images
UN
UN
ရိုသေလေးစားမှုခံလိုပါသလား
မောင်သောင်းဝင်း(တမန်ဟောင်း) Monday, 03 December 2018
မြန်မာ့လူ့အဖွဲ့အစည်းတွင် ကြီးသူ ကိုရိုသေ၊ ရွယ်တူကိုလေးစား၊ငယ်သူကို သနားညှာတာသောအလေ့အထကောင်း ကို ရှေးယခင်ကတည်းကပင် ထိန်းသိမ်း ထားရှိသည်။ ''ဂါရဝေါစ နိဝါတောစ'' ဆိုသလို ဂါရဝတရား၊ နိဝါတတရား လည်းရှိပြီးဖြစ်သည်။ နေ့စဉ်စားဝတ်နေ ရေးအတွက် ရုန်းကန်လှုပ်ရှားရာတွင် လည်း တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ရိုသေလေးစားမှုရှိကြသည်။ အထူးသဖြင့် ဘာသာတရားအဆုံးအမအောက်တွင် ကြီးပြင်းခဲ့သူများ၊ မိကောင်းဖခင်တို့၏ သား၊သမီးများသည် ရိုသေထိုက်သူကို ရိုသေ လေးစားကြပါသည်။ လူတစ်ဦး သည် ရိုသေလေးစားမှုခံချင်လျှင် အရို သေခံနိုင်လောက်သော အကျင့်သီလနှင့် အရည်အချင်းတစ်ခုခုတော့ ရှိဖို့လိုပါ သည်။ အရည်အချင်းမပြည့်စုံသည့် အပြင် နာယကဂုဏ်များပါ ပျက်ကွက် နေသူ တစ်ဦးကို မည်သူကမျှ ရိုသေ လေးစားလိမ့်မည်မဟုတ်ချေ။ ရိုသေလေး စားမှုကို အာဏာပါဝါတို့ဖြင့်အတင်း အကျပ် တည်ဆောက်၍ရနိုင်မည်မဟုတ် ချေ။
မိဘနှင့်သား၊သမီး
တချို့သောမိသားစုများတွင် မိဘနှင့် သားသမီးများကြားတွင် နားလည်မှု လွဲမှားသောဆက်ဆံရေးပုံစံမျိုးကို တွေ့ ရတတ်သည်။မိဘများသည် သား၊သမီး များအပေါ် ကျိုးကြောင်းဆီလျော်စွာပြော ဆိုဆုံးမခြင်းမရှိဘဲ ငါတကောကော တတ်သည်။ ငါပြောသလိုလုပ်၊ ငါလုပ် သလိုမလုပ်နှင့်ဆိုသော စည်းကမ်းများ ထုတ်တတ်ကြသည်။ အကြောက်တရား ဖြင့် အုပ်ချုပ်ကြသည်။ အကျိုးဆက် အနေဖြင့် သား၊ သမီးများသည် လွဲမှား သော နည်းလမ်းဖြင့် ထွက်ပေါက်ရှာ သွားတတ်သည်။ အပေါင်းအသင်းမှား တတ်သည်။ သား၊သမီးများသည် မိဘ များအပေါ် ရင်ဖွင့်လိုစိတ်၊ အားကိုးလို စိတ်၊ယုံကြည်လိုစိတ်လျော့နည်းလာ တတ်သည်။ နစ်နာသူများသည်သား၊ သမီးများသာဖြစ်သည်။ မိဘများသည် စံပြဖြစ်နေမည်ဆိုလျှင် သားသမီးများ သည်လည်းစံပြလူငယ်များဖြစ်လာမည် ဖြစ်သည်။ မိဘများသည် ''မကောင်း မြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ် သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်း လျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ'' ဆိုသည့် မိဘကျင့်ဝတ် အတိုင်းသာ ကျင့်ကြံသွားမည်ဆိုလျှင် သားသမီး များထံမှယုံကြည်လေးစားအားကိုးသော ဆက်ဆံမှုမျိုးကို ရရှိနေမည်ဖြစ်သည်။
ဆရာနှင့်တပည့်
