images
UN
UN
စာဖတ်ဝါသနာပျိုးထောင်ပါ
အောင်ကြည်ညွန့်(တက္ကသိုလ်) Tuesday, 01 January 2019
ယနေ့နိုင်ငံတော်၏ နောက်ဆုံးဖက် ရှင်မှာ ''စာတတ်သူတိုင်း စာဖတ်ရေး'' ဟူသောကြွေးကြော်သံဖြစ်သည်။ စာ တတ်သူတိုင်းစာဖတ်ရေးမှာ လှုံ့ဆော် ရေးဆောင်ပုဒ်မျှသာဖြစ်မည်ထင်ပါ သည်။ ယခင်ကလည်း ''မြန်မာ့အားက စားကမ္ဘာကိုလွှမ်းရမည်''ဟု အားကစား ဝန်ကြီးဌာနက ကြွေးကြော်ခဲ့ဖူးပါသည်။ နောင်သောအခါ အရှေ့တောင်အာရှ အဆင့်၊ အာဆီယံအဆင့်ပင်မမီသော ကြောင့် ကြွေးကြော်သံကြီး မှေးမှိန်သွား သည်ကို အမှတ်ရနေပါသည်။
နိုင်ငံနှင့်အဝန်း ကလေးစာပေပွဲတော် များ ပြုလုပ်နေသည်ကို တွေ့ရပါသည်။ ဝေဖန်ထောက်ပြမည့်သူမရှိ၊ အားလုံး ကောင်းပါသည်ခင်ဗျားဆိုပြီး 'ဝိုင်းဖား' ဝိုင်းလက်ခုပ်တီးနေသည်ကို က၍ကောင်း နေသည်ကိုတော့ တွေ့မြင်နေရပါသည်။ အလုပ်တစ်ခုဆောင်ရွက်မည်ဆိုလျှင် ငွေ ကြေးကုန်ကျမှုနှင့်ထိုက်တန်သည့်အကျိုး ရလဒ် ရပါ၏လောဆိုသည့်အခြေခံတွက် ချက်မှုရှိသင့်သည်ဟု ထင်ပါသည်။ 'နှံပြည်စုတ်'ကို အမြောက်နှင့်ပစ်သည် ဟု ယူဆပါသည်။
ကလေးများစာဖတ်ရန် ဤကဲ့သို့ တစ်ရက်နှစ်ရက်နှင့် ကလေးစာပေပွဲ တော်ကျင်းပရုံနှင့် မလုံလောက်နိုင်ပါ။ ပွဲပြီးမီးသေကိန်းဆိုက်သွားမှာသေချာပါ သည်။ ငွေကုန်လူပန်းဖြစ်ကြရပါသည်။ ကလေးတွေပျော်ကြမည်မှာ ဧကန်မလွဲ ပါ။ ကလေးစာပေပွဲတော်တွင် ကလေး များ၊ စာဖတ်၊ ပန်းချီဆွဲဆေးရောင်ခြယ်၊ ကဗျာရွတ်၊ ကခုန်မြူးတူး ဤအဆင့်ပင် ရှိပါသည်။
ငါတို့ စာသင်ကျောင်း
'အမျိုးသားစည်းကမ်းအစ စာသင် ကျောင်းက'
'အမျိုးသားကျန်းမာရေးအစ စာသင် ကျောင်းက'
'အမျိုးသားစာဖတ်ရေးအစ စာသင် ကျောင်းက'
ဟု ဆိုချင်ပါသည်။ အခြေခံပညာ ကဏ္ဍ၌ စာသင်ကြားနေသော ကျောင်း သားကျောင်းသူပေါင်း ရှစ်သန်းကျော် ရှိပါသည်။ နိုင်ငံလူဦးရေ၏ ခြောက်ပုံ တစ်ပုံခန့်ရှိပါသည်။ ဤကျောင်းသား ကျောင်းသူများကို စာဖတ်ကျင့်၊ စာ ဖတ်လေ့၊ စာပေပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးကာ ဆရာ၊ ဆရာမများက အနီးကပ် ကြီးကြပ်လမ်းညွှန်ပြီး စာဖတ် သော အလေ့အထကို နေ့စဉ်လေ့ကျင့်ပေး ပါက ကလေးသူငယ်တို့၏ စိတ်တွင် စာမဖတ်ရလျှင် မနေနိုင်၊ စာမကျက်ရ လျှင်မနေနိုင်အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်ပါသည်။
