images
UN
UN
ဤပုံစံအတိုင်းသာ ဆက်သွားမည်ဆိုလျှင်
မောင်စိန်အိ(နဘဲမြေ) Sunday, 07 October 2018
တာမွေမြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် လူသတ်မှုသတင်းကို ဖတ်မိသောအခါ များစွာတုန်လှုပ်ခဲ့ရသည်။ လူရမ်းကားရှစ် ဦးသည် ဓားရှည်များ၊ ဓားတိုများ၊ လှံ များ၊ ပုဆိန်များ၊ သံလက်သီးကွင်းများယူ ဆောင်လာကြသည်။ ထို့နောက် သူတို့နှင့် အခန့်မသင့်သူများကို ဝိုင်းဝန်း ထိုးခုတ် ကြသည်။ ထို့ကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရ ရှိခဲ့ကြ သည်။ သို့သော် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားခံများကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ သည်။ လူရမ်းကားများကို အချိန်တို အတွင်း ဖမ်းဆီးနိုင်ခဲ့သဖြင့်တော်ပါသေး သည်။

ဆုတ်ယုတ်လာ
***************
စာရေးသူတို့ငယ်စဉ်က လူသတ်မှု သတင်းမျိုးဆိုလျှင် ကြားရခဲသည်။ ယခု မှာမူ နေ့စဉ်နီးပါးဖြစ်နေသည်။ လင် မယားချင်းစကားများလျှင်လည်း ဓားဖြင့် ထိုးသတ်ကြသည်။ သူငယ်ချင်းများ စကားများလျှင်လည်း ဓားဖြင့်ထိုးသတ် ကြသည်။ ရွာသားအချင်းချင်း စကား များလျှင်လည်း ဓားဖြင့် ထိုးသတ်ကြ သည်။ လွန်ခဲ့သော လကလည်းလူရမ်း ကားများက ကျောက်ဆည်နည်းပညာ တက္ကသိုလ်မှ ကျောင်းသားလူငယ် တစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့ကြသည်။မြန်မာ့လူအဖွဲ့အစည်းသည် စိတ်ဓာတ် ကျန်းမာရေး အတော်လေးပင် ချူချာလာ နေပြီဖြစ်သည်။ တစ်ဦးနှင့် တစ်ဦးခွင့် လွှတ်နိုင်စွမ်းမရှိကြတော့ပေ။ အသေး အမွှားကိစ္စကိုပင်လက်နက်ဖြင့် ဖြေရှင်း လာကြသည်။ ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်စွမ်းနည်းလာသည်။

အကြောင်းတရားများ
*********************
ထိုသို့ ခိုးဆိုးနှိုက်မှုများ၊ မုဒိမ်းမှုများ နှင့်လူသတ်မှုများဖြစ်ပွားရသည့်အကြောင်း တရားများ များစွာရှိနေမည်ထင်ပါ သည်။ အခြေခံအကျဆုံးအချက်မှာ ပြစ်မှု ကျူးလွန်သူအားလုံးသည် စာမဖတ်ကြ သူများ ဖြစ်နေတတ်သည်။ လူတစ်ဦး သည် ဘွဲ့ရခြင်း၊ မရခြင်းနှင့် မဆိုင်ပေ။ စာဖတ်ခြင်း၊ မဖတ်ခြင်းနှင့် သာဆိုင် ပေသည်။ စာဖတ်သူ တစ်ဦးသည် အကြောင်း၊ အကျိုး၊ အကောင်း၊ အဆိုး ကို ခွဲခြားနိုင်စွမ်းရှိသည်။ အခြားသူကို ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့စိတ် ကူးပင်ရှိမည်မဟုတ်ချေ။
နောက်တစ်ချက်သည် အရက်နှင့်မူး ယစ်ဆေးဝါးတို့ကြောင့် ရာဇဝတ်မှုများထူ ပြောလာခြင်းဖြစ်သည်။ လက်ရှိအချိန် တွင် နိုင်ငံတစ်ဝန်း၌ အရက်ဆိုင်များ၊ ဘီယာဆိုင်များနှင့်ပြည့်နေသည်။ အရက် ဆိုင်များသည် ကျေးလက်ဒေသသို့ပင် ရောက်နေပြီဖြစ်သည်။ တက္ကသိုလ် ကျောင်းသားများသည် မူးယစ်ဆေးဝါး ကို အလွယ်တကူ ဝယ်ယူရရှိသုံးစွဲနေကြ သည်။ အလုပ်လက်မဲ့ လူတန်းစားများ သည် အရက်သမားများ၊ ဘိန်းသမား များ ဖြစ်နေကြသည်။ ရာဇဝတ်မှုကျူး လွန်ရန်၊ အထူးသဖြင့် လူသတ်ရန် လက်ယဉ်နေကြပြီဖြစ်သည်။ လူ့အဖွဲ့ အစည်းသည် တဖြည်းဖြည်းလုံခြုံမှုမရှိ သလို ခံစားလာနေရပြီဖြစ်သည်။
ထို့အပြင် လူမှုကွန်ရက်ယဉ်ကျေးမှု ကလည်း ရာဇဝတ်မှုထူပြောရသည့် အကြောင်းရင်းတစ်ခု ဖြစ်နေသည်။ အိမ် ထောင်ရှင်များသည်ပင်လျှင် လူမှုကွန် ရက်ထောင်ချောက်မိကြသည်။ အမျိုး ကောင်းသား၊ သမီးများသည် လိမ်လည် လှည့်ဖြားခံနေရသည်။ ထို့ကြောင့် လူမှု ကွန်ရက်သုံးစွဲရာတွင် ချင့်ချိန်နိုင်စွမ်း ရှိဖို့ လိုပါသည်။ အလိမ်အညာတွေကို သာ ယာမိရင်တော့ အဆုံးတစ်နေ့မှာ ဒုက္ခ ရောက်ကြရမည်သာ ဖြစ်သည်။

မှုခင်းသတင်းအစုံစုံ
******************
နေ့စဉ်ထုတ် သတင်းစာများနှင့် ဂျာနယ်များသည် မှုခင်းသတင်းအစုံစုံကို ဖော်ပြခြင်းအားဖြင့် အလုပ်ဖြစ်နေကြ သည်။ ယခင်ကလူသတ်မှု၊ မုဒိမ်းမှုနှင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့်သတင်း များကို တစ်လလောက်နေမှသာ တစ်ခါ လောက်ဖတ်ရသည်။ လက်ရှိအချိန်တွင် နေ့စဉ်မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု နှစ် ကြိမ်၊ သုံးကြိမ်ခန့်ရှိနေသည်။ ထို့အပြင် လွန်ခဲ့သော ၂ဝ၁၇ ခုနှစ်က တစ်နေ့လျှင် မုဒိမ်းမှုလေးကြိမ်ခန့်ဖြစ်ပွားခဲ့သည်။ ပို၍ ကြောက်မက်ဖွယ်ရာကောင်း သည်မှာ တစ်နေ့လျှင် အသက် ၁၆ နှစ် အောက် သက်ငယ်မုဒိမ်းမှု နှစ်ကြိမ်နှင့် အထက် ဖြစ်ပွားခဲ့သည်။ မြန်မာ့လူမှုအဖွဲ့အစည်း တွင် လူစိတ်ကင်းမဲ့သောလူများရှိနေပြီ ဟု ကောက်ချက်ချနိုင်ပေသည်။

