images
UN
UN
YBS ခရီးသည်တင်ယာဉ်တစ်စီး ဘုရင့်နောင်တံတားအဆင်း၌ မီးလောင်မှုဖြစ်ပွား
မောင်စိန်ဝင်း Sunday, 09 September 2018
လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတား အဆင်း၌ ယနေ့နံနက်ပိုင်းကYBSခရီးသည် တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁ဝ နာရီ ၁ဝ မိနစ်က အနောက်ပိုင်းတက္ကသိုလ်မှ သခင်မြ ပန်းခြံသို့ ယာဉ်မောင်း ရာဇာထွန်း(၃၃နှစ်) မောင်းနှင်လာသောခရီးသည်တင်YBS (၂၃) ယာဉ်လိုင်းမှ ယာဉ်အမှတ်(၉။----)
ဟွန်ဒိုင်းအမျိုးအစား(မိုးပြာရောင်)ခရီးသည်တင်ယာဉ်မှာ လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်လမ်း၊ ဘုရင့် နောင်တံတားအဆင်း၊ အမှတ်(၅၃၂)ခြေမြန်တပ်ရင်းအနီးအရောက်တွင် ယာဉ်နောက်ခန်းအင်ဂျင်အပူလွန်ကဲပြီး အင်ဂျင်ခန်းအတွင်းရှိ ဝိုင်ယာကြိုးများအား မီးစွဲတောက်ရာမှ စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အဆိုပါမီးလောင်မှု ကြောင့် ယာဉ်နောက်ဘက်ရှိ နေကာမှန်တစ်ချပ်နှင့်အင်ဂျင်ခန်းအတွင်းရှိ ဝိုင်ယာကြိုး အနည်းငယ်မီးလောင်ခံရ ကြောင်း သိရသည်။
မီးလောင်ရာနေရာသို့ လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ လှိုင်သာယာစက်မှုဇုန်မှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ဘုရင့်နောင်ပွဲရုံမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးတို့ဖြင့် ထွက်ခွာ၍ မီးငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁ဝ နာရီ ၁၄ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုကြောင့် ယာဉ်မောင်းရာဇာထွန်းအား လှိုင်သာယာမြို့မရဲစခန်းမှ (ပ)၃၄၁၅/၂ဝ၁၈၊ ပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။