''ဆရာ မပြနည်းမကျ၊ ဆရာမပြ လျှင် ငါးပိဖုတ်တောင် နည်းမကျ'' ဆိုသောစကားရပ်များသည် လူ့လောက တွင် ဆရာတစ်ဦး၏အရေးပါသော အခန်းကဏ္ဍကို ဖော်ညွှန်းလျက် ရှိသည်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးသည် အနန္တဂိုဏ်းဝင်များပင် ဖြစ် ကြသည်။ သို့သော်မျက်မှောက်ကာလ တွင် အခြေခံပညာကျောင်းများအဆင့်၌ ပင်လျှင် ဆရာတပည့်ဆက်ဆံရေးသည် အေးခဲလာသည်။ တပည့်များသည် ဆရာ များအပေါ် ရိုသေကိုင်းရှိုင်းမှုအားနည်း လာသလို ဆရာများကလည်းတပည့်များ အပေါ် အမုန်းခံ၍ ပဲ့ပြင်ဆုံးမခြင်း၊ စေတနာထား၍ သင်ကြားပြသပေးခြင်း နှင့်သံယောဇဉ်တရားထားရှိခြင်းမျိုး နည်းပါးလာသည်။ ထို့ကြောင့် တပည့် များ၏ရိုသေလေးစားမှု အစဉ်ရရှိနေစေ ရန်အတွက် ဆရာများသည် ''အတတ် လည်း သင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန် ၊ ဘေးရန်ဆီးကာ ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ'' ဆိုသည့်အတိုင်း ဆရာ့ဂုဏ်နှင့်ညီအောင်ပြုမူ ကျင့်ကြံနေ ထိုင်သင့်ပါသည်။
လူကြီးနှင့်လူငယ်
တချို့သောလူကြီးများက
လူငယ် များသည်အပြောအဆို အပြုအမူရိုင်းစိုင်း လာပြီး လူကြီးများအပေါ် ရိုသေလေးစား မှုမရှိကြတော့ဘူးဟု မကြာခဏ ညည်း ညူပြောဆိုလျက်ရှိကြသည်။ လူငယ် တိုင်းလိုလို ရိုင်းစိုင်းကြလိမ့်မည်မဟုတ် ချေ။ လူကြီးများသည် လူငယ်ဘဝမှ ဖြတ်သန်းလာခြင်းဖြစ်သည်။ လူငယ်များ ကိုရိုင်းစိုင်းသည်ဟုပြောဆိုသော လူကြီး များ ကိုယ်တိုင်သည်ပင်လျှင် ငယ်စဉ်က ယဉ်ကျေးသိမ်မွေ့မှုရှိခဲ့သလားဟုမိမိ ကိုယ်ကို ပြန်လည်ဆင်ခြင်သုံးသပ်သင့်ပါ သည်။ လူငယ်များအပြောအဆို အပြုအမူ ရိုင်းပျနေခြင်းသည် လူကြီးများ၏တာဝန် သာဖြစ်သည်။ လူကြီးများကိုယ်တိုင်က လူငယ်များရှေ့တွင် စည်းကမ်းရှိမှု၊ သဘောထားကြီးမှု၊ ကိုယ်ချင်းစာနာမှု၊ ဖေးမကူညီမှု၊ ဦးဆောင်နိုင်မှု၊ အနစ်နာ ခံနိုင်မှုစသည့် လူသားဆန်သောအပြုအမူ များအတိုင်း ကျင့်ကြံနေထိုင်သွားသင့် သည်။ ထိုသို့လူကြီးလူကောင်းပီသစွာ ကျင့်ကြံနေထိုင်သွားနိုင်မည်ဆိုလျှင် လူငယ်များသည် လူကြီးများကို ရိုသေ လေးစားနေမည်သာဖြစ်သည်။
အထက်နှင့်အောက်
