images
UN
UN
မြောက်ဥက္ကလာပမြို့နယ် မေယု(၃)လမ်း၌ မီးလောင်မှုဖြစ်ပွား
မောင်စိန်ဝင်း Sunday, 30 September 2018
မြောက်ဥက္ကလာပမြို့နယ်ရှိ မေယု(၃)လမ်း၌ ယနေ့ နံနက် အစောပိုင်းက မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့နံနက် ဝဝ နာရီမိနစ်၅ဝ ခန့်ကမြောက်ဥက္ကလာပမြို့နယ် (က) ရပ်ကွက် မေယု (၃) လမ်းရှိ ဦးဝင်းမောင်(၇၃နှစ်) ပိုင်ဆိုင်သော အကျယ်အဝန်း ပေ (၂ဝ x ၅ဝ) တိုက်ခံ နှစ်ထပ်အိမ် နောက်ဖေး မီးဖိုဆောင်အတွင်း လျှပ်စစ်မီးဖို ဖြင့် ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲ၍ မီးစတင်လောင် ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ငွေကျပ် ၁၇ သိန်းတန်ဖိုးရှိ အကျယ်အဝန်း ပေ(၂ဝx၅ဝ)၊ တိုက်ခံနှစ်ထပ်အိမ် တစ်လုံးနှင့် အတွင်းပစ္စည်းများ၊ အကျယ်အဝန်း ပေ (၁ဝx၂ဝ)၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းအိမ် တစ်လုံး မီးလောင်ခံရကြောင်း သိ ရသည်။
အခင်းဖြစ် မီးလောင်ရာနေရာ သို့ ရန်ကုန်တိုင်းဒေသကြီးမီးသတ် ဦးစီးမှူးညွှန်ကြားရေးမှူးဦးမျိုးဝင်း ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် မြောက်ဥက္ကလာပမြို့နယ် မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်လေးစီး အပါအဝင် အခြားမြို့နယ်အသီးသီး မှ မီးငြှိမ်းသတ်ယာဉ်စုစုပေါင်း ၁၃ စီး၊ အထောက်အကူပြုယာဉ် စုစု ပေါင်းခုနစ်စီး၊ ကွပ်ကဲမှုယာဉ် စုစု ပေါင်း ငါးစီးတို့ဖြင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၈၇ ဦးနှင့်အရန်မီးသတ် တပ်ဖွဲ့ဝင် ၄၁ ဦးတို့ ထွက်ခွာ၍ မီးငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁ နာရီ ၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁ နာရီ ၁ဝမိနစ်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်းသိရကာ လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုကြောင့် အိမ်ပိုင်ရှင် ဦးဝင်းမောင်အား ဝေဘာဂီမြို့မရဲစခန်းမှ (ပ)၈ဝ၈/ ၂ဝ၁၈၊ ပုဒ်မ-၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်ထားရှိသည်။
အလားတူ ယနေ့ညနေ ၂ နာရီ ၁၁မိနစ်တွင်လည်းကျောက်တံတား မြို့နယ်၊ ၃၆ လမ်း (အောက်ဘ လောက်)တွင် မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့် ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာ၍ မီးငြှိမ်းသတ်ခဲ့ကြရာ ၁၂မိနစ်အကြာတွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။