စိတ်ဓာတ်ချို့ယွင်းလာ
**********************
တချို့သောမြန်မာများသည် တစ် ယောက်တည်းရှိနေလျှင် စာအုပ်၊ စာပေ ဖတ်ရှုခြင်းမရှိဘဲ အပျင်းကြီးကာ ဖုန်း ပွတ်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်း၊ မဟုတ် မဟတ်ဇာတ်ကားများကြည့်ခြင်းဖြင့် အချိန်ဖြုန်းတတ်သည်။ နှစ်ယောက် ရှိနေလျှင် အတွေ့အကြုံဖလှယ်ခြင်း၊ ညှိနှိုင်းဆွေးနွေးတိုင်ပင်ခြင်းတို့ပြုလုပ် ရမည့်အစား လက်တွေ့မကျသောနိုင်ငံ ရေးအကြောင်းကိုပြောခြင်း၊ ကြိုးစား အားထုတ်မှုကြောင့်အောင်မြင်နေသူများ၊ ကြီးပွားနေသူများကို သွားပုပ်လေလွင့် ပြောခြင်းတို့ပြုလုပ်ကာ အပုပ်ချလေ့ ရှိကြသည်။ သုံးယောက်ရှိနေမည်ဆိုလျှင် တစ်ယောက်က ခလောက်ဆန်သော ကြောင့် တစ်ဦးနှင့်တစ်ဦးအဆင်ပြေတော့ မည်မဟုတ်ချေ။

လမ်းတွင်ဆိုင်ကယ်၊ ကားတိုက်မှု ဖြစ်စဉ်များတွေ့လျှင် ရှောင်ကွင်းသွား တတ်ကြသည်။ ရဲနှင့်စကားပြောရမည် ကိုကြောက်ကြသည်။ မီးလောင်မှုဖြစ် ပွားလျှင်မီးကိုကူမငြှိမ်းဘဲ ပစ္စည်းများကို သာဝင်လုကြသည်။ ကူးတို့လှေ၊ သင်္ဘော များနစ်မြုပ်လျှင် ရေနစ်သူများကိုမကယ် တင်ဘဲ လက်ဝတ်ပစ္စည်းများကိုသာ ဖြုတ်ယူလေ့ရှိကြသည်။ တချို့သောလုပ် ပိုင်ခွင့်ရှိသူများသည် ဘေးအန္တရာယ် သင့်ပြည်သူများအတွက်လှူဒါန်းထား သည့်ငွေနှင့် ပစ္စည်းများကိုအပြည့်အဝ ပေးလေ့မရှိဘဲ ကိုယ်ကျိုးသုံးလေ့ရှိကြ သည်။ တချို့ဆိုလျှင် ဘုရားအလှူငွေ ကိုပင် အလွဲသုံးစားလုပ်လာကြသည်။ ကြောက် မက်ဖွယ်ရာကောင်းလှသည်။
မိမိ၏ပြိုင်ဘက်စီးပွားပျက်လျှင်၊ ကျရှုံးလျှင်ပျော်ရွှင်ကြသည်။ တခြားသူ အောင်မြင်မှုရရှိလျှင်၊ ကြီးပွားတိုးတက် လာလျှင် မေးငေါ့တတ်ကြသည်။ အများ သုံးအိမ်သာများတွင်လက်ဆေးပြီးလျှင် ရေပိုက်ခေါင်းကိုမပိတ်ဘဲထားခဲ့လေ့ ရှိသည်။ ရုံးဆင်းလျှင် မီးနှင့်ပန်ကာ များကိုဖွင့်ထားခဲ့သည်။ နေ့ခင်းဘက်တွင် လမ်းမီးများကို ဖွင့်ထားတတ်သည်။ တချို့သောရုံးခန်းများနှင့်ဆေးရုံများတွင် အဲယားကွန်းများကို နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးတွင် ၂၄ နာရီပတ်လုံး အချိန်ပြည့်ဖွင့်ထားတတ်သည်။ မိုးရွာ နေသည့်တိုင်အောင်မြက်ခင်းဖျန်းသည့် ရေပန်းများကိုဖွင့်ထားတတ်သည်။
လူအများနေထိုင်သည့် ဆေးရုံ၊ ကျောင်း၊ ဘူတာ၊ ကားဂိတ်၊ ရုံး၊ ဌာန များတွင် အလွန်အကျွံ မီးခိုးထွက်အောင် ဆေးလိပ်သောက်လေ့ရှိသည်။ သန့်ရှင်း တောက်ပြောင်နေသော အဆောက်အအုံ များ၊ လှေကားများ၊ လမ်းမများပေါ်တွင် ကွမ်းတံတွေးများထွေးတတ်သည်။ ဇိမ်ခံ ကားကြီးများ စီးနိုင်သော်လည်း လမ်းမ ပေါ်သို့ စားကြွင်း၊ စားကျန်အမှိုက်များ စွန့်ပစ်တတ်ကြသည်။ နောက်ဖေးလမ်း ကြားများတွင် အမှိုက်များစွန့်ပစ်ကြ သည်။ အမှိုက်မပုံရသည့် နေရာတွင် အမှိုက်များခိုးပုံကြသည်။
ဘတ်စ်ကားများပေါ်တွင် ခရီးသည် များလျှင်အောက်တန်းကျသည့်အမျိုးသား များသည် အမျိုးသမီးများကိုအခွင့် ကောင်းယူကြသည်။ သံဃာတော်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် များနှင့် မသန်စွမ်းများအတွက် သတ်မှတ် ထားသည့်ထိုင်ခုံကို အားကောင်းမောင်း သန်များ၊ ငယ်ရွယ်သူများက အခန့်သား ထိုင်နေတတ်သည်။ ခရီးသည်များသည် ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက် များ၏ပြုသမျှကိုနုကြရသည်။ ဂိတ်မှူး များ၏အဟောက်ခံရသည်။ မိဘမဲ့ ကလေးငယ်များကို ပိုက်ဆံတောင်းခိုင်း သည်။ ခြေလက်ကောင်းမွန်သူများက တောင်းစားနေကြသည်။
လမ်းတွင်သံဃာတော်များတွေ့လျှင် အရိပ်ကိုပင်ရှောင်ကွင်းသွားရမည့်အစား ပခုံးချင်းယှဉ်ကာတိုက်သွားကြသည်။ သက်ကြီးဘိုးဘွားများတွေ့လျှင်လည်း လမ်းဖယ်ပေးရမည့်အစား အတင်းတိုး ဝှေ့သွားတတ်ကြသည်။ မိဘ၊ ဆရာများ ကို သူငယ်ချင်းလိုဆက်ဆံလာကြသည်။
ပြန်လည်အော်ဟစ်ကြိမ်းမောင်း လာကြ သည်။ အသား၊ ငါးများကိုရေထိုး ရောင်းကြသည်။ အသီးအနှံများကို ဆိုး ဆေးများသုံးပြီး အချိန်မတိုင်မီ ခူးဆွတ် ရောင်းကြသည်။ သတ်မှတ်အလေးချိန် မပြည့်တော့ပေ။ စည်ပင်ကတ္တားသည် အမြဲတမ်းပျက်နေလေ့ရှိသည်။ လူသွား စင်္ကြံများပေါ်တွင်အဖီများဆွဲကာ ဆိုင်ခန်း ငှားစားကြသည်။ စည်ပင်နှင့်ပေါင်း၍ လမ်းပေါ်တွင်ဈေးရောင်းကြသည်။