ဆိုရလျှင်လက်ရှိအချိန်တွင် တချို့ သောရုံး၊ ဌာနများတွင် အထက်နှင့် အောက်အပြန်အလှန် ရိုသေလေးစားမှု အားနည်းလာကြသည်။ မည်သည့် အတွက်ကြောင့်နည်း။ အဆင့်ဆင့်သော အရာထမ်းများသည် မိမိရာထူးအဆင့် နှင့်လျော်ညီစွာ လုပ်ငန်းကျွမ်းကျင်မှု မရှိလို့လား၊ တွေးခေါ်မြော်မြင်နိုင်စွမ်း အားနည်းနေလို့လား၊ အသိပညာဗဟု သုတခေါင်းပါးနေလို့လား၊ ဆရာမွေး တပည့်မွေးစနစ်ကျင့်သုံးနေလို့လား၊ မလို တစ်မျိုး လိုတစ်မျိုးခွဲခြားဆက်ဆံနေလို့ လား၊ အပြောတစ်မျိုး အလုပ်တစ်မျိုး ကျင့်သုံးနေလို့လား၊ ရာထူးကြီးသူများနှင့် နီးစပ်သူများကိုသာ မျက်နှာသာပေးနေလို့ လားဆိုသည့်မေးခွန်းများစွာရှိနေပါသည်။
ထို့ပြင် လက်အောက်အမှုထမ်းများ ကပဲ မောက်မာရိုင်းပျနေလို့လား၊ ထို သို့မဟုတ်လျှင် လက်အောက် အမှုထမ်း များသည် အရာထမ်းများထက် ကြိုးပမ်း အားထုတ်မှုပိုမိုနေလို့လား၊
ကိုယ်ကျင့် တရား ပိုမိုကောင်းမွန်နေလို့လား၊ လုပ် ငန်းပိုင်းတွင် ပိုမိုကျွမ်းကျင်နေလို့လား၊ စည်းကမ်း ပိုမိုကောင်းမွန်နေလို့လား၊ အသိပညာ ဗဟုသုတပိုမိုကြွယ်ဝနေလို့ လား၊ တွေးခေါ်မြော်မြင်နိုင်စွမ်း ပိုမို ရင့်ကျက်နေလို့လားဆိုသည့် မေးခွန်း များကို ခွဲခြားဆန်းစစ်သွားဖို့လိုမည် ထင်ပါသည်။ အဆင့်ဆင့်သောအရာ ထမ်းများသည် လက်အောက်အမှုထမ်း များ၏ ရိုသေလေးစားမှုခံချင်လျှင် မိမိ ကိုယ်တိုင်က ''ထကြွနိုး၊ သနား သည်းခံ၊ ဝေဖန် ထောက်ရှု ဤခြောက် ခု''ဆိုသည့်အတိုင်း ကြီးသူ့ကျင့်ဝတ်ကို လည်းကျင့်ကြံနေထိုင်နိုင်ဖို့တော့ လိုအပ် သည်။
ရိုသေလေးစားမှုခံလိုပါသလား
လူတို့၏သဘောသဘာဝသည်အခြား သူများ၏ အထင်ကြီးမှု၊ အားကျမှု၊ ရိုသေလေးစားမှုတို့ကို ခံလိုကြသည်။ သို့သော် ကိုယ်တိုင်ကတော့ အထင်ကြီးခံ ရလောက်အောက်၊ အားကျခံရလောက် အောင်၊ ရိုသေလေးစားမှု ခံရလောက် အောင်ကျင့်ကြံနေထိုင်ကြိုးစားအားထုတ် မှုမရှိကြပေ။ တချို့သောမိဘများသည် သား၊ သမီးများကို အထက်စီးနှင့်ဆက်ဆံ ကြသည်။ သား၊သမီးများကိုအကြောက် တရားနှင့်အုပ်ချုပ်တတ်ကြသည်။ သား၊ သမီးများ၏ရိုသေလေးစားမှုကို ခံယူ လိုကြသည်။ ပြုစုပျိုးထောင်မှုလမ်းလွဲနေ သော မိဘများဖြစ်ကြသည်။
တချို့သော ဆရာများသည် ငွေ နောက်လိုက်လာကြသည်။ ဆရာစား ချန်ထားလိုကြသည်။ လုပ်ငန်းခွင်များ တွင်လည်း ဂျူနီယာများ၊လက်အောက် တပည့်များကို လက်ဆင့်ကမ်းသင်ပြပေး လိုသော ဆန္ဒမရှိကြတော့ပေ။ တပည့် များကရိုရိုသေသေဆက်ဆံခြင်းမရှိလျှင် တပည့်များကိုအပြစ်မြင်တတ်ကြသည်။ တပည့်မကောင်းကြောင်း လျှောက်ပြော တတ်ကြသည်။ တပည့်များ၏ ရိုသေ လေးစားမှုကိုခံချင်လျှင် ဆရာ့ကျင့်ဝတ် အတိုင်းကျင့်ကြံနေထိုင်သွားဖို့လိုပါသည်။
