images
UN
UN
မြန်မာပီသ တူရာသီအလှ(ကဗျာ)
မောင်ခြိမ့် Wednesday, 17 October 2018
* ''တူရာသီ''တွင်း ဝါလကင်း၍
သီတင်းကျွတ်ခါ ရောက်လာခဲ့ပြီ
ဝဠာဆီ၌ ပန်းချီတိမ်တိုက်
မျောပါခိုက်တွင် ညိုလိုက်ပြာလိုက်
ဖြူလိုက်တစ်လီ ဝါသည်တစ်နည်း
ရုတ်ခြည်းပြောင်းလဲ မိုးစဲရာသီ
ရောက်ခဲ့ပြီတည့်။
* မယ်တော်မိနတ် ကျေးဇူးဆပ်၍
လူ့ရပ်ပြည်ထံ ပြန်၍ကြွဆင်း
တန်ဆောင်းခင်း၍ လူမင်းနတ်မင်း
ဗြဟ္မာမင်းများ
ဝပ်စင်းခယ ပူဇော်ကြ
ဆီမီးရောင်ဝါထွန်းတဲ့လ။
* စူဠာမဏိ တုမရှိသည့်
မုနိစေတီ ရွယ်ရည်မိုးယံ
မီးပုံးပျံတို့ တစ်ရံမစဲ
တိမ်တိုက်ထဲမှာ
ပျံဝဲပူဇော်ကြလေပြီ
သီတင်းကျွတ်လ တူရာသီ။
* သြော်...ဆယ့်နှစ်လရာသီ မြန်မာပြည်တွင်
အစဉ်ကျင်းပ ပျော်ကြရွှင်ကြ
စည်းလုံးကြ၏ ကျွေးကြမွေးကြ
လှူဒါန်းကြ၏ မြန်မာ့စိတ်ထား
လေးစားဖွယ်ရာ ဖြူစင်စွာကို
ကမ္ဘာသိစေချင်ဘိတကား...။