တချို့သောဝန်ထမ်းများသည် ရုံးကို နောက်ကျမှလာပြီး ရုံးစောစောဆင်းလေ့ ရှိသည်။ အဲယာကွန်းခန်းထဲတွင် ဖေ့စ် ဘွတ်စ်သုံးနေတတ်ကြသည်။ ဆယ်ဖီဆွဲ ကြသည်။ တင်ကြသည်။ ရုံးဖုန်းဖြင့် တစ်နိုင်ငံလုံးရှိ ဆွေမျိုးများကို ဖုန်းဆက် လေ့ရှိကြသည်။ ကော်ဖီသောက်မည်။ ဆေးလိပ်သောက်မည်။ သူများမကောင်း ကြောင်း၊ ကိုယ်ကောင်းကြောင်းပြောကြ မည်။ အထက်ဖားအောက်ဖိလုပ်မည်။ အချင်းချင်းကတုံးကတိုက် လုပ်မည်။ လ ကုန်လျှင်လစာထုတ်ကြမည်။ နှစ်ချုပ် လိုက်လျှင် ထိုဌာန၏စွမ်းဆောင်ရည် ကိုမယ်မယ်ရရမတွေ့ရပေ။ ရုံး၊ ဌာန၊ အဖွဲ့အစည်းအကြီးအကဲများသည် လက် အောက်ကဖားသည်ကိုသာယာနေတတ် ကြသည်။ အောက်ခြေတွင်ဖြစ်ပျက်နေမှု များကိုသိရှိအောင် ထဲထဲဝင်ဝင်လေ့လာ လေ့မရှိပေ။ မိတ်ကပ်လုပ်ထားသောအစီ ရင်ခံစာနှင့်တင်ပြချက်များကို ဖတ်ပြီးလွဲ မှားသောဆုံးဖြတ်ချက်များချလေ့ရှိသည်။
လုပ်ပိုင်ခွင့်ရှိသူကိုဖားမည်။ ချဉ်း ကပ်မည်။ အိတ်ကပ်ထဲကိုထည့်မည်။ တချို့သောလုပ်ပိုင်ခွင့်ရှိသူများ၊ ဌာန များက လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားလုပ် စားကြမည်။ စာရင်းလိမ်တောင်းမည်။ ပစ္စည်းလိမ်ထုတ်မည်။ ရာခိုင်နှုန်းခံစား ခွင့်ဖြင့် ခွင့်ပြုမိန့်ထုတ်ပေးမည်။ လုပ်ပိုင် ခွင့်ဖြင့်တင်ဒါအောင်မည်။ လေလံကို တစ်ဆင့်ပြန်လည်ရောင်းချမည်။ ကန် ထရိုက်တာများက အရည်အသွေးမမီ သောအဆောက်အအုံများ၊ လမ်းတံတား များဆောက်လုပ်မည်။ အရည်အသွေး စစ်ဆေးရေးအဖွဲ့ကိုပေးမည်၊ ကမ်းမည်။ ထို အဆောက်အအုံများသည်နှစ်အနည်း ငယ်အတွင်းပျက်မည်။ ထို့နောက် ပြင်ရ မည်။ နိုင်ငံတော်ငွေထပ်မံကုန်ရသည်။ နိုင်ငံတော်က ထိုငွေကိုပြည်သူများထံမှ အခွန်ပြန်ကောက်ရသည်။
နောက်ဆုံးတွင် အောက်ခြေလူတန်းစားများသည် ဆင်းရဲ တွင်းနက်သည်ထက်နက်လာကြသည်။ပြည်ပတွင် အလုပ်လုပ်နေကြသည့် မြန်မာအချင်းချင်းတွေ့ပြီဆိုလျှင် ကူညီ ရိုင်းပင်းရမည့်အစား အရင်ရောက်နေသူ များသည် နောက်မှလာသည့်လူသစ်များ ကို ဖြတ်စား လျှပ်စားလုပ်တတ်ကြ သည်။ စက်ရုံ၊ အလုပ်ရုံများတွင် သူဌေး အလိုကျလုပ်တတ်ကြသည်။ လုပ်ပိုင်ခွင့်ရ မည်ဆိုလျှင်၊ မျက်နှာရမည်ဆိုလျှင်၊ ငွေရ မည်ဆိုလျှင် မြန်မာမိန်းကလေးများကို နိုင်ငံခြားသား သူဌေးများနှင့်လွှတ်ပေး ကြသည်။ နိုင်ငံကူးလက်မှတ်သက်တမ်း တိုးရေး၊ အခွန်ဆောင်ရေးနှင့်ထောက်ခံ ချက်များရရှိရေးတို့တွင် သံရုံးမှတာဝန်ရှိ သူများနှင့် ချိတ်ဆက်ကာအချင်းချင်း အမြတ်ထုတ်လေ့ရှိကြသည်။ တရားမ ဝင်နေထိုင်သူများကိုရဲသို့လက်တို့ကြသည်။

