images
UN
UN
ဇရာအို၏ တမ်းချင်း(ကဗျာ)
ညွန့်လှိုင်ဝင်း(ကွမ်းခြံကုန်း) Wednesday, 10 October 2018
* အသက်ကြီးပြီ ကြီးသည့်ဒေါသ
နည်းပါးရအောင် သတိဆောင်အံ့။
* ဆံပင်ဖြူပြီ ဖြူစင်စိတ်ထား
နှလုံးသားမှာ
ပွားများစေရန် ငါကျင့်ကြံအံ့။
* အရေတွန့်ပြီ မတွန့်မဆုတ်
မလုပ်တော့ပါ မကောင်းရာတည့်။
* သွားတွေကျိုးပြီ မကျိုးမာန
မာန်စွယ်ပြတာ ဆင်ခြင်ပါအံ့။
* မျက်စိမှုန်မွှား ဝေရီဝါးပြီ
တရားမမြင် ဆင်ခြင်မဲ့ကင်း
နေထိုင်ခြင်းမှ
လွတ်ကင်းရအောင် ငါကျင့်ဆောင်အံ့။
* အို... အသက်ကြီး၍ ပျက်စီးယိုယွင်း
သေမင်းခေါ်ရာ လိုက်ပါလုဆဲ
အားမာန်ခဲ၍ မိုက်မဲဗျာပို
ဇရာအိုဟု ထိုထိုပြောကြား
စကားကိုမျှ မကြားရအောင်
သတိဆောင်လျက် ကောင်းအောင်ကြိုးစား
စိတ်ထားပြုပြင် ငါဆင်ခြင်၍
လူ့ခွင်လောက လူ့ဘဝကို
အလှဆင်သူဖြစ်ချင်တကား။