images
UN
UN
ကျားနှစ်ကောင်ကို သတ်ဖြတ်သူများထွက်ပြေးနေ
Dawei Watch Wednesday, 08 August 2018
တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ အမျိုးသားဥယျာဉ်ဧရိယာအတွင်း ကျားနှစ် ကောင်ကို သတ်ဖြတ်သည်ဟု သံသယရှိသူ အမျိုးသားသုံးဦး ထွက်ပြေးတိမ်းရှောင်နေ ကြောင်း သစ်တောဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးက ပြောသည်။
ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အဆိုပြုထား သည့် လေညာအမျိုးသားဥယျာဉ် ဧရိယာ အတွင်း ထိုင်း-မြန်မာနယ်စပ် အနီးရှိ ရွာဟီလူကျေးရွာ ရွာသစ်(ငြိမ်းချမ်းသာရွာ) တွင်ဇူလိုင်လအတွင်းက ကျားထီးနှင့်ကျားမ နှစ်ကောင် သတ်ဖြတ်ခံခဲ့ရသည်။
ကျားနှစ်ကောင်ကို သတ်ဖြတ်ခဲ့သည်ဟု ယူဆရသည့် အဆိုပါ အမျိုးသားသုံးဦးကို ဘုတ်ပြင်းရဲစခန်းတွင် အမှုဖွင့်ထားပြီး ၄င်းတို့ နေထိုင်ရာအိမ်တွင် မတွေ့ရတော့ဘဲ အိမ်တံခါးများကို သော့ခတ် ပိတ်ထားခဲ့ကြောင်း သစ်တောဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇေယျက ပြောသည်။
၎င်းတို့အိမ်များကိုသက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအရှေ့တွင် သော့ဖျက်ပြီး ဝင်ရောက်ရှာဖွေရန် သစ်တောဝန်ထမ်းများကို ညွှန်ကြားထားပြီး ယင်းကိစ္စနှင့်ပတ်သက် ၍ ယမန်နေ့အထိ အစီရင်ခံစာ မတက်လာသေးဟု ၄င်းကပြော သည်။
''သတင်းရလို့ သွားစစ်တဲ့အချိန်မှာတော့ ပြေးသွားပြီ''ဟု ဦးကျော်ဇေယျက ပြောသည်။
အဆိုပါ ကျေးရွာမှာ သွားလာရန် လမ်းဆက်သွယ်ရေးခက်ခဲ ခြင်းများကြောင့် အဆိုပါ အမျိုးသားသုံးဦး၏အိမ်တွင် မည်သည့် အရာများတွေ့ရှိသည်ကို မသိရသေးကြောင်း ၄င်းကပြောသည်။
အဆိုပါ ကျားနှစ်ကောင်ကို ၂ဝ၁၇ ခုနှစ်နှစ်ဆန်းပိုင်းက ကင်မရာထောင်ချောက်တွင်တွေ့ရပြီး နောက်ယခုကဲ့သို့ အသတ်ခံ ရခြင်းဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောသည်။
ပြီးခဲ့သည့် ၃ ရက်ခန့်က သစ်တောဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင် များပါဝင်သည့်အဖွဲ့က ကျားများကို သတ်ပစ်သည်ဟု ယူဆရသူ များကို သွားရောက်စုံစမ်းဖမ်းဆီးနေပြီး အဆိုပါအဖွဲ့ ပြန်ရောက် ချိန်မှသာ အသေးစိတ်ကိုသိနိုင်မည်ဖြစ်ကြောင်း ဘုတ်ပြင်းမြို့မ ရဲစခန်းမှူးက ယမန်နေ့ညနေပိုင်းတွင် ပြောသည်။
''သတင်းတင်တာလောက်နဲ့ပဲ အမှုတည်ဆောက်ထားသေး တာဆိုတော့ ဘာမှပြောလို့မရသေးဘူးခင်ဗျ''ဟု အထက်ပါ စခန်းမှူးက ပြောသည်။
ကျားသည် သတ်ဖြတ်ရောင်းဝယ်ခွင့်မရှိဘဲ လုံးဝကာကွယ် ထားသည့် ရှားပါးသတ္တဝါစာရင်းတွင် ပါဝင်သည်။
အဆိုပါ အမျိုးသားသုံးဦးကို ဘုတ်ပြင်းမြို့မရဲစခန်းတွင် ဇီဝ မျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က)ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။
အဆိုပါ ဥပဒေကို ကျူးလွန်ပါက ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံး ၁ဝ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။