အချိန်မီပြုပြင်သွားဖို့လို
*********************
မည်သည့်အရာမဆိုအသေးအဖွဲဟူ၍ မရှိချေ။ နိုင်ငံသားတိုင်းသည် မိမိတို့ ပြုမူ လုပ်ကိုင်သည့်အရာမှန်သမျှကို ကိုယ်စီ အသိစိတ်ဖြင့် စတင်ပြုပြင်သင့်ပေသည်။ မှားယွင်းချွတ်ချော်မှုမှန်သမျှ အတွက် တခြားသူအား လက်ညှိုးထိုးသည့် အကျင့် ဆိုးမျိုးကိုပြင်သင့်ပြီဖြစ်သည်။ မိမိ ကိုယ်တိုင်ဆန်းစစ်သင့်ပြီဖြစ်သည်။ မိမိ ရပ်ရွာနှင့်မိမိနိုင်ငံအတွက် မည်သည့်အရာ များကိုအကျိုးပြုခဲ့ပြီလဲဟု ပြန်လည်သုံး သပ်သင့်ပေသည်။ လမ်းတွင်တွေ့သည့် အမှိုက်တစ်မျှင်မျှပင် မကောက်ဖူးသော သူသည် ကြီးကြီးကျယ်ကျယ်စကားတွေ မပြောသင့်ပေ။ အပြောနှင့်အလုပ် ထပ် တူကျဖို့ လိုပေသည်။
တချို့သောသူများသည် မိမိ၏မိ သားစုတာဝန်ကိုပင် ကျေပွန်စွာထမ်း ဆောင်နိုင်ခြင်းမရှိကြချေ။ သို့သော် ထို သူများသည် ရပ်ကွက်ထဲတွင်ဟောင်ဖွာ ဟောင်ဖွာဖြင့် ပြောဆိုတတ်သည်။ မိမိ ရပ်ကွက်နှင့်ကျေးရွာအတွက် မည်သည့် အရာများကိုပေးဆပ်ခဲ့ပြီလဲ။ အမှိုက် လှည်းဖူးပါသလား။ လမ်းဖို့ဖူးပါသလား။ ကြက်ခြေနီ၊ မီးသတ်စသည့် ပရဟိတ လုပ်ငန်းများကိုရော ဆောင်ရွက်ဖူးပါ သလား။ ဆိုခဲ့ပါပရဟိတလုပ်ငန်းတစ်ခုခု ကိုမျှ မလုပ်ဖူးလျှင်ယနေ့မှစ၍ စိတ်ဓာတ် တွေကိုစတင်ပြုပြင်သင့်ပါသည်။ မိမိ နေထိုင်ရာပတ်ဝန်းကျင်တွင် အမှိုက် တစ်မျှင်တွေ့နေပြီဆိုလျှင် မိမိတွင်လည်း တာဝန်ရှိသည်ဆိုသော စိတ်ဓာတ်မျိုး မွေး ထားသင့်ပါသည်။
ယနေ့မှစ၍အပြုအမူ မှန်သမျှကို အပြုသဘောဆောင်စွာ ပြုလုပ်သွားကြ ပါစို့။ မိမိပတ်ဝန်းကျင်ကို အကျိုးပြုသူ များအဖြစ်ရပ်တည်သွားကြပါစို့။ မိမိ ပတ်ဝန်းကျင်တွင် အမြင်မတော်သည်များ တွေ့ခဲ့လျှင် ပြုပြင်သွားကြပါစို့။ အားနွဲ့ သူများတွေ့လျှင် ကူညီသွားကြပါစို့။ မတရားမှုများတွေ့နေလျှင်သက်ဆိုင်ရာ ကို အသိပေးသွားကြပါစို့။ ထို့အပြင် လမ်းပေါ်တွင်အမှိုက်များပြန့်ကျဲနေလျှင်၊ ရေချိုးခန်း၊ အိမ်သာများတွင် ရေပိုက် ခေါင်းများပွင့်နေမည်ဆိုလျှင်၊ နေ့ခင်း ဘက်တွင် လမ်းမီးများပွင့်နေမည်ဆိုလျှင် မိမိတို့ တာဝန်လိုသဘောထားပြီး အချိန်မီ ပြုပြင်ဆောင်ရွက်သွားကြပါစို့။ သို့မှသာ လျှင် တိုင်းပြည်အတွက်မဆုံးရှုံးသင့်သော အရင်းအမြစ်များကို ချွေတာထိန်းသိမ်းနိုင် မည်ဖြစ်သည်။ လူ့ကျင့်ဝတ်နှင့်အညီ နေထိုင်တတ်သော နိုင်ငံကြီးသားများ ပီသအောင်ပြုမူကျင့်ကြံနေထိုင်သွားမည် ဆိုလျှင်တိုင်းပြည်အတွက်များစွာ အကျိုး ဖြစ်ထွန်းနေမည်မဟုတ်ပါလား။
ဆိုရလျှင် မြန်မာ့လူမှုအသိုက်အဝန်း တွင်မှုခင်းများထူပြောလာပြီဖြစ်သည်။ မှုခင်းဖြစ်ပွားရခြင်း၏ အဓိကအကြောင်း ရင်းသည်ဆင်းရဲတွင်းနက်နေခြင်း၊စာမတတ် ခြင်း၊စာမဖတ်ခြင်း၊အသိပညာဗဟုသုတ ခေါင်းပါးခြင်းတို့ကြောင့်ဖြစ်သည်။ ထိုသို့ စိတ်ဓာတ်ချူချာလာသောမြန်မာ့လူမှု အဖွဲ့အစည်းကို ဤပုံစံအတိုင်းသား လွှတ် ပေးထားမည်ဆိုလျှင် အနာဂတ်မျိုးဆက် သစ်များအတွက်ရင်လေး စရာပင်ဖြစ် သည်။ ထို့ကြောင့် ပရဟိတအဖွဲ့အစည်း များ၊အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့်ငွေကြေးတတ်နိုင်သူများသည် မြန်မာ့ လူ့အဖွဲ့အစည်း၏ စိတ်ဓာတ်ကျန်းမာ ကြံ့ခိုင်ရေးအတွက်အချိန်မီ ဝိုင်းဝန်းပြုပြင် ပေးသင့်နေပြီဖြစ်သည်။
စင်စစ်အားဖြင့်မြန်မာတို့သည် တခြား သူအောင်မြင်မှု၊ ကြီးပွားတိုးတက်မှုကို မုဒိတာမပွားနိုင်ကြပေ။ သင့်တင့် လျောက်ပတ်စွာ နှလုံးမသွင်းနိုင်ကြပေ။ ရန်လိုမုန်းတီးလာကြသည်။ မေတ္တာ တရားခေါင်းပါးလာကြသည်။ ကိုယ် ချင်းစာတရား နည်းပါးလာကြသည်။ ကူညီရိုင်းပင်းလိုစိတ် ပျောက်ဆုံးလာကြ သည်။ ကြီးသူရိုသေ၊ ရွယ်တူလေးစား၊ ငယ်သူကို သနားဆိုသောစိတ်ဓာတ်ကို လည်း မကျင့်သုံးကြတော့ပေ။ ဤပုံစံ အတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် အနာဂတ် မြန်မာ့လူအဖွဲ့အစည်းသည် အောင်မြင်မှုကို တည်ဆောက်နိုင်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီ အနေ ဖြင့် လူ့ကျင့်ဝတ်ကိုလိုက်နာလျက် မြန်မာ့ လူ့အဖွဲ့အစည်းကြီး ငြိမ်းချမ်းသာယာဝ ပြောအောင် တည်ဆောက်သွားကြပါစို့ဟု အကြံပြုတိုက်တွန်းပါရစေ။