images
UN
UN
ဆီထွက်သီးနှံနှမ်းနက်များဂန့်ဂေါတွင် ဈေးကောင်းရ
တောင်သားမောင်သန်း Tuesday, 04 September 2018
ဆီထွက်သီးနှံ မိုးနှမ်းများရိတ်သိမ်းပြီးဖြစ်ရာ အဆိုပါနှမ်းများ အနက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများGAP စနစ်နှင့် အညီစိုက်ပျိုးခဲ့သည့် နှမ်းနက်များ တစ်တင်းလျှင် ကျပ်ငါးသောင်း နှင့် ငါးသောင်းငါးထောင်ထိ ဈေးပေါက်ပြီး ဈေးကောင်းရရှိနေရာ တောင်သူများ တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။
''နှမ်းနက်တစ်တင်းကို ကျပ်ငါးသောင်းဈေးကနေ သန့်ရင် ငါးသောင်းခွဲဈေးထိ အိမ်အရောက်လာဝယ်ကြတယ်။ မနှစ်ကနှမ်း နက်က ကျပ် ၂၈ဝဝဝ-၂၉ဝဝဝ ဈေးလောက်ပဲရပြီး နှမ်းဝါတို့၊ နှမ်းဖြူတို့က ဈေးကောင်းခဲ့တာ။ ဒီနှစ် နှမ်းဝါ၊ နှမ်းနီက လေးသောင်းခွဲ ဈေးလောက်နဲ့ နှမ်းဖြူက လေးသောင်းဈေးလောက်ပဲရတယ်''ဟု တောင်ယာပြင်ကျေးရွာမှ တောင်သူဦးမြင့်ဌေးက ပြောသည်။
ယခုနှစ်မိုးနှမ်းရာသီတွင် ဂန့်ဂေါမြို့နယ်အတွင်းမှ တောင်သူ များသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပေးမှုဖြင့် နှမ်းနက် ၄၄၄ ဧကကို စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများGAP စနစ်ဖြင့် စိုက်ပျိုးခဲ့ကြသည်။ အဆိုပါGAP နှမ်းများကိုလည်းFree Fatty Acid ပါဝင်မှုကို တိုင်းတာပြီး ဈေးကောင်းပေးဝယ်ယူ ကြကြောင်း သိရသည်။