အခြေခံ စာသင်ကျောင်းများတွင် အတန်းအဆင့်အလိုက် ကျောင်းသုံး စာအုပ်များကို သင်ရိုးညွှန်းတမ်း၊ သင်ရိုး မာတိကာဆွဲ၍ ပြဋ္ဌာန်းထားပါသည်။ မြန်မာစာ၊ အင်္ဂလိပ်စာစသော ဘာသာရပ် များ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒစာ များသည် စကားပြေဖတ်စာများဖြစ်ပါ သည်။
အတန်းထဲတွင် မှတ်စုပေးကာ 'ဒါမေး ဒါဖြေ' လွယ်လွယ်လုပ်နေသည့် ဆရာ၊ ဆရာမအများစုကြောင့် ကလေး များ စာဖတ်မှုအလေ့အကျင့် ဆုံးရှုံးနေရ သည်ဟု မြင်မိပါသည်။ မြန်မာစာ ပြဋ္ဌာန်းချက်များတွင် ကဗျာ၊ စကားပြေ၊ ပုံပြင်၊ ပြဇာတ်စသည်တို့ ပါဝင်ပါသည်။
'ကဗျာ' ဆိုလျှင်လည်း သူငယ် တန်းအရွယ်မှ ဆယ်တန်းအထိပါသဖြင့် 'ကဗျာ'ကို ရွတ်ဆိုသင်ကြားပေးသင့် ပါသည်။ စကားပြေများသင်ကြားလျှင် လည်း အတန်းတွင်းရှိ ကျောင်းသား ကျောင်းသူများကို အလှည့်ကျဖတ်ခိုင်း သင့်ပါသည်။
၁၉၆၆ခုနှစ်က စာရေးသူတို့ဆယ် တန်းတွင် မြန်မာစာဆရာကြီး ဒဂုံသျှင် သန်းမေ(စာရေးဆရာကြီး)သင်ကြားပို့ချ မှုကြောင့် ထိုအချိန်က ပြဋ္ဌာန်းစာအုပ် 'ဦးပုညဝတ္ထု'လေးပုဒ်ကို နှုတ်တက်အာဂုံ အလွတ်ရနေကြပါသည်။ ယနေ့ထက် အထိ ဆဒ္ဒန်ဆင်မင်းဝတ္ထုကိုရွတ်ပြနိုင်ပါ သေးသည်။ လွန်ခဲ့သောနှစ်ပေါင်း ၅ဝက စာဖြစ်ပါသည်။ နေ့စဉ်ရွတ်ဆိုရသည့် အလေ့အကျင့်ကျေးဇူးပင်ဖြစ်ပါသည်။ စာမဖတ်ရလျှင်မနေနိုင်သည့် 'စာစွဲစိတ်' ဖြစ်သွားပါသည်။

စနစ်ပြောင်းသင့်
****************
ကျောင်းတွင်းအချိန်ဇယားတွင် စာ ဖတ်ချိန်၊ စာကြည့်ချိန်၊ စာကြည့်တိုက် ဝင်ချိန်၊ စာဖတ်ဝိုင်းစသည်တို့ကိုဖန်တီး ပေးသင့်ပါသည်။ ကျောင်းစာကြည့်တိုက် ကိုစနစ်တကျအသုံးပြုနိုင်အောင်စီမံခန့်ခွဲ သင့်ပါသည်။ အချိန်ပေးသင့်ပါသည်။ ဆရာများ၏မှတ်စုခေါ်ပေးနည်းတစ်နည်း တည်းအသုံးပြုမှုကို ပြုပြင်ပြောင်းလဲပေး သင့်ပါသည်။အတန်းတွင်းစာဖတ်ထောင့် (Reading Corner)များ ထားသင့်ပါ သည်။ အသက်အရွယ်အလိုက်ဖတ်ချင် စဖွယ်စာအုပ်များဝယ်ယူဖြည့်တင်းပေး ထားရပါမည်။ ကလေးသူငယ်တို့အတွက် ကလေးစာပေများရှိပါသည်။ ရောင်စုံ ခြယ်ပန်းချီများ၊ ကာတွန်းများတွင်စာ နည်းနည်းနှင့် သရုပ်ဖော်ထားသည်ကို ဖတ်ရန်အားပေးရပါမည်။ စာဖတ်ကျင့်၊ စာဖတ်သောအလေ့ ပတ်ဝန်းကျင်ကို ထူထောင်ပေးသင့်ပါသည်။ ကလေးများ နှင့်သင့်တော်သည့်ကလေးကဗျာများကို နှုတ်တက်အာဂုံရသည်အထိ သီဆိုလေ့ ကျင့်ပေးရမည်ဖြစ်ပါသည်။ ကလေးများ အတွက်ကဗျာသည်ရွတ်ဆိုရလွယ်ကူပြီး သာယာနာပျော်ဖွယ်ရှိသဖြင့် ကလေးများ နှစ်သက်စွဲလမ်းကြပါသည်။

