images
UN
UN
ရန်ကုန်ဈေးကွက်အတွင်းဆန်သစ်များ ဝယ်လက်ရှိလာသည့်အတွက် ယခုရက်ပိုင်းဈေးအနည်းငယ်ပြန်တက်
သုခ Friday, 07 December 2018
ယခုအခါ ရန်ကုန်ဈေးကွက်အတွင်း ဆန်သစ်များလှိုင်လှိုင်ဝင် ရောက်လာပြီး ဆန်သစ်ဈေးနှုန်းများကျဆင်းလျက်ရှိရာမှစပါးလှောင် မည့်သူများ ဝယ်လက်ရှိ လာသည့်အတွက် ယခုရက်ပိုင်းအတွင်း ဆန်သစ်များဈေးအနည်းငယ်ပြန်တက်လာကြောင်း တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဆန်ကုန်သည်တစ်ဦးက ပြောသည်။
''အခုချိန်က ဆန်သစ်ပေါ်ချိန်ဖြစ်သွားတဲ့အတွက် လှိုင်လှိုင်ထွက် လာတယ်။ ထွက်လာတော့ တစ်လနဲ့တစ်လဈေးကျတာပေါ့။ ပေါ်ခါစထက်စာရင်ဈေးကျသွားတယ်ဒါပေမဲ့ဒီရက်ပိုင်းတော့ဈေးနည်း နည်းပြန်တက်လာတယ်''ဟု၎င်းကပြောသည်။
ယင်းဆန်သစ်များမှာ ဆန်အကြမ်းတစ်အိတ်လျှင်ငွေကျပ် လေးထောင်၊ ဆန်အချောတစ်အိတ်လျှင်ငွေကျပ် ၆ဝဝဝအထိဈေးကျ ခဲ့သော်လည်းယခုရက်ပိုင်းအတွင်း တစ်အိတ်လျှင်ငွေကျပ်၂ဝဝဝအထိ ဈေးပြန်မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ဆန်အဟောင်းများမှာ ဈေးကွက်အတွင်း ရှားပါးလာသည့်အတွက် အမြင့်ပိုင်းအတွက်သာ ဆက်လက်ရှိနေသေးကြောင်း သိရသည်။
''ဆန်အဟောင်းကရှားသွားပြီ။ သူကကုန်သည်လက်ကျန်ပေါ့။စပါးလှောင်တဲ့သူတွေရဲ့လက်ကျန်တွေပဲကျန်တဲ့အခါဈေးကောင်းပေး ဝယ်ရတယ်။ ဈေးမြင့်ပေးဝယ်ရတယ်။ ရန်ကုန်ကတော့ ဆန် အဟောင်းသုံးတာများတယ်။ ဆန်သစ်ကသုံးတော့သုံးတယ် အနည်း အကျဉ်းလောက်ပေါ့။ ဆန်ဈေးမြင့်တက်လာတော့ အမြင့်ပိုင်းမှာဆို တော့ နည်းနည်းလျှော့ဝယ်လာတဲ့သဘောရှိတယ်။ အသစ်မှာတော့ အသစ်စားလို့အဆင်ပြေသွားတဲ့သူကတော့ နည်းနည်းတိုးဝယ်လာ တယ်။ ရောင်းလို့ဝယ်လို့အကောင်းဆုံးကတော့ ရွှေဘိုဆန်ပဲ။ကွာလတီလဲမြင့်တယ်''ဟု ၄င်းကထပ်မံပြောသည်။
ရန်ကုန်ဈေးကွက်အတွင်းဆန်းအဟောင်းဒိုင်ဈေးနှုန်းများမှာ ရွှေဘို ဆန်တစ်အိတ်လျှင်ငွေကျပ် ၆၅ဝဝဝ၊ ဘိုကလေးဘက်မှဝင်သော ပေါ်ဆန်းအလတ် ဒုတိယတန်းစားတစ်အိတ်လျှင် ငွေကျပ် ၅၄ဝဝဝ၊ ၅၅ဝဝဝ၊ဖျာပုံထိပ်စမြောင်းမြရှယ်ငွေကျပ် ၆ဝဝဝဝဝန်းကျင်၊အနိမ့်ဆုံး အကြမ်းတစ်အိတ်လျှင်ငွေကျပ် ၂၈ဝဝဝ၊၂၉ဝဝဝ၊ ဆင်းသွယ် တစ်အိတ်လျှင် ငွေကျပ် ၃၁ဝဝဝဝန်းကျင်ဈေးရှိပြီး ဆန်အသစ် တစ်အိတ်ဈေးနှုန်းမှာ ဇီယာ၊ မနောသုခတစ်အိတ်လျှင်ငွေကျပ် ၂၃ဝဝဝဝန်းကျင်၊ ပေါ်ဆန်းတစ်အိတ်လျှင်ငွေကျပ် ၃၈ဝဝဝ ဝန်းကျင်၊ ထိပ်စတစ်အိတ်လျှင် ငွေကျပ် ၄၄ဝဝဝနှင့် ၄၆ဝဝဝ ဈေးရှိကြောင်း သိရသည်။