images
UN
UN
အမြတ်ဆုံးတန်ကြေး(ကဗျာ)
မောင်စိမ့်စမ်း(ဇလွန်) Wednesday, 07 November 2018
* ရွာဝင်လမ်းထိပ် ကုက္ကိုရိပ်ဝယ်
ချွေးသိပ်ပန်းပြေ ခိုနားစေဖို့
မြေညီတလင်း နေပြောက်ကင်း၏
ဖန်ဆင်းသူရဲ့စေတနာ။
* မြရည်စိမ်းစို ပင်ကုက္ကိုဝယ်
နေညိုစွယ်ကျိုး ငါ့အဘိုး၏
ရေအိုးတစ်စင် စိမ့်စမ်းသွင်သို့
ဝင်လာသသူ ညှိုးအပူကို
ဖေးကူစာနာ ဖြူမေတ္တာလျှင်
နှိုင်းရာတုကင်း မယှဉ်သာ။
* နွေနေပူလမ်း ခရီးပန်း၍
အနွမ်းလည်းပြေ အရိပ်ဝေ၍
ရေစင်ကျောက်စက် အစွမ်းထက်သော်
မျက်နှာငွေလ ရွှင်ပျပျကို
မြင်ရခိုက်တွင် ရေချမ်းစင်၏
သခင်စိတ်ဝမ်း ပီတိလျှမ်းသည်
ပြုံးပန်းတစ်ရာ ဝေတကား။