နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သတင်းမီဒီယာများသည် အပြုသဘောမဆောင်ဟု အကြိမ်ကြိမ်ပြောဆိုခဲ့မှုအတွက်
များစွာစိတ်မကောင်းဖြစ်မိသည်ဟု PCMJ မှ သတင်းထုတ်ပြန်
မေနဒီမြနွယ်
Monday, 26 November 2018
မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီ (PCMJ) မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ယခုလ ၂၃ ရက်နေ့တွင်တွေ့ဆုံခဲ့ရာ မိမိတို့အနေဖြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံမှုသည် အပြုသဘော ဆောင်သော်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က သတင်း မီဒီယာများသည် အပြုသဘောမဆောင်ဟု အကြိမ် ကြိမ် ပြောဆိုခဲ့မှုအတွက်များစွာ စိတ်မကောင်းဖြစ်မိ သည်ဟု မြန်မာသတင်းသမားများကာကွယ်စောင့် ရှောက်ရေးကော်မတီ (PCMJ) မှ သတင်းမီဒီယာ၊ သတင်းလွတ်လပ်ခွင့်များနှင့်ပတ်သက်၍ ယမန်နေ့ နံနက်ပိုင်းက ထုတ်ပြန်သော သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။
ထို့ပြင် အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ(MPC) အဖွဲ့ဝင်ဦးလှိုင်းသစ် ဇင်ဝေ(ခ)ဦးသာလွန်ဇောင်းထက်၊ ဦးပိုင်စိုးဦးတို့ သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံရာ တွင် အတိုင်ပင်ခံက သတင်းမီဒီယာများနှင့် ဆိုရှယ် မီဒီယာလူမှုကွန်ရက်များ အားပြိုင်နေကြောင်း၊ ဆိုရှယ်မီဒီယာများသည် သတင်းမီဒီယာများကဲ့သို့ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိသကဲ့သို့ သတင်းမီဒီယာ များတွင်လည်း တာဝန်ယူမှုတာဝန်ခံမှုမရှိကြောင်း ပြောဆိုခဲ့ကြောင်း၊ ထို့ပြင်နာမည်ကြီး နိုင်ငံတကာ မီဒီယာကြီးတစ်ခုက ကမ္ဘောဒီးယားနိုင်ငံတွင် ကလေးငယ်တစ်ဦး ရိုက်နှက်ခံရသည်ကို ရိုဟင်ဂျာ ကလေးငယ်တစ်ဦး ရိုက်နှက်ခံရသည်ဟု ဓာတ်ပုံနှင့် တကွ သတင်းဖော်ပြပြီး ပြန်လည်အမှားပြင်ဆင် ချက် တော်တော်နှင့်မထုတ်ဘဲ ထုတ်သည့်အချိန်တွင် လည်း
မထင်မရှား ထုတ်ပြန်သည်ဟု ဆက်လက် ပြောဆိုခဲ့ရာ မြန်မာသတင်းမီဒီယာကောင်စီဝင်တစ်ဦး က Media Literacy အကြောင်းကို ပြန်လည်ရှင်း လင်းပြောဆိုသော်လည်း လက်သင့်မခံဘဲ သတင်း မီဒီယာများသည် မိမိအလျဉ်းသင့်သလို တစ်ဖက် တည်း ပြောစကားများကိုသာ ဖော်ပြသည်ဟု အတိုင်ပင်ခံမှပြန်လည် ပြောကြားခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့နောက် PCMJ မှ ဦးပိုင်စိုးဦးက Access to Information ရခိုင်ဒေသတွင် မရှိသည့် ကိစ္စ ထောက်ပြရာတွင် နိုင်ငံတော်အတိုင်ပင်ခံက Access to Information ရှိလျှင်လည်းသတင်း မီဒီယာများ သည် ရေးချင်ရာ ရေးကြပြီး သတင်းမှားများ ရေးသားမှုရှိကြောင်း ပြောဆိုခဲ့သည့်အတွက် မိမိတို့ PCMJ အနေဖြင့်နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံရာတွင် တွေ့ဆုံမှုသည် အပြုသဘောဆောင် သော်လည်း သတင်းမီဒီယာများသည် အပြုသဘော မဆောင်ဟု အကြိမ်ကြိမ်ပြောဆိုခဲ့မှုအတွက် များစွာ စိတ်မကောင်းဖြစ်မိသည်ဟု ပါရှိသည်။
