images
UN
UN
စာဖတ်ရင် ဘာဖြစ်မလဲ
ချစ်နိုင်(စိတ်ပညာ) Saturday, 19 January 2019
''အလေ့အကျင့်(အကျင့်)ဆိုတာထက် ပိုပြီးစွမ်းတဲ့အရာမရှိပါဘူး''
အိုဗစ် (ဘီစီ ၄၃- အေဒီ ၁၇)
'Nothing is stronger than habit'
Ovid (43BC-17AD)
''ချစ်သူငယ်ချင်း ကိုချစ်နိုင် မောင်ရင့် ကို တစ်ခုမေးပါရစေ။ လူတစ်ယောက်ဟာ စာဖတ်ရင် ဘာဖြစ်မလဲ။ စာမဖတ်ရင် ဘာဖြစ်မလဲ။''
''မင်းကလည်း မေးချင်တာရှိရင် မေး ခွန်းတစ်ခုပြီးမှ တစ်ခုမေးလေကွာ။ ဘယ့် နှယ် တစ်ပြိုင်တည်း မေးခွန်းနှစ်ခု မေးရ တာလဲ''
''အကျိုးနဲ့အပြစ်၊ အကောင်းနဲ့အဆိုး၊ စုံတွဲသဘောများလားလို့ အတွဲမေးခွန်း အဖြစ် မေးကြည့်တာပါ သူငယ်ချင်းရာ''
''အေး ဒီမေးခွန်းကို မေးလို့ သူငယ် ချင်းကို ကျေးဇူးတင်ပါတယ်။ စာဖတ် ရှိန်မြှင့်တင်ရေး၊ စာတတ်သူတိုင်း စာဖတ် ရေး၊ စာကြည့်တိုက်အသုံးချရေးကို အနယ် နယ်အရပ်ရပ်မှာ စာပေပွဲတော်၊ စာပေ စကားဝိုင်း၊ စာပေဆွေးနွေးပွဲ၊ စာပေဟော ပြောပွဲတွေ၊ အမျိုးမျိုးနဲ့ လှုပ်ရှားဆောင်ရွက် နေကြတာ မြင်တဲ့အတိုင်းပဲ။ အတော်ကျယ် ကျယ်ပြန့်ပြန့် ရှိလှပါတယ်။ သို့သော်...''
''ဘာလဲကွ။ သို့သော်ဆိုတာက...''
''စာဖတ်တယ်ဆိုတဲ့ လူမှန်သမျှဟာ ကလေးဘဝ၊ လူငယ်ဘဝမှာကတည်းက မိဘ၊ ဆရာ၊ ဘုန်းတော်ကြီးစတဲ့ အုပ်ထိန်း လမ်းညွှန်သူက အလေ့အထ၊ အလေ့အကျင့် စွဲအောင် ပျိုးထောင်ပေးလိုက်မှ ရလာတာ''
''ဟုတ်ပါရဲ့''
''ယနေ့ခေတ် မိဘတွေ၊ ကျောင်းဆရာ တွေ၊ အစိုးရကျောင်းတွေရော၊ ပုဂ္ဂလိက ကျောင်းတွေရော၊ ဘုန်းကြီး ကျောင်းတွေ ရော၊ ကလေးသူငယ်များကို ကျန်းမာရေး (ကာယ)ပျိုးထောင်တဲ့အလေ့အကျင့်၊ ပညာ ရေး(ဥာဏ်ပညာနဲ့)ကျင့်ဝတ်နီတိ (ယဉ်ကျေး မှု)အလေ့အထများ သင်ကြားလေ့ကျင့်ပေးမှု မှာ အခုထက်ပိုပြီး အလေးအနက်ဆောင် ရွက်အောင် အစိုးရက အထူးသဖြင့် ပညာ ရေးဌာနက အထူးသဖြင့် ပညာရေးဝန်ကြီး ဌာနရော၊ သာသနာရေးဝန်ကြီးဌာနရော၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနရော အာရုံ စိုက်အားပေးစေချင်မိတယ်''
''ငွေအား၊ လူအားပေါ့၊ ဟုတ်လား''
''ဘတ်ဂျက်ခွင့်ပြုချက်အသုံးစရိတ် တို့၊ ဖွဲ့စည်းပုံတို့၊ ဆရာဆရာမလေ့ကျင့်ပျိုး ထောင်ပုံတို့ကို မဆိုလိုပါဘူး။ ရှိနေတဲ့အခြေ အနေလေးမှာပဲ တတ်နိုင်သမျှ ထိရောက် အောင် ဖိဖိစီးစီး၊ စေတနာပါပါ ကွင်းဆင်း ထိတွေ့ပြီး(အပြစ်ရှာ၊ အပြစ်တင်၊ အရေးယူ ဖို့မဟုတ်ပါ) ပြုပြင်တည့်မတ်၊ ကြပ်မတ် အားပေးတာမျိုးတွေလုပ်ပေးစေချင်တာပါ''
''နယ်ဆင်းရမယ်။ ကျေးလက်အထိ ရောက်အောင် စစ်ဆေးမယ်ဆိုရင် ခရီး စရိတ်က ကုန်ဦးမယ်။ ဟိုက မူလတန်း ကျောင်း၊ အလယ်တန်းကျောင်းလေးတွေက ဧည့်ခံကျွေးမွေးရတာ အကုန်အကျများဦး မယ်။ ကိုချစ်နိုင်ရဲ့အကြံဥာဏ်က ပိုက်ဆံ ကုန်မယ့် အကြံဥာဏ်ပဲကွ။ မဟန်ပါဘူး''



''ကိုယ်ကြည့်နေတယ်။ ကိုယ်သတိ ထားမိတယ်။ ကိုယ်တို့ငယ်ငယ်တုန်းက (ကျောင်းဦးရေ နည်းသေးတာလည်း ဖြစ်မှာ ပေါ့ခင်ဗျာ) မြို့နယ်ပညာရေးမှူးဆိုတာ လည်း ကိုယ်တို့တောကျောင်းလေးကို တစ် နှစ်ဆို တစ်ခေါက်နှစ်ခေါက်တော့ လာစစ် တယ်။ (ထိုစဉ်က လက်ထောက်ပညာရေး မှူးဆိုတာလည်း မရှိသေးပါ။) ခရိုင်ပညာ ဝန်၊ တိုင်းပညာဝန်ဆိုတာတွေလည်း ကိုယ် တို့ရွာအထိ တစ်နှစ်ခြားတစ်ခေါက်တော့ ရောက်အောင်လာတယ်။ မှတ်မှတ်ရရ ဘာ ကဗျာရသလဲ ကိုယ်လေးတန်းတုန်းက ဆိုပြ ခိုင်းတယ်။ ခြောက်တန်းလောက်မှာ ဘယ် ဘုရင်သဘောကျသလဲ။ ကျောင်းသားတွေ ကို (သမိုင်းသင်နေစဉ်)ချစ်ချစ်ခင်ခင် ရင်း ရင်းနှီးနှီး မေးမြန်းတယ်ဗျ။ တိုင်းပညာ မင်းကြီးနော်။ ဆရာကြီးဦးခင်သန်းလို့ မှတ် မိနေတယ်။ (ယခုခေတ်လို လက်ထောက် ညွှန်မှူး (စစ်ဆေးရေး)၊ လက်ထောက်ညွှန် မှူး(စီမံရေး)စသဖြင့် ဦးစီးအရာရှိ လက် ထောက်တွေလည်း အင်အားမများသေးပါ ဘူးကွယ်)။ ပညာမင်းကြီး၊ ပညာဝန်တွေ ဟာ ကျောင်းသားတွေစာဖတ်ရေးကို တော် တော်ဖိဖိစီးစီး အားပေးပြောဆိုတယ်။ ဖတ် စရာစာအုပ်တွေလည်း ဘာသာပြန်စာပေ အသင်းနဲ့ စာပေဗိမာန်က''အမှောင်ခွင်း၍ အလင်းဆောင်အံ့''ဆောင်ပုဒ်ပါတဲ့ စာအုပ် တွေ၊ ကျောင်းစာကြည့်တိုက်မှာ အများကြီး ပဲ။ တိရစ္ဆာန်အကြောင်း၊ ငှက်အကြောင်း၊ အာကာသသိပံ္ပအကြောင်း၊ သမိုင်း၊ ပထဝီ ဝင်စာအုပ်တွေ၊ မြေပုံကြီးတွေများ စက္ကူ အကောင်းစားနဲ့ ရောင်စုံတွေဗျ။ စာအုပ်ရဲ့ အနှစ်သာရကော အသွင်သဏ္ဌာန်ရော တော်တော်အဆင့်မြင့် ကောင်းမွန်ခဲ့ကြတာ ကိုယ်တွေ့ပါ။ ထားပါတော့ နှစ်ပေါင်းငါး ဆယ်ကျော်က ကျောင်းစာကြည့်တိုက်နဲ့ ကျောင်းသင်ပညာရေးသာမက ဗဟုသုတ ကျယ်ပြန့်အောင် အားပေးခဲ့တဲ့အခြေအနေ မျိုးဟာ အသစ်အဆန်းမဟုတ်ပါဘူး။ ယခု ခေတ်မှာ ပြန်လည်ကြိုးစားသင့်ကြပါတယ်။ တာဝန်ရှိတဲ့ ပညာရေးဝန်ထမ်းတွေ သဘော ထားအမြင်နဲ့ စိတ်ဆန္ဒထက်သန်မှု၊ စေတနာ ပြည့်ဝမှုတွေပေါ်မှာ မူတည်မှာပါလို့ ပြော ချင်တာပါကွယ်''
''ကိုချစ်နိုင်လို တောစွန်တောင်ဖျား ကျေးလက်တောရွာကလေးက တပ်မတော် အရာရှိတာဝန်၊ ဦးစီးဌာနကြီးတစ်ခုရဲ့ အကြီးအကဲတာဝန်၊ ဒီလိုနေရာမျိုးတွေကို ကျေကျေပွန်ပွန်''
''ဟေ့ ဟေ့ အဲဒါတွေက ဘေးရောက် သွားပြီ။ လျှောက်ပြောမနေနဲ့။ ချစ်နိုင် (စိတ်ပညာ)ဆိုတဲ့ စာရေးသူတစ်ယောက် ဖြစ်လာနိုင်အောင် မူလတန်း၊ အလယ်တန်း၊ တောကျောင်းငယ်လေးက မွေးထုတ်ပေးနိုင် တယ်။ ဒါကိုပြောပါ''
''နိုင်ငံအတွက် အကျိုးပြုလူတစ်ဦး ဖြစ်လာအောင်အစိုးရအဆက်ဆက်က သူ့ လက်ထက်မှာ ပျိုးထောင်ခဲ့ကြရပါတယ်။ ဒီတော့ ဘယ်ပါတီဘယ်အစိုးရမျိုးပဲတက် တက်၊ ပညာရေးနယ်ပယ်မှာ စာသင်ခန်း ရယ်၊ စာကြည့်တိုက်ရယ်၊ ကျောင်းပြင်ပ စာပေ၊ အားကစား၊ အနုပညာ၊ ပေါင်း သင်းဆက်ဆံရေး၊ရပ်ကျိုးရွာကျိုးစုပေါင်း လုပ်ဆောင်မှုစတဲ့ အလေ့အထ၊ အလေ့ အကျင့်ကောင်းတွေကို စဉ်ဆက်မပြတ် လေးလေးစားစား မွေးမြူပျိုးထောင်ပေး ကြရမှာနော်''
''ဟုတ်တာပေါ့ သူငယ်ချင်း''
''လူတွေကို စာဖတ်ပါ။ စာဖတ်ပါ။ တုံးတိတိကြီးသွားပြီး ပြောဆိုတိုက်တွန်း နေတာမျိုးဟာ ဟိုးတစ်ချိန်ကာလက ဆောင် ပုဒ်တွေ နံရံအပြည့်လျှောက်ကပ်နေတာမျိုး သာဖြစ်မယ်။ လူတွေရဲ့အာရုံထဲ မငြိဘူး''
''ဆွဲဆောင်မှု အနုပညာပါရမှာ''
''စကားမစပ် ပြောပါရစေ။ ဆောင် ပုဒ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ ထုတ် တာ၊ ကပ်ထားတာများပုံနဲ့ပတ်သက်ပြီး လှတောသားစကားတစ်ခုရှိတယ် ကိုချစ် နိုင်ရ''
''အေး ပြောပါဦး။ ရွှေဘိုခရိုင် ဝက် လက်မြို့နယ်ထဲက လှတောရွာ (အဆို တော်ရီရီသန့်နဲ့နှင်းရည်သန့်တို့ရဲ့ဇာတိ)ဆို တာ လှတောသားစကားအလင်္ကာတွေ ကြောင့် အတော်နာမည်ကြီးတာ''
''လှတောသားတစ်ယောက် ရွှေဘိုက မန္တလေးသွားမယ့် ခရီးဝေးဘတ်စ်ကား ပေါ်တက်လာတယ်တဲ့။ ကားပေါ်တက် တာနဲ့ မော့ကြည့်လိုက်တော့-
- ဆေးလိပ်မသောက်ရ။
ပြတင်းပေါက်နားကြည့်လိုက်တော့
- ခေါင်းမပြူရ။
- လက်မထုတ်ရ။
- ကွမ်းတံတွေးမထွေးရ။
ဒရိုင်ဘာဘေးက စက်ခုံမှာက-
- သတိ၊ ဆီ၊ ရေ၊ လေ၊ ဝိုင်။
အပေါက်ဝအထက် ပြန်ကြည့်တော့-
- ခေါင်းငုံ့ဆင်းပါ။
ဘေးမှာရှိသေး-
- မိမိပစ္စည်း မိမိတာဝန်။
- ကျန်ရှိပစ္စည်း တာဝန်မယူ။
ကားရှေ့မှန်အပေါ်မှာလည်း-
- ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံတဲ့။
ဒါတွေကို လှတောသားက စာတွေ အကုန်လုံးအသံထွက် (တစ်ခုပြီးတစ်ခု လျှောက်ဖတ်ပြီး) ''အလိုလေး။ ကျောင်း က ပိဋကတ်သုံးပုံပျောက်သွားပါတယ်။ လက်စသတ်တော့ ဒီကားပေါ် ရောက်နေ တာကိုး''တဲ့။
''အေးကွာ။ စာကပ်တာ ဝါသနာပါ ကြတဲ့ခေတ်နဲ့ ဆောင်ပုဒ်ခေတ်လည်း ဖြတ် သန်းခဲ့ကြဖူးပါပြီ''
''ဆောင်ပုဒ်ချိတ်ရုံ၊ စာဖတ်ကြပါ တစာစာပြောကြတာနဲ့ လူတွေက စာအုပ်ကို ကိုင်မလာပါဘူး''
''ဟုတ်ပါ့''
''ကိုချစ်နိုင်တို့လို စာရေးဆရာတွေက ဟောပါလား။ရေးပါလား၊ လူတွေစာဖတ် ကြမှ အကျိုးရှိမယ်ဆိုတာ''
''ပြောသင့်တဲ့နေရာ၊ ပြောရမယ့်အချိန် ပြောပါ့၊ ရေးပါ့သူငယ်ချင်းရာ။ တာဝန် ဝတ္တရားမပျက်ခဲ့ပါ''
''ထိရောက်အောင်ရေးစမ်းပါ''
''စာဖတ်ရင်ရတဲ့ကောင်းကျိုးဆိုတာ မရေမတွက်နိုင်လောက်အောင် တန်ဖိုးတက် စေပါတယ်။ ဗြိတိသျှကောင်စီကထုတ်ဝေ တဲ့ လက်ကမ်းစာစောင်လေးထဲက အချက် ပေါင်း(၄၃)ချက်ကိုလည်း မြန်မာလိုပြန်ဆို ပြီး ဝေလည်းဝေခဲ့ဖူးပါတယ်။ ဆောင်းပါး တွေလည်း ရေးခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကျော် ကပါ။ ခုလည်း သူငယ် ချင်းကပြောလာတော့ စာဖတ်ခြင်းရဲ့ ကောင်းကျိုးတွေ၊ စာဖတ်လို့ရလာမယ့် အချက်တွေ ဆက်ပြီး ပြောပြမယ်လေ။ နားထောင်မလား''
''နားထောင်မှာပေါ့ ကိုချစ်နိုင်ရ''
''စာဖတ်ရင်ဘာဖြစ်မလဲဆိုရင် မလွဲ မသွေရတဲ့အကျိုးကတော့ (၁) ဗဟုသုတ ကြွယ်ဝလာတယ်။ ကိစ္စတိုင်းကို သူများ မသိတာ ကိုယ်သိတယ်။ သူများမကြားဖူး တာကို ကိုယ်ကြားဖူးတယ်။ အချို့ကိစ္စတော် တော်များများကို စာဖတ်အလေ့အကျင့်ရှိခဲ့ သူက ဘာဖြစ်လာမယ်ဆိုတာကြိုပြီးသိနှင့် ပြီ။ အရာရာကို ကြိုတင်သိမြင်တော့ အကျိုးရှိအောင် လုပ်ဆောင်နိုင်တယ်။ ပြင် ဆင်နိုင်တယ်''
''ကောင်းတာပေါ့ ကိုချစ်နိုင်ရာ။ ဒီ သဘောမျိုးမိတ္ထီလာဝန်ဇင်းရွာက စာတို မောင်ညိုတောင်သူတောသားဘဝမှ အင်းဝ ရွှေနန်းတော်မှာ အမတ်ကြီးမင်းရာဇာ(မင်း သုံးဆက်တိုင်တိုင်) ဘိုးရာဇာအဖြစ် ချီး မြှောက်ခံရပုံ(၁၄)ဆက်မြောက် သမ္မတ အေဘရာဟင်လင်ကွန်းစာဖတ်များလို့ အမေ ရိကန်ရဲ့ပြည်သူအလေးစားဆုံး သမ္မတ ဖြစ် လာခဲ့ရပုံ''
''ဟုတ်တယ်။ သူငယ်ချင်းပြောတဲ့ သဘောတွေက အထင်အရှားသာဓကတွေ ပါပဲ။ (၂)အချက်က ဘဝကို သိသိသာသာ ပြောင်းလဲတိုးတက်စေတယ်။ စာဖတ်တဲ့ လူဟာ ရပ်တန့်မနေဘူး။ ထိပ်ဆုံးအထိ ရောက်ရှိနိုင်တယ်''
''အေးကွာ။ ဆက်ပြောပါဦး''