တချို့သောလူကြီးများသည် နေရာတိုင်းတွင် လူတွင်ကျယ် လုပ်တတ်ကြသည်။ လူငယ်များ ကို အထင်သေးတတ်ကြသည်။ ထို့ကြောင့် လူကြီးနှင့်လူငယ်များ ကြားတွင် အထင်အမြင်လွဲမှားမှု များရှိလာရသည်။ စင်စစ်အားဖြင့် လူကြီးများသည် လူငယ်များကို နေရာပေးမည်ဆိုလျှင် လူငယ်များ ကလည်းလူကြီးများကိုရိုသေလေး စားနေမည်မှာအသေအချာပင်ဖြစ် သည်။ ဆိုရလျှင်လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်များပင် မဟုတ်ပါလား။
အထူးသဖြင့် ရုံး၊ဌာန၊အဖွဲ့ အစည်းတစ်ခုတွင်ရာထူး၊ အဆင့် ကြီးနေရုံမျှနှင့် မိမိလက်အောက်ရှိ ဝန်ထမ်းအားလုံးကအလိုအလျောက် ရိုသေလေးစားလာကြလိမ့်မည် ဆိုသောအတွေးအခေါ်သည် သံ ချေးတက်နေပြီဖြစ်သည်။ ဆိုရ လျှင် ရာထူး၊ အဆင့်အတန်းကြီး တိုင်း အဂတိတရားကင်းရှင်းပြီး နာယကဂုဏ်နှင့် ပြည့်စုံနေပြီဟု မဆိုနိုင်ချေ။ အဂတိဆိုသည်မှာ ငွေကြေးလက်ဆောင်ကိုသာဆိုလို ခြင်းမဟုတ်ပေ။ ဘက်လိုက်မှု၊ ခွဲခြားဆက်ဆံမှုနှင့် ပညာပြမှုများ သည်လည်း အဂတိတရားပင်ဖြစ် သည်။ ရာထူး၊ အဆင့်ကြီးတိုင်း နယ်ပယ်အားလုံး၌ စွယ်စုံတတ် ကျွမ်းနေပြီဟု ယူဆနေမည်ဆို ရင်တော့ ရှုံးနိမ့်မှုများနှင့်သာ ရင်ဆိုင်ကြရမည်သာဖြစ်သည်။
တစ်ခါတစ်ရံတွင်တချို့သော အရာထမ်းများသည် ရာထူး၊ အဆင့်နှင့် လျော်ညီသောအရည် အချင်း၊ အရည်အသွေး၊ လုပ်ရည် ကိုင်ရည်၊ အသိပညာဗဟုသုတ၊ တွေးခေါ်မြော်မြင်နိုင်စွမ်းနှင့်ကိုယ် ကျင့်သိက္ခာတို့မရှိကြပေ။ လက် အောက်ဝန်ထမ်းများသည်ထိုအရာ ထမ်းမျိုးဆိုလျှင်ရှေ့တွင်သာရိုသေ လေးစားချင်ယောင်ဆောင်နေကြ သည်။ သို့သော် ကွယ်ရာတွင်မူ ထိုအရာထမ်း၏မကောင်းကြောင်း ကို အပုပ်ချပြောဆိုနေမည်မှာ အသေအချာပင်ဖြစ်သည်။ အထူး သဖြင့် လက်အောက်ဝန်ထမ်းများ သည် အထက်ဖားအောက်ဖိတတ် ပြီး လုပ်ပိုင်ခွင့်ရှိသူများကိုမျက်နှာ ချိုသွေးတတ်သည့်အရာထမ်းမျိုး ကိုပို၍နှာခေါင်းရှုံ့လေ့ရှိကြသည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီအနေ ဖြင့် မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့်၊လူကြီးနှင့်လူငယ်၊အထက် နှင့်အောက်မည်သည့်နေရာတွင် ရောက်ရှိသည်ဖြစ်စေ ရှိသင့်ရှိ ထိုက်သည့် ကျင့်ဝတ်သိက္ခာ၊ အရည်အသွေး၊လုပ်ရည်ကိုင်ရည်၊ ကြိုးပမ်းအားထုတ်မှု၊ အသိပညာ ဗဟုသုတ၊ စိတ်ကောင်းစေတနာ နှင့် ကိုယ်ချင်းစာတရားတို့သာ ရှိနေမည်ဆိုလျှင်အားလုံး၏ရိုသေ လေးစားမှုကိုခံနေရမည်မှာ အသေ အချာပင်ဖြစ်ပေသည်။