အလားတူ မြန်မာသတင်းသမားများကာကွယ် ရေးကော်မတီက ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး၊ ဒုဝန်ကြီးတို့နှင့် ယခုလ ၂၄ ရက်က တွေ့ဆုံရာ၌ PCMJ မှ ဦးသာလွန်ဇောင်းထက်က တင်ပြရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် သတင်း မီဒီယာများအပေါ် အမြင်စောင်းနေမှုသည် စိတ် မကောင်းစရာဖြစ်ပြီး တိုင်းပြည်၏ အရေးကြီးဆုံး သော ခေါင်းဆောင်က ထိုသို့ ပြောဆိုခြင်းသည် သတင်းမီဒီယာများအတွက် မကောင်းပါကြောင်း၊ Access to Information မရှိမှု ထောက်ပြတောင်းဆို ရာတွင် သတင်းမီဒီယာများက ရေးချင်ရာရေးကြ သည်ဟု အတိုင်ပင်ခံမှ ပြောဆိုမှုသည် သတင်း လွတ်လပ်ခွင့်အတွက် အလွန်ဆိုးရွားပါကြောင်း၊ သတင်းတု၊ သတင်းမှားများစွာ ရှိနေသည့်အတွက် လာမည့် ၂ဝ၂ဝ တွင် နိုင်ငံရေးရှုပ်ထွေးနိုင်သဖြင့် Media Literacy၊ သတင်းတုများအကြောင်း အသိ ပညာပေးမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့်ပါ ကြောင်း တင်ပြခဲ့သည်။
ထို့ပြင် ပုဂ္ဂလိက သတင်းမီဒီယာများ သတင်း ရယူရာတွင် ခွဲခြားဆက်ဆံမှုများရှိနေပြီး အစိုးရ သတင်းမီဒီယာများ သတင်းယူနိုင်သည့်နေရာများ တွင် ပုဂ္ဂလိကသတင်းမီဒီယာများအား သတင်း ယူခွင့်မပြုသည့် အခြေအနေများ ရှိနေသည့်အတွက် ယင်းအခြေအနေသည် သတင်းလွတ်လပ်ခွင့်အတွက် မကောင်းပါကြောင်း၊ နိုင်ငံပိုင်သတင်းမီဒီယာများ သည် အစိုးရ၏ ဝါဒဖြန့်သတင်းမီဒီယာများအဖြစ် မရှိသင့်ဘဲ ပြည်သူလူထုကို အကျိုးပြုသည့် မီဒီယာ များအဖြစ် ပြုပြင်ပြောင်းလဲစေလိုသည့်အပြင် သတင်း ရယူခွင့်အတွက် ခွဲခြားဆက်ဆံခြင်းကို ပြင်စေချင် ကြောင်း၊ လက်ရှိအခြေအနေတွင် ပုဂ္ဂလိကသတင်း မီဒီယာများ ရှင်သန်ရပ်တည်ရေး ခက်ခဲနေသည့် အတွက် အစိုးရဘက်မှ သတင်းမီဒီယာများ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွတ်လပ် သော သတင်းမီဒီယာများ ကျရှုံးပြီး နိုင်ငံပိုင်မီဒီယာ များသာ ကျန်ရစ်လျှင် ဒီမိုကရေစီပုံရိပ်ကို ထိခိုက် နိုင်သကဲ့သို့အထူးသဖြင့် ဒေါ်လာဈေးမြင့်တက်သော ကြောင့် သတင်းစာစက္ကူဈေးများမြင့် တက်နေသည့် အတွက်ပုဂ္ဂလိက သတင်းစာများကို ထုတ်ဝေနိုင် ခြင်း မရှိတော့သည့်အခြေအနေကို အစိုးရဘက်က တစ်စုံတစ်ရာ အမြန်ဆုံး ကူညီပေးသင့်ကြောင်း ဆက်လက်တင်ပြခဲ့ကြောင်း ဖော်ပြထားသည်။
အလားတူ PCMJ မှ ဦးပိုင်စိုးဦး၏ တင်ပြချက် တွင် လွှတ်တော်တွင် သတင်းရယူသည့် အခန်းကို ပြန်လည်ဖွင့်ပေးစေလိုကြောင်းနှင့် နိုင်ငံတကာအစည်း အဝေးကြီးများတွင် သတင်းထုတ်ပြန်မှု အချိန်နှင့် တစ်ပြေးညီလုပ်ဆောင်ပေးစေလိုကြောင်း တင်ပြခဲ့ သည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။