စာရေးသူတို့ငယ်စဉ်က ရွတ်ဆိုခဲ့ရ သော ဆရာကြီးမင်းသုဝဏ်၏ကဗျာများ မှာ ယနေ့အထိ ရင်ထဲအသည်းထဲတွင် စွဲနေရနေတုန်းပင်ဖြစ်ပါသည်။ ကဗျာ ဆရာကြီးတင်မိုး၊ သိန်းသန်းထွန်း၊ မောင် စွမ်းရည်တို့၏ ကဗျာများကို နှစ်သက် စွဲလမ်းကြပါသည်။ သင်ပေးသည့် ဆရာ များအပေါ်၌လည်း မူတည်ပါသည်။ ကဗျာကို ချစ်ခင်မြတ်နိုးပြီး အလွတ်ရွတ် ဆိုနိုင်အောင် သင်ကြားပေးကြရပါမည်။
ကျောင်းတွင်းတွင် သင်ရိုးညွှန်းတမ်း ဆိုင်ရာ စာအုပ်စာတမ်းများကိုချည်း ဖတ် ရသဖြင့်ငြီးငွေ့တတ်ကြပါသည်။ကလေး သူငယ်လူရွယ်တို့ အပြင်စာ ဖတ်လိုကြပါ သည်။ ဤလိုအင်ကို မိဘများ၊ ဆွေမျိုး သားချင်း၊ အဘိုးအဘွားများက ဖြည့် ဆည်းပေးရပါမည်။

ပြင်ပစာ
*********
ဖြစ်နိုင်လျှင် ကလေးစာပေနှင့် ပတ် သက်သော စာအုပ်စာစောင်များ ဝယ် ထားပေးသင့်ပါသည်။ မိမိအိမ်တွင် ကလေးသူငယ် သူရွယ်များအတွက် စာအုပ်စင်တစ်စင်ရှိသင့်ပါသည်။
စာရေးသူတို့ အလယ်တန်းကျောင်း သားဘဝ၊ အထက်တန်းကျောင်းသား ဘဝတွင် ကျောင်းစာမက၊ ပြင်ပစာပါ ကောင်းကောင်းဖတ်ရှုနေပါပြီ။ စာဖတ် ဝါသနာပါသောအဘိုးနှင့်အဖေ၏ ကျေး ဇူးဖြစ်ပါသည်။ မိမိတို့အိမ်တွင်စာအုပ်များ အပြည့်နှင့် မှန်ဗီရိုကြီးနှစ်လုံးရှိပါသည်။ အမြင့်မှာလူတစ်ရပ်စာပါ။
အဖေကတရားသမားဖြစ်သဖြင့်၊ မိုး ကုတ်ဆရာတော်ဘုရားကြီးတရားတော် (၃၉)အုပ်တွဲ၊ ဇိနတ္ထပကာသနီ၊ ဗုဒ္ဓဝင်၊ စွယ်စုံကျမ်း၊ တရားစာအုပ်များစွာရှိပါ သည်။ ကျွန်တော် ရှစ်တန်းအရောက်တွင် အဖေက ဇိနတ္ထပကာသနီကို ဖတ်ခိုင်း ပါသည်။ အဖေက စာနှစ်မျိုးရှိကြောင်း တစ်မျိုးက စိတ်ကူးယဉ်စာမျိုး၊ တစ်မျိုး က ဘဝတက်လမ်းကိုရှာသောစာမျိုးဖြစ် ကြောင်း ပြောပြ၍ သိရသည်။စိတ်ကူးစာ တပ်ထဲက မြတ်ကိုကိုမှာ ကျောင်းသုံးစာအုပ်ဖြစ်သည်။ စာရေးသူ အစ်ကိုကြီးတို့ အထက်တန်းမှာသင်ရ သည်။ စာရေးသူယူဖတ်ဖြစ်သည်။သာဓု ပြောဟန်ကိုသဘောကျသည်။ သူ့ဝတ္ထု တွင်အကြံပေးမှု၊ ဆုံးမသြဝါဒပေးတတ်ပုံ တွေ့ရသည်။ အစ်ကိုကြီး၏ စာအုပ်စင် ကို မွှေသောအခါ သာဓု၏ ချစ်စံနမူ၊ အနှစ်၏အနှစ်၊ နောက်မယားနောင်လင် တို့ တွေ့ရသည်။ အစ်ကိုကြီးသည် သာဓု ပရိသတ်ဖြစ်နေပေပြီ။အစ်ကိုကြီးက သာဓု ဝတ္ထုတွေ ဖတ်ကြည့်ရန်ပြောပါသည်။ သာဓုဝတ္ထုများတွင် စကားအချီအချ၊ စကားရည်လုသလိုပြောဆိုပုံများပါသဖြင့် အတုခိုးပါသည်။
