images
UN
UN
တရုတ်နိုင်ငံမှဆန်ဝယ်ယူမှု ရပ်ဆိုင်းထားခြင်းကြောင့် ဈေးကွက်ပျက်၍ အလုပ်အကိုင်များရပ်နားထားရ
ထက်မြတ်(မန္တလေး) Tuesday, 30 October 2018
မြန်မာနိုင်ငံအတွင်းမှ တရုတ် နိုင်ငံသို့ အဓိကထားတင်ပို့နေသော ပြည်ပပို့ဆန်များအား တရုတ်နိုင်ငံမှ လုံးဝဝယ်ယူမှုမရှိခြင်းကြောင့် ဈေး ကွက်ပျောက်ကာ ကုန်သည်များ အလုပ်အကိုင်ရပ်နားထားရသည့် အခြေအနေဖြင့် ရင်ဆိုင်နေရ ကြောင်း မန္တလေးတိုင်းဒေသကြီး ဆန်ကုန်စည်ဒိုင်မှ သိရသည်။
''ပြည်တွင်းမှ ပြည်ပပို့ဆန် တွေအကုန်လုံးက တရုတ်နိုင်ငံ တစ်ခုတည်းကိုပဲ တင်ပို့နေကြရတာ ပါ။ အခုသူတို့က လုံးဝမဝယ်တဲ့ အတွက် ကုန်သည်တွေဘာလုပ်ရ မှန်းမသိဘဲ အလုပ်ကိုရပ်နေရတယ်။ ဈေးကလည်း တစ်အိတ်ကိုကျပ် ငါးထောင်လောက်ထိ ကျဆင်းလာ တယ်''ဟု ကုန်စည်ဒိုင်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
တရုတ်နိုင်ငံမှ ယခင်က မြန်မာနိုင်ငံအတွင်းရှိ စပါးများကို အဓိကထားဝယ်ယူခဲ့သော်လည်း ပြည်တွင်းစပါးများကို ရောင်းချ ခြင်းမပြုတော့ဟု ကန့်သတ်လိုက် ခြင်းနောက်ပိုင်းမှစတင်ကာ ဆန် များကို ဝယ်ယူခြင်းမပြုတော့ခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းမှ ပြည်ပ ပို့ဆန်များမှာ တရုတ်ဈေးကွက် တစ်ခုတည်းကိုသာ မှီခိုနေရသဖြင့် ယခုကဲ့သို့သော အခြေအနေများ ဖြင့်ရင်ဆိုင်ရခြင်းဖြစ်သည်။
''ဆန်ကြမ်းဈေးက ၃ဝဒသမ ၇၅ တစ်အိတ်ကို အရင်က ကျပ် ၂၄ဝဝဝ ဝန်းကျင်လောက်ကနေ အခုဆို ကျပ် ၂ဝဝဝဝ လောက်ပဲ ဈေးရှိတယ်။ အဝယ်ကမရှိဘူး။ ဒီဈေးက သယ်ယူပို့ဆောင်ရေး စရိတ်မပါသေးဘူး။ အဲဒါတွက် လိုက်ရင် တစ်အိတ်ကို ကျပ် ငါးထောင်လောက်ကျတယ်။ဒီဈေး အတိုင်းဆိုရင် တောင်သူတွေလည်း အဆင်ပြေကြမှာမဟုတ်တော့ဘူး'' ဟု ဆန်ကုန်သည်တစ်ဦးက ပြော သည်။
ယခုကဲ့သို့အခြေအနေများဖြစ် ပေါ်ခြင်းနှင့် ပတ်သက်ကာ နိုင်ငံ တစ်ခုတည်းကို အားကိုးကာ တင်ပို့ နေရခြင်းမျိုးမလုပ်ဆောင်ဘဲအခြား သော ပြည်ပနိုင်ငံသို့ တင်ပို့နိုင်ရန် ကုန်သည်ကြီးများအနေဖြင့် ကြိုး စားလုပ်ဆောင်ရန်လိုအပ်သကဲ့သို့ နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီမှုများ ကိုလုပ်ဆောင်ပေးစေလိုကြောင်း ဆန်ကုန်သည်အများစုက ပြော သည်။
''ဆန်ကြမ်းက အခုဆိုရင် ပဲခူးတိုင်းဘက်ကထွက်လာပြီ။ အဝယ်ကလည်း သိပ်မရှိတော့ ကုန်သည်တွေကလည်း ထိုင်နေ ရတယ်။ အခုဈေးနဲ့ဆိုရင်တောင်သူ တွေလည်းအဆင်ပြေမှာမဟုတ် ဘူး''ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ပြည်ပပို့ဆန်ဈေး ကွက် ကျဆင်းနေသော်လည်း ပြည်တွင်းစားသုံးဆန်အမျိုးအစား များမှာတော့ ဈေးနှုန်းကျဆင်းခြင်း မရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ် လျက်ရှိသဖြင့် တောင်သူအားလုံး ထိခိုက်မှုတော့မရှိနိုင်ကြောင်း သိရ သည်။
ပြည်ပပို့ဆန်ဈေးနှုန်းများအဖြစ် ၃ဝ ဒသမ ၇၅ တစ်အိတ်လျှင် သုခ ကျပ် ၂ဝဝဝဝ၊ ရတနာတိုး ကျပ် ၂၁ဝဝဝ၊ ပြည်တွင်းစားသုံး ဆန်များအဖြစ် တစ်တင်းခွဲ တစ်အိတ်လျှင်ရွှေဘိုပေါ်ဆန်း ကျပ် ၆ဝ၅ဝဝ၊ ပေါ်ဆန်း ကျပ် ၅၆ဝဝဝ၊ ငစိန်ကျပ် ၂၇ဝဝဝ ၊ မနောသုခ ၂၆ဝဝဝ ကျပ်၊ ရွှေဘိုမနော် ကျပ် ၄၂ဝဝဝ၊ ဇီယာ ကျပ်၂၈ဝဝဝ ရှိ ကြောင်း သိရသည်။