images
UN
UN
ဆောင်းချမ်းမြမြ (ကဗျာ)
ထွန်းရှိန်သစ် (တောင်သာ) Thursday, 10 January 2019
* နံနက်ခင်း
အလင်းနေခြည် ရွှေရည်ရွှေစက်
ဝင်းဝင်းလက်ပြီ
နှင်းပက်မှောင်ဝေ လေပြည်ညင်းညင်း
ပန်းသင်းရနံ့ လက်ဆောင်ဖြန့်ပေါ့။
* ရွှေပြည်စိုးငယ် ချစ်စဖွယ်လျှင်
ဘယ်ဆီရည်စူး တေးသီကျူးကာ
လူးလာတုံ့ပြန် ပင်စုံပျံလျက်
လွမ်းသံပေးကာ လှည့်နေပါလိမ့်။
* လောကနယ်ပယ် ခင်တွယ်လျက်သာ
အရောက်လာ၍ ကဗျာချိုတေး
ရင်ဝယ်အေးအောင် ပေးကမ်းဝေကာ
လှည့်နေရှာထင့်။
* နေအပွင့်မှာ
ပန်းပွင့်အစုံ လွှာရုံတွေဖွင့်
နှင်းနှင့်မြူတွေ အလှဝေ။
* ဆောင်းနံနက်ခင်း နေရောင်ဝင်း၍
နှင်းထုပြိုဆင်း တဝင်းဝင်းတည့်
ပယင်းစိန်ကျောက် ထိန်ထိန်တောက်သို့
အံ့လောက်ခမန်း အလှဆန်းသည်
ဆောင်းချမ်းမြမြသာစွလေ
ကမ္ဘာလောကငြိမ်းချမ်းစေ။