images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး၏ နှစ်သစ်အကြိုနှုတ်ခွန်းဆက်စကား
Monday, 31 December 2018

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား...
ရုံးသုံးပြက္ခဒိန်နှစ်တစ်ခုဖြစ်တဲ့ ခရစ်နှစ် ၂ဝ၁၈ ခုနှစ်ဟာ မကြာခင်က ကုန်ဆုံးလွန်မြောက်ပြီးတော့ နှစ်သစ်တစ်ခုကို ကူးပြောင်းရောက်ရှိပါတော့မယ်။ နှစ်သစ်မှာ ပြည်တွင်း/ ပြည်ပမှာရှိနေကြတဲ့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံး ကိုယ်ကာယအားဖြင့် ကျန်းမာခြင်း၊ စိတ်ချမ်းမြေ့ပျော်ရွှင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိအဆင်ပြေပြီးတော့ စီးပွားလာဘ်လာဘများတိုးတက်ခြင်း၊ နေ့စဉ်ရင်ဆိုင်ဖြတ်သန်း နေရတဲ့ လူမှုဘဝတွေမှာ ချမ်းမြေ့သာယာခြင်း၊ လုံခြုံစိတ်ချမှု ရှိခြင်း အစရှိတဲ့ ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါ စေလို့ပဏာမအားဖြင့် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်...။
ဒီနေ့ ဒီအချိန်အခါဟာ ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ကမ္ဘာသူ/ ကမ္ဘာသားအားလုံး ရင်ဆိုင်နေကြရတဲ့ စီးပွားရေး၊ လူမှုရေး၊ ယုံကြည် ကိုးကွယ်ရာဘာသာရေး၊ ပိုင်နက်နယ်မြေ စတဲ့ အကြောင်းကြောင်းတွေပေါ်မှာ အခြေခံပြီးတော့ ရင်ဆိုင် ဖြေရှင်းနေကြရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ များစွာ ရှိတာကို အားလုံးသတိပြုမိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တော့ ခေတ်ပြောင်းစနစ်ပြောင်းကာလတစ်ခုကို ဖြတ်သန်းနေ ရတဲ့အချိန်ဖြစ်တဲ့အတွက် စောစောကတင်ပြခဲ့တဲ့ ကမ္ဘာသူ/ ကမ္ဘာသားအားလုံး ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေ ထက်မလျော့တဲ့အခြေအနေကို ကျွန်တော်တို့ နိုင်ငံသားများ ရင်ဆိုင် ဖြတ်သန်းနေရတာဖြစ်ပါတယ်။ နိုင်ငံသူ/နိုင်ငံသား အားလုံးဟာ လူသားတွေဖြစ်တာနဲ့အညီ လူပီပီ မိမိတို့ရဲ့ မနက်ဖြန်အတွက်၊ မိမိတို့ရဲ့အနာဂတ်အတွက်... ဒီနေ့ထက် စာရင် ပိုပြီးတော့ ကောင်းမွန်တဲ့၊ လုံခြုံတဲ့၊ စီးပွားဖွံ့ဖြိုးတဲ့၊ ငြိမ်းချမ်းတဲ့မနက်ဖြန်ကို လိုချင်ကြမှာ ဓမ္မတာပါပဲ။ ကျွန်တော် ကိုယ်တိုင်လည်းပဲ လူသားထဲကလူတစ်ယောက်၊ နိုင်ငံသား တစ်ယောက်ဖြစ်တဲ့အတွက် ဒီဆန္ဒတွေရှိတာ အမှန်ပါပဲ။ သို့သော် ကျွန်တော်ကိုယ်တိုင်ကတော့ နိုင်ငံရေးပါတီတစ်ခု ရဲ့ ခေါင်းဆောင်တာဝန်ကို တာဝန်ယူနေရတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ အတွက် ဒီဆန္ဒတွေကို လက်တွေ့အကောင်အထည်ဖော်တဲ့ အခါမှာလည်း ပိုပြီးတော့ လက်တွေ့ကျကျဆောင်ရွက်နိုင် လိမ့်မယ်လို့ ယုံကြည်မှုရှိပါတယ်။ ဒီနေ့ နိုင်ငံသူ/နိုင်ငံ သားများ ရင်ဆိုင်ဖြေရှင်း ကျော်လွှားနေကြရတဲ့ အခက်အခဲ တွေ၊ ရင်ဆိုင်မှုတွေကို ကျွန်တော်တို့ နိုင်ငံသူ/နိုင်ငံသား အားလုံးက ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ ပူးပေါင်း ဖြေရှင်းသွားကြရင် ပိုမိုပြီးတော့ကောင်းမွန်တဲ့၊ ပြည့်စုံတဲ့၊ တစ်နည်းအားဖြင့် ပိုမိုတောက်ပတဲ့အနာဂတ်တစ်ခုကို အချိန် တိုအတွင်းမှာ ဖန်တီးနိုင်လိမ့်မယ်လို့ အလေးအနက်ယုံကြည် ပါတယ်။ ဒီလိုဖြစ်အောင်လည်းပဲ နိုင်ငံသူ/နိုင်ငံသား အားလုံး နဲ့အတူ လက်တွဲပြီးတော့ ပူးပေါင်းကြိုးပမ်းသွားဖို့ ကျွန်တော် သန္နိဋ္ဌာန်ချထားပါတယ်။ ၂ဝ၁၈ ခုနှစ်ထဲမှာ စောစောက တင်ပြတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ကြတာ မှန်သလို နှစ်ကူးကာလလေးမှာ ထူးထူးခြားခြား လာမယ့် နှစ်သစ်အတွက် လက်ဆောင်အဖြစ် နိုင်ငံသူ/နိုင်ငံသား အားလုံး နှစ်ရှည်လများမျှော်လင့်တောင့်တနေကြတဲ့ ငြိမ်းချမ်း ရေး ရောင်ခြည်သစ်တွေ အသစ်တစ်ဖန် ပြန်လည်ယှက်သန်း လာတာကိုလည်းပဲ အနာဂတ်အတွက် အားရစရာ တွေ့မြင်နေ ကြရပါတယ်။
ဒါကြောင့် မိဘပြည်သူများအားလုံးဟာ လာမယ့်နှစ်သစ် နဲ့အတူ ပိုမိုပြီးတော့ငြိမ်းချမ်းတဲ့၊ ပိုမိုပြီးတော့ ပျော်ရွှင်စရာ ကောင်းတဲ့၊ ပိုမိုပြီးတော့ပြည့်စုံတဲ့ တစ်နည်းအားဖြင့် ပိုမို တောက်ပတဲ့အနာဂတ်ကို စုပေါင်းစွမ်းအားနဲ့ လက်တွဲရယူ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျား ...။