images
UN
UN
ကျေးလက်မီးလင်းရေးမူဝါဒများကိုစိစစ်ချမှတ်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်းအဆို ကန့်ကွက်မဲများသဖြင့် ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းအဖြစ်သာထားရှိ
တင်တင်အေး Wednesday, 12 December 2018
ကျေးလက်မီးလင်းရေးမူဝါဒများကို စိစစ်ချမှတ်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ယင်းအဆိုကို ယနေ့ နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပသော ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး(၁၃)ရက်မြောက်နေ့ အစီ အစဉ်တွင် ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ခေါင်းစဉ်တွင် ''နိုင်ငံတော်ကိုခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်တည်ဆောက်ရာ၌ ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိ သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိ ရေးစီမံချက်(NEP)၌အခြေခံကျသည့် ကျေးလက်နေပြည်သူများ၏ လျှပ်စစ်မီးရရှိ သုံးစွဲမှု မြှင့်တင်ရေးအတွက် ကျေးလက်မီး လင်းရေးလုပ်ငန်းများညီညွတ်မျှတပြီးတည် ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးဖြစ်ပေါ်နိုင်အောင် ကျေးလက်မီးလင်းရေးမူဝါဒများကို စိစစ် ချမှတ်ဆောင်ရွက်နိုင်ရန် နိုင်ငံတော် အစိုးရ အား တိုက်တွန်းကြောင်း'' ဟု အပြည့်အစုံ ထည့်သွင်းတင်ပြခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုအပေါ်လွှတ်တော်ကိုယ်စား လှယ်၁၇ဦးကဆွေးနွေးခဲ့ကြပြီး လွှတ်တော် ၏အဆုံးအဖြတ်ကို ရယူခဲ့ခြင်းဖြစ်သည်။
အဆိုကို တင်သွင်းခဲ့မှုနှင့်ပတ်သက် ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦသောင်းအေးက''ဒီအဆိုကို ကျွန်တော် ကျေးလက်မီးလင်းရေးကော်မတီတွေ လုပ် ပိုင်ခွင့်ရအောင် ဒီအဆိုတင်တာ မဟုတ်ဘူး လို့ ကျွန်တော် ရဲရဲတင်းတင်းပြောလိုပါ တယ်။ ဒါကို ဒီလိုပြောဆိုမှုမျိုးကိုတော့ ကျွန်တော်ကန့်ကွက်ပါတယ်''ဟု ထည့် သွင်းပြောကြားခဲ့သည်။
ထို့ပြင် ၄င်းက''ဒီဟာကတိုင်းပြည်မှာ တကယ်ဖြစ်နေတဲ့အခြေအနေကိုသိအောင် လို့ အစိုးရကိုတိုက်တွန်းစေချင်လို့ ဒီအဆို ကိုတင်သွင်းတာပါ။ လွှတ်တော်ဆိုတာ ဥပဒေပြုတဲ့အဖွဲ့အစည်းပါ။ ဒါကိုနားလည် ပေးဖို့ပြောချင်ပါတယ်''ဟုလည်း ထပ် လောင်းရှင်းလင်းပြောကြားခဲ့သည်။
ယင်းအဆိုအပေါ် စက်ခလုတ်နှိပ်ပြီး ဆန္ဒမဲရယူခဲ့ရာ မဲပေးခွင့်ရှိသူ ၄ဝ၁ ဦးရှိ သော်လည်း မဲပေးသူ ၃၆ဝ သာရှိခဲ့ပြီး ထောက်ခံမဲမှာ ၁၅ဝ၊ ကန့်ကွက်မဲ ၂ဝ၈ မဲနှင့် ကြားနေ နှစ်မဲရှိခဲ့သည်။
ထို့ကြောင့် ကန့်ကွက်မဲများသဖြင့် အဆိုကို အတည်မပြုဘဲ လွှတ်တော်တွင် မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ခြင်းဖြစ် သည်။