images
UN
UN
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗန်းမော်-မန္တလေးကားလမ်းအပိုင်း ပေ၂ဝဝဝကျော် ရေဖုံးလွှမ်းနစ်မြုပ်
မိုဃ်းကျ(မြစ်ကြီးနား) Thursday, 30 August 2018
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗန်းမော်-မန္တလေးကားလမ်းအပိုင်း ပေ၂ဝဝဝကျော်တွင် အမြင့်တစ်ပေခန့်ရှိ ရေများဖုံးလွှမ်းလျက်ရှိသည်။
အဆိုပါဖြစ်စဉ်မှာ ယနေ့နံနက် ၆နာရီခွဲက ဗန်းမော်မြို့နယ် စီဟဲကျေးရွာအနီး ဗန်းမော်-မန္တလေးကားလမ်းအပိုင်း မိုင်တိုင်အမှတ် ၅၇၉ကီလိုမီတာနှင့် ကီလိုမီတာ ၅၈ဝ အကြား အရှည် ပေ၂ဝဝဝ ခန့်မှာ ကားလမ်းပေါ်သို့ အမြင့်တစ်ပေခန့်ရှိ ရေများဖုံးလွှမ်းခဲ့ရာ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များသွားလာရာတွင် အန္တရာယ်မရှိခရီးသွားလာနိုင်ရေး ဗန်းမော်တပ်နယ်မှ ဗိုလ်မှူးကြီး စိုးလှိုင်ဦးစီးသည့် တပ်မတော်သားများ၊ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် တာဝန်ရှိသူများ၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်း နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ကာ လမ်းအပိုင်းအခက်အခဲမရှိသွားလာမှု အဆင်ပြေချောမွေ့စေရေး လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် တောင်ကျရေစီးဆင်းပြီး ကားလမ်းရေကျော်နေမှုမှာ နံနက် ၇နာရီခွဲတွင် ရပ်တန့်သွားခဲ့ပြီး ဆက်လက်၍ မိုးရွာသွန်းချိန်ရေကျော်မှုမရှိစေရေး တပ်မတော်သား များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စီဟဲကျေးရွာနေ ပြည်သူများပူးပေါင်း၍ သဲအိတ်များကို လမ်းဘေးဝဲယာတွင် အမြင့် နှစ်ပေခန့်အထိ ချထားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။