အဘိုး၊အဖေနှင့်အစ်ကိုကြီးတို့ ကျေးဇူး ကြောင့် စာဖတ်ဝါသနာစွဲလမ်းသွားခဲ့ပါ ပြီ။ စာရေးသူ နဝမတန်းအရွယ်ရောက် နေပြီဖြစ်သည်။
စာရေးဆရာကြီးတင့်တယ်၏ လာလု လုငေး၊ ဖြေလျှော့ခွေ ဝတ္ထုတို့ခေတ်စား သဖြင့် အစ်ကိုကြီးဝယ်လာရာ စာရေးသူ ဖတ်ရှုပြီးဖြစ်သည်။ လာလုလုငေး ဝတ္ထု ထဲက စာသားများကို ကူးယူသုံးစွဲတတ် နေပါပြီ။
သန်းဆွေ၏ ဝတ္ထုများဖတ်ရသည် မှာ မိုးအေးအေးနှင့် အရသာရှိလှသည်။ ဆွေးစရာ အလွန်ကောင်းသည်။ ဟာသ စာရေးဆရာကြီးသော်တာဆွေ၏ ဝတ္ထု များကိုလည်း အလွတ်မပေးပါ။ ဖတ်လို့ အလွန်ကောင်းသည်။ စာဖတ်ရင်း တစ် ယောက်တည်းရယ်ရသည်။
စာရေးသူတို့ စာဖတ်ရှိန်ရလာသော အခါ လင်းယုန်နီ၏ မမမြင့်ဝတ္ထုများ၊ ဗန်းမော်တင်အောင်၏ဝတ္ထုများ ဖတ်ဖြစ် ပါသည်။ လူပျိုပေါက်အရွယ်ဖြစ်သဖြင့် အချစ်ဝတ္ထုများ အငမ်းမရ အသည်းစွဲ အောင် ဖတ်ပါသည်။ မောင်ပန်းမွှေး၏ သုံးကြောင်းအချစ်ကဗျာများ အလွတ် ရပါသည်။
ဆရာသိန်းဖေမြင့်၏ တက်ခေတ်နတ် ဆိုးစာအုပ်သည် စာရေးသူတို့ အပျော် အပါးမလိုက်စားစေရန် ပညာပေးခဲ့ သည်။ အရှေ့ကနေဝန်းထွက်သည့် ပမာ သည် မျိုးချစ်စိတ်၊ တော်လှန်ရေးစိတ် ရရှိခဲ့ပါသည်။
ဆရာကြီး ဦးဖိုးကျား၏ အခမဲ့ကူလီ ထမ်းခြင်းအကြောင်းကို ဖတ်ပြီးသောအခါ စာရေးသူတို့၏ ပညာတစ်ပဲသားသည် တစ်ပြားမှမကျန်တော့ပါ။ ဦးဖိုးကျားစာ များဖတ်ပြီး၊ မျိုးချစ်စိတ်၊ ဝံသာနုစိတ် ရိုးသားဖြူစင်သောစိတ်များပေါ်ခဲ့သည်။
နောက်ပိုင်းတက္ကသိုလ်ရောက်သော အခါဦးဖိုးကျား၊ ဦးပဂျီငို၊ ပီမိုးနင်း၊ ဂျာ နယ်ကျော် မမလေး၊ ဂျာနယ်ကျော်ဦးချစ် မောင်တို့ စာအုပ်များဖတ်ဖြစ်ပါသည်။ သုခ၊ ပါရဂူ၊ ကျော်အောင်၊ မင်းကျော်၊ တက္ကသိုလ်ဘုန်းနိုင်၊ ခင်နှင်းယုတို့စာအုပ် များလည်း ဖတ်ဖြစ်ပါသည်။ သုတ၊ ရသ၊ အချစ်၊ အတ္ထုပ္ပတ္တိစုံပါသည်။
စာဖတ်ဝါသနာပျိုးထောင်ပေးရာ အစသည် စာသင်ကျောင်းနှင့် ကျောင်း မှ ဆရာ ဆရာမများဖြစ်ပါသည်။ စာ ဖတ်လေ့ စာဖတ်ကျင့်ရစေရန် မိဘဘိုး ဘွားဆွေမျိုးများက စာဖတ်သည့်ပတ်ဝန်း ကျင်ကို ထူထောင်ပေးရပါမည်။ ထိုသို့ လျှင် စာဖတ်သူ၊ စာချစ်သူများလာပါ လိမ့်မည်ဖြစ်ကြောင်း ရေးသားလိုက်ရ ပါသည်။