images
UN
UN
လေ့လာစရာရှေးဟောင်းအမွေအနှစ်များစွာတည်ရှိသည့် မက္ခရာမြို့ဟောင်း
နွေနဒီ(မြစ်ငယ်) Friday, 30 November 2018
မြန်မာနိုင်ငံတွင် ရှေးဟောင်း မြို့များစွာရှိပြီး ကိုယ့်ထီးကိုယ့်နန်း ဖြင့် သမိုင်းခိုင်မာစွာတည်ရှိသော မြို့နိုင်ငံအဖြစ် ဂုဏ်ယူဖွယ်တည် ရှိနေသည်။ အချို့သောမြို့ဟောင်း များသည် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်သွားပြီး ကျန်ရှိနေသော သမိုင်း ဝင်ရှေးမြို့ဟောင်းများကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။အညာဒေသတွင် လေ့လာဖူးမြော် စရာအဖြစ် မက္ခရာမြို့ဟောင်းမှ စေတီပုထိုးများကို ကြည်ညိုဖွယ် ဖူးမြော်နိုင်သည်။မက္ခရာမြို့ဟောင်း ရောက်ဘုရားဖူးများမှာ သမိုင်း ဝင်လက်ရာမြောက် ခြင်္သေ့ကြီး နှစ်ကောင်အနီး မှတ်တမ်းရိုက်ယူမှု များပြားလျက်ရှိကြောင်း သိ ရသည်။
စိတ်ဝင်စားဖွယ်ရာ မက္ခရာမြို့ ဟောင်းသည် ရှေးဘုရင်တို့ထီးနန်း စိုက်ရာသမိုင်းဝင်မြို့ပင်ဖြစ်သည်။နရသီဟပတေ့မင်းခေါ် တရုတ်ပြေး မင်းလက်ထက်တာတာ တရုတ် တို့ဝင်ရောက်ကျူးကျော်သောအခါ ပုဂံပြည် အင်ပါယာကြီး ဖရိုဖရဲ ပြိုကွဲသွားခဲ့သည်။ထိုအခြေအနေ တွင် လယ်တွင်းနယ်ရှိ မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်သုံးမြို့မှ ရှမ်းညီ နောင်သုံးဦးတို့က တိုက်ထုတ်နိုင် ခဲ့ပြီး သက္ကရာဇ် ၆၆၆ ခုနှစ်တွင် မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်တို့ တွင် ထီးပြိုင်နန်းပြိုင် တစ်စိတ် တစ်ဝမ်းတည်းညီညွတ်စွာထီးနန်း စိုးစံခဲ့ကြသည်။
မက္ခရာမြို့ဟောင်းသည် စဥ့် ကိုင်မြို့နယ် ကျောက်ဆည်ခရိုင် အရှေ့မြောက်ဘက် ဇော်ဂျီမြစ်နှင့် မြစ်ငယ်မြစ်ဆုံရာနေရာမြစ်နှစ်ခု၏ လက်ဝဲဘက်ကမ်းတွင်တည်ရှိသည်။ယခုအခါ ရှေးဟောင်းမက္ခမြို့ ဟောင်းရှိ စေတီပုထိုးများ ပြုပြင် မွမ်းမံလာခဲ့သည်မှာ ဆယ်နှစ် ကျော်ရှိပြီး သာယာဖြောင့်ဖြူးသော လမ်းပိုင်းများဖြင့် အလွယ်တကူ သွားရောက်ဖူးမြော်နိုင်ပြီဖြစ်သည်။
မက္ခရာမြို့ဟောင်းတွင် ရွှေ ရောင်တော်စေတီခေါ် လှေသူကြီး ဘုရား၊ စင်္ကြံလမ်းနှင့်ခြင်္သေ့ကြီး၊ ဆေးဘုရား၊မက္ခရာရွှေစည်းခုံစေတီ၊ ရွှေစာတီစေတီ၊ ရာဇာကြီးစေတီ၊ လိုဏ်ရှည်စေတီ၊မင်းကြီးရန်နောင်ဂူ၊ ဆုတောင်းပြည့်စေတီနှင့်အတူ အခြားစေတီပုထိုးများစွာကို လေ့လာဖူးမြော်နိုင်သည်။ ဘုရား အဆူဆူတိုင်းတွင် ထူးခြားသော သမိုင်းများနှင့် ထူးခြားသောရှေး ဟောင်းအမွေအနှစ်ဓာတ်တော်များ၊ ရုပ်ပွားတော်များကို ဖူးမြော်နိုင် သည်။ မက္ခရာမြို့ရိုးအနီး မြို့ရိုး စေတီနားတွင် စိတ်ဝင်စားဖွယ်ရာ ပျူအရိုးအိုးများကိုပါ လေ့လာနိုင် သည်။ ယခုအခါ အညာဒေသ လေ့လာစရာ မက္ခရာမြို့ဟောင်း ဒေသတွင်လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်နေပြီဖြစ်သည့်အတွက် ဘုရားဖူးများ လာရောက်ဖူးမြော် ကြသူများလာကြောင်းသိရသည်။