အောက်တိုဘာလ ၁၈ရက်နေ့မှာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင် စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ တရားသူကြီးချုပ် ဦးအောင်တိုးကို ဥက္ကဋ္ဌတာဝန် ပေးပြီး ဥပဒေပညာရှင်များ၊ အုပ်ချုပ်ရေးအတွေ့ အကြုံရှိသူများအပါအဝင် အင်အား ၅၄ဦး ပါဝင် ပါတယ်။ ဒီအဖွဲ့ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းကို လွတ်လပ်စွာရေးခဲ့ပြီး ၂ဝဝ၈ နှစ်စ ပိုင်းမှာပြီးဆုံးခဲ့ပါတယ်။ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ အခန်း(၁၅)ခန်းရှိပြီး ပုဒ်မပေါင်း ၄၅၇ ခု ပါဝင်ပါတယ်။
၂ဝဝ၈ ခုနှစ် မေလ ၁ဝ ရက်နဲ့ ၂၄ ရက် တွေမှာ နာဂစ်မုန်တိုင်းအခြေအနေကြောင့် နှစ်ကြိမ် ခွဲပြီး ပြည်သူ့ဆန္ဒခံယူပွဲကို ကျင်းပပြုလုပ်ပေးခဲ့ပါ တယ်။ အဲဒီတုန်းက မြန်မာတစ်နိုင်ငံလုံး မဲပေး နိုင်တဲ့ဦးရေဟာ ၂၇ ဒသမ ၃၇ သန်းရှိပြီး မဲပေး ခဲ့တဲ့ ဦးရေဟာ ၂၂ ဒသမ ၅ သန်းရှိပါတယ်။ မဲပေးတဲ့ဦးရေ ၂၂ ဒသမ ၅ သန်းအနက် ၂ဝ ဒသမ ၇၉ သန်း ထောက်ခံမဲ ပေးတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၉၂ဒသမ၄ရာခိုင်နှုန်း ထောက် ခံခဲ့ကြတာဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာဖို့ ၁၉၉၃ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အထိ နှစ်ပေါင်း ၁၅ နှစ်တိုင် ကြိုးပမ်းဆောင်ရွက်ခဲ့ရ တာဖြစ်ပါတယ်။ အဲဒီတုန်းက အမျိုးသားညီလာခံ ကိုယ်စားလှယ်တွေ၊ အခြေခံဥပဒေ မူကြမ်းရေး ဆွဲခဲ့တဲ့ ဥပေဒပညာရှင်တွေထဲက အများစုဟာ သက်ရှိထင်ရှားရှိနေကြပါသေးတယ်။ နိုင်ငံပေါင်း ၁ဝ နိုင်ငံကျော်ရဲ့ အခြေခံဥပဒေတွေကို လေ့လာ ပြီးမှ ကိုယ့်တိုင်းပြည်အခြေအနေနဲ့ကိုက်ညီအောင် ရေးဆွဲခဲ့ကြတဲ့ ဥပဒေဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းကို ဖျောက်ဖျက်လို့မရပါ။
လက်ရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ခုနှစ်)ကို ပြင်မယ် ဆိုရင် ဒီမေးခွန်းတွေကို အရင်ဖြေကြည့်ပါ။ ပြင် သင့်မပြင်သင့် အဖြေရပါလိမ့်မယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ -

(က) မြန်မာနိုင်ငံအတွက် လုံဝအကျိုးမပြုတော့ လို့လား၊
(ခ) မြန်မာနိုင်ငံနဲ့ လုံးဝ မသင့်တော်တဲ့ ဥပဒေ ဖြစ်နေလို့လား၊
(ဂ) မြန်မာပြည်သူလူထုကို လုံးဝအကျိုး မပြု တော့လို့လား၊
(ဃ) တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ကြောက်ရွံ့ စိုးရိမ်နေလို့ လား၊
(င) ငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်မြင်ဖို့ အတွက် ဖက်ဒရယ်ဆိုတဲ့စကားလုံး မပါလို့လား၊
(စ) လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အတွက်နဲ့ အဖွဲ့အစည်းတစ်ခုအာဏာခိုင်မြဲဖို့လား၊
(ဆ) မြန်မာနိုင်ငံမှာ ဒီမိုကရေစီရင့်ကျက် နေပြီ လား။
ပြီးခဲ့တဲ့အစိုးရအဖွဲ့ဟာဒီပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)ကို ငါးနှစ်လုံးလုံးကိုင်စွဲပြီး ဒီမိုကရေစီနိုင်ငံ တော်သစ်ကို သွေးထွက်သံယိုမရှိဘဲ အေးအေး ချမ်းချမ်း ကူးပြောင်းပေးသွားခဲ့တယ်။ ကမ္ဘာ့ အလယ်မှာ မြန်မာတွေ မျက်နှာမငယ်ရအောင် နိုင်ငံခြားရေးမူဝါဒကို အသုံးချသွားခဲ့တယ်။ပြည်ပ အရင်းအနှီးတွေစီးဝင်လာအောင်၊ ပြည်သူအလုပ် အကိုင်အခွင့်အလမ်းတွေရအောင်၊ နိုင်ငံအတွက် ထိုက်သင့်တဲ့ အခွန်ငွေတွေရအောင်၊ စီးပွားရေးတိုး တက်အောင် ဆောင်ရွက်သွားခဲ့တယ်။ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖယ်ရှားပြီး နိုင်ငံတကာ အဖွဲ့ အစည်းတွေရဲ့ ဖွံ့ဖြိုးရေးအကူအညီတွေရအောင် ဆောင်ရွက်ခဲ့တယ်။ အစိုးရအဆက်ဆက် ပြည်ပ ချေးငွေ သန်းပေါင်းခြောက်ထောင်ကျော်ကို လျှော် ပစ်ဖျက်ပေးနိုင်အောင် ဆောင်ရွက်ခဲ့တယ်။ ဒေါ် လာဈေး၊ စက်သုံးဆီဈေး၊ ငွေကြေးဖောင်းပွမှု နှုန်းတွေမှာ ပြည်သူတွေ သက်သောင့်သက်သာ ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံတော်တည်ဆောက်ရေး လုပ် ငန်းတွေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက် သွားနိုင်ခဲ့တယ်။ အလယ်အလတ်လူတန်းစားတွေ မော်တော်ကားဝယ်စီးနိုင်ပြီး အခြေခံလူတန်းစား အထိ လက်ကိုင်တယ်လီဖုန်းတွေ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးခဲ့တယ်။ ပြည်သူတွေလိုလားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ် ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)ဖြစ်ပေါ် လာအောင်လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နဲ့သဘောတူ လက်မှတ်ရေးထိုးနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ တယ်။ ဒီဖြစ်ပေါ်တိုးတက်မှုအားလုံးဟာ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂ဝဝ၈ခုနှစ်) မူဘောင်ထဲကပဲ အောင်မြင် စွာဆောင်ရွက်သွားခဲ့တာဖြစ်တယ်။
မြန်မာ့နိုင်ငံရေးမှ တပ်မတော်ကို ချန်ထား ခဲ့လို့မရပါဘူး။ တပ်မတော်ဟာ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကတည်းက ပြည်သူကိုဦးဆောင်လက် တွဲပြီး တိုက်ပွဲဝင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားပေးခဲ့တဲ့ တပ်မတော် ပါ။ လွတ်လပ်ရေးရပြီး ရန်ကုန်အစိုးရလို့ ခေါ်ရ လောက်အောင် အခြေအနေဆိုးရွားနေတဲ့ ရောင်စုံ သောင်းကျန်းသူများလက်က တိုင်းပြည်ကို ကယ် တင်ခဲ့တာလည်း တပ်မတော်ပါ။ ၁၉၅၈-၁၉၅၉ နှစ်တွေမှာလည်း အစိုးရအဖွဲ့ဟာ တိုင်းပြည်ကို မထိန်းသိမ်းနိုင်တော့တဲ့အတွက် တပ်မတော်ကိုပဲ နိုင်ငံ့အာဏာကို ခေတ္တလွှဲအပ်ခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ်မှာတော့ တိုင်းပြည်ပဲ့ထွက်ပြီး အချုပ်အခြာ အာဏာလက်လွှတ်ဆုံးရှုံးရတော့မယ့် အခြေအနေ ရောက်ရှိခဲ့တဲ့အတွက် တိုင်းပြည်ရဲ့အာဏာကို သိမ်းယူပြီး ကယ်တင်ခဲ့ရတာပါ။ ၁၉၈၈ ခုနှစ်မှာ လည်း တိုင်းပြည်ဖရိုဖရဲနဲ့ ပြိုကွဲပျက်စီးတော့မယ့် အခြေအနေကြောင့် တိုင်းပြည်တာဝန်ကိုယူပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ရခြင်းဖြစ်ပါ တယ်။ လူအုပ်စုနဲ့ စွဲချက်တွေတင်ပြီး နေ့လည် ကြောင်တောင် လမ်းဆုံလမ်းခွမှာ ခေါင်းဖြတ် သတ်နေတဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေ၊ ပြည်သူပိုင် ပစ္စည်းတွေကို လုယက်ဖျက်ဆီးနေတဲ့ မင်းမဲ့စရိုက် လုပ်ရပ်တွေကို ၁၉၈၈ ခုနှစ်အရေးအခင်းကိုမီကြ တဲ့ ပြည်သူအားလုံး မှတ်မိကြမှာပါ။ ပြန်တွေးရင် ယနေ့တိုင် ရင်မအေးစရာပါ။
ဒီကနေ့ တိုင်းပြည်မှာ ပြည်သူတွေ လက်တွေ့ အကျိုးခံစားနေကြရတဲ့ နေပြည်တော်မြို့သစ်ကြီး အပါအဝင် မြို့သစ်တွေ၊ ဆေးရုံကြီးတွေ၊ စာသင် ကျောင်းတွေ၊ တက္ကသိုလ်ကြီးတွေ၊ မြစ်ကူး၊ ချောင်းကူးတံတားကြီးတွေ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ၊ အားကစားကွင်းကြီးတွေ၊ လွှတ်တော် အဆောက်အအုံကြီးတွေ၊ အစိုးရရုံးတွေ ပြောရရင် လက်ညှိုးထိုးမလွဲတဲ့ အခြေခံအဆောက်အအုံတွေ ဟာ တပ်မတော်အစိုးရတာဝန်ယူစဉ်က ပြည်သူ တွေအတွက် ဆောင်ရွက်ပေးခဲ့တာတွေ ဖြစ်ပါ တယ်။ ဒါတွေကို ဘယ်သူမှ မသိဟန်ဆောင်နေ လို့မရပါဘူး။ ဒီကျေးဇူးတရားတွေကို မျက်ကွယ် ပြုပြီး မိမိတို့အာဏာရလာတဲ့ အခုလိုအခါမျိုးမှာ တပ်မတော်ကိုမောင်းထုတ်ချင်ကြတာဟာတရား နည်းလမ်းကျ၊ မကျ စဉ်းစားဖို့ကောင်းပါတယ်။ လွှတ်တော်ထဲက ၂၅ရာခိုင်နှုန်းဟာ လက်ရှိအစိုးရ ကိုဘာမှအန္တရာယ်မပြုနိုင်ပါဘူး။ ဒီမိုကရေစီ ရင့် ကျက်နေပြီလား။ ရင့်ကျက်ပြီဆိုရင်တပ်မတော် ဟာ နှင်ထုတ်စရာမလိုပါဘူး။ တာဝန်သိတဲ့ အဖွဲ့ အစည်း ဖြစ်လို့ သူ့အလိုလို ထွက်ခွာသွားမှာပါ။ တပ်မတော်ဟာ စနစ်တကျဖွဲ့စည်း လေ့ကျင့်ထား တဲ့အဖွဲ့အစည်းပါ။ အမိန့်နာခံတတ်မှု စည်းကမ်း ရှိမှုအပြင် တိုင်းပြည်အတွက် အသက်နဲ့ခြေလက် အင်္ဂါကိုပါ စွန့်လွှတ်ခဲ့ကြတဲ့စွန့်လွှတ်ဝံ့တဲ့ တစ်ခု တည်းသော အဖွဲ့အစည်းဖြစ်ပါတယ်။
ဖက်ဒရယ်ဆိုတာသူတို့မတောင်းခင်ကတည်း က ဖွဲ့စည်းပုံအခြေခ