images
UN
UN
ရှေးဆရာတို့ စာသင်နည်း
အောင်ကြည်ညွန့်(တက္ကသိုလ်) Thursday, 24 January 2019
ဆရာနှင့် တပည့်ဆိုသည်မှာ ဟိုးရှေး နှစ်ပေါင်းများစွာ ကတည်းက တည်ရှိ ခဲ့ပါသည်။ ဗုဒ္ဓကျမ်းစာများအရဆိုလျှင် ဘုရားရှင်လက်ထက်တော်အခါကပင် ရှိခဲ့သည်ဟုဆိုနိုင်ပါသည်။ မြန်မာ့သမိုင်း နှင့် ချိန်ထိုးကြည့်လျှင်မူ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် စသည်ဖြင့် ခေတ်အဆက် ဆက် ပြောင်းလာခဲ့သော်လည်း ဆရာ နှင့် တပည့်မှာ ဘယ်ခေတ် ဘယ်အခါ ရောက်ရောက် ရှိမြဲရှိနေပါသည်။
မြန်မာ့သမိုင်းတွင် အကျော်အမော် ဆရာများအကြောင်း၊ တပည့်ကျော် တပည့်မော် အကြောင်းများကို စာပေများ ထဲတွင် တွေ့ရတတ်ပါသည်။
မြန်မာ့ပညာရေးမှာ ဘုန်းတော်ကြီး ကျောင်းများမှ စခဲ့သဖြင့် မြန်မာ့ ရှေးဦး ဆရာများမှာ ဘုန်းတော်ကြီးများပင် ဖြစ် ပါသည်။ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု တို့သည် ဗုဒ္ဓစာပေ၊ ဗုဒ္ဓအဘိဓမ္မာကျမ်း များ၊ သုတ်၊ ဝိနည်းကျမ်းများ၊ ဗုဒ္ဓဝင် မဟာဝင်ကျမ်းများ၊ ဇာတ်တော်များမှ မြစ်ဖျားခံလာရခြင်းဖြစ်ပါသည်။ ရဟန်း ပညာရှိ၊ လူပညာရှိဟု ရှေးက ဆိုခဲ့ပါ သည်။ လူပညာရှိဆိုသူများမှာလည်း အများအားဖြင့် ရဟန်းလူထွက်များဖြစ်ကြ သည်။ ပိဋကတ်ကျမ်းစာများ၊ ပါဠိ ဘာသာရပ်များကျွမ်းကျင်လိမ္မာကြပါသည်။
ဘုန်းတော်ကြီးကျောင်းများတွင် စာပေ သင်ကြားရာ၌ အရေး၊ အဖတ်၊ အပြောတို့ ဦးစားပေး သင်ပေးပါသည်။နှုတ်တက်အာဂုံ ကျက်မှတ်ခြင်းကိုလည်း အလေးပေးပါသည်။
အချို့သော ပုဂ္ဂိုလ်များက ဘုန်းတော် ကြီးသင် ပညာရေးသည် အလွတ်ကျက်၊ အလွတ်ပြန်ဆိုသော နည်းကိုသာ တွင်တွင် သုံးခဲ့ကြပြီး အခြားသော ဘာသာရပ် စွမ်းရည်များဖြစ်သည့် အရေး၊ အဖတ်၊ အပြောနှင့် နားထောင်ခြင်းများ အားနည်း သည်ဟုဝေဖန်ကြသည်ကိုတွေ့ရပါသည်။
ဤဝေဖန်မှုများကို အင်းဝခေတ် အကျော်၊ စာဆိုတော် ရှင်မဟာရဋ္ဌသာရ က သီ၊ ကုံး၊ ပန်းသွင် နေ့တိုင်းဆင်ရမည် ဟူသော အက္ခရာ ရှစ်လုံးဖြင့် နှုတ်ပိတ် ပစ်ခဲ့ပါသည်။ ရှင်မဟာရဋ္ဌ ဆရာတော် က သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ ဟူသော အက္ခရာရှစ်လုံးကို သီကုံး ပန်းသွင် နေ့တိုင်းဆင်ခိုင်းပါသည်။
သုမှာ သုနေယျ-နာကြားကြကုန် လော့။
စိမှာ စိန္တေယျ-ကြံဆောင်ကြကုန် လော့။
ပုမှာ ပုစ္ဆေယျ-မေးမြန်းကြကုန် လော့။
ဘာမှာ ဘာသေယျ-ပြောဆိုကြကုန် လော့။
ဝိမှာ ဝိစာရေယျ-စူးစမ်းဆင်ခြင်ကြ လော့။
လိမှာ လိက္ခေယျ-ရေးသားကြလော့။
သိမှာ သိက္ခေယျ-သင်ယူကြလော့။
ဓာမှာ ဓာရေယျ-နှုတ်တက် အာဂုံ ဆောင်ကြကုန်လော့။


ဆရာတော် ရှင်မဟာရဋ္ဌသာရက စာသင်ပျိုနုတို့အတွက် ရေပက်မဝင်ရ အောင် ပညာရယူနည်း၊ ပညာလေ့လာ ဆည်းပူးနည်းကို ထောင့်စုံအောင် ပြသ ထားသည်။
ယခုခေတ်၊ ပညာခေတ်၊ သတင်း ခေတ်၊ ကွန်ပျူတာခေတ်တွင် ခေတ်သစ် ဆရာတို့က ခေတ်သစ်လူငယ်များကို သင်ယူရာတွင် မြန်မြန်ဆန်ဆန် သိလွယ် တတ်လွယ်စေရန် တွေ့သမျှစာကို နား လည်သည် မလည်သည်ကိုမသိ၊ စာသင် သားများကို မျက်စိမှိတ်၍ အလွတ်သာ ကျက်ခိုင်းတော့သည်။
ငှက်ပျောသီး အခွံနွှာကျွေးသော နည်း၊ ကြက်တူရွေး စာသင်နည်း၊ ထမင်း ခွံ့သောနည်း၊ ငါးအရိုးနွှင်ကျွေးသော နည်းဟူ၍ ပြောကြသည်။ စာသင်သား တို့ ကိုယ့်အားကိုယ်ကိုး မလုပ်ကြတော့။ မကြိုးစားကြတော့။ ဆရာက အဆင်သင့် ပေးသော မှတ်စုကိုသာ အာသာငမ်းငမ်း ကျက်မှတ်နေကြပေသည်။
ပညာရေးစနစ်၊ စာမေးပွဲစနစ်က လည်း ဟန်ကျပေသည်။ ဒါမေး၊ ဒါဖြေ၊ ဒါကျက်ဖြင့် တစ်နှစ်တစ်တန်း အောင် သွားကြသည်။
ပညာသင်ကြားရာ၌ စာသင်သား ကိုယ်တိုင်က သိလိုစိတ်၊ တတ်လိုစိတ်၊ ပြင်းပြစွာဖြင့် လုံ့လမပြုမချင်း၊ မတတ် မြောက်နိုင်။ အကောင်းဆုံးသင်ပြပေးနိုင် သူဆရာမှာ စာသင်သားတို့အား မိမိတို့ ကိုယ်တိုင်ပညာရှာကြံလာအောင်လုပ်ပေး နိုင်သူဖြစ်၏ဟူသော ပညာရေးသဘော တရားကို ရှင်မဟာရဋ္ဌသာရက သူ့နည်း သူ့ဟန်ဖြင့် ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
အင်းဝဆရာတော် ရှင်မဟာရဋ္ဌသာရ နှင့် ခေတ်ပြိုင် ဆရာတော် ရှင်မဟာ သီလဝံသသည်လည်း အလွန်နာမည်ကျော် သော ဆရာတော်ဖြစ်သည်။ ဆရာတော် ၏ ပါရာယနဝတ္ထုမှာ နာမည်ကြီး စကား ပြေ ကျမ်းတစ်ခုဖြစ်သည်။
ပါရာယနဝတ္ထုတွင် မြတ်စွာဘုရား နှင့် အာဠာဝက နတ်ဘီလူးတွေ့ခန်းတွင် ဘီလူးက မြတ်စွာဘုရားအား အမေး ငါးထွေဖြင့် မေးသည်ကို ဖြေဟန်ဖြင့် ရေးထားသည်။
မြတ်စွာဘုရားက အာဠာဝက၏ မေး ခွန်းများကို ''ပညာဖြင့် စင်ရာ၏''ဟု ဟောကြားသည်။ ထိုဟောကြားမှုကို အရင်းတည်၍ အမေး ငါးပါးကို အသစ် မေးပြန်သည်။ မေးခွန်းများမှာ-
အရှင်ဘုရား...
- ပညာရအံ့သော အကြောင်းကား အဘယ်နည်း။
- လောကီ လောကုတ္တရာ ဥစ္စာရအံ့ သော အကြောင်းကား အဘယ် နည်း။
- ကျော်စောအပ်သော အကြောင်း ကား အဘယ်နည်း။
- မိတ်ခင်ပွန်းရသော အကြောင်း ကား အဘယ်နည်း။
- သံသရာ၌ မစိုးရိမ်ရသော အကြောင်းကား အဘယ်နည်း။
ဤသို့အားဖြင့် အဘယ်သို့သော အကြောင်းကြောင့် ပညာရရာသနည်းဟု မေးသည်ကို-
''ယုံကြည်စွာသည်၊ နားထောင်၍ နာသည်၊ ကြားသည်ကို မမေ့မလျော့ မှတ်မိသည်။ မှတ်မိသည်ကို အနက် အဓိပ္ပာယ် အဆုံးအဖြတ်ရအောင် ဆင်ခြင် သည်။ ဤသို့သော အကြောင်းတရား လေးပါးဖြင့် ပညာရရာ၏''ဟု မြတ် ဘုရားက ဖြေကြားတော်မူပါသည်။
ဤတွင် စာသင်ဆရာနှင့် စာသင် သားတို့ ပညာသင်ကြားရာ၌ လိုက်နာ မှတ်သားနိုင်အောင် ပညာသင်ကြားနည်း နှင့် သင်ယူနည်းကို ဆရာတော်က ညွှန် ပြထားခြင်း ဖြစ်သည်။
ဆရာသမား စာသင်နေချိန်တွင် စာ သင်သား တပည့်သည်-
- ဆရာ၏ သင်ပြမှုကို ယုံကြည် ရမည် ဖြစ်သည်။
- ဆရာ၏ သင်ပြမှုကို သေချာကျန စွာ ဂရုစိုက် နားထောင်ရပါမည်။
- မိမိ ဂရုတစိုက် နားထောင်ထား သော ဆရာသမား၏ စကားများ ကိုမမေ့မလျော့မှတ်မိနေရပါမည်။
- မှတ်မိသည်တို့ကို အနက်အဓိပ္ပာယ် အဆုံးအဖြတ်ရရှိစေရန် ဆင်ခြင် ရပါမည်။
အင်းဝခေတ် စာဆိုအကျော်၊ ဆရာ တော်ကြီး နှစ်ပါး၏ တပည့်များအပေါ် ပညာသင်ကြားပေးခြင်းနှင့် စပ်လျဉ်း၍ ဆရာတော်များ၏ ကဗျာများ၊ စာများက ဖော်ပြသည်မှာ ဆရာများအား ကလေး များကို စာပေပို့ချရာတွင် ကလေးများ စိတ်ပါဝင်စားမှုရှိအောင် မည်သို့ မည်ပုံ သင်ပေးရမည်ဟု သွန်သင်မပေးချေ။ စာသင်ရာမှာ အရေးအကြီးဆုံး ပုဂ္ဂိုလ် များ ဖြစ်သည့် စာသင်သားတို့ကိုသာ တိုက်ရိုက် လှုံ့ဆော်ပေးထားသည်ကို တွေ့ရှိရပါသည်။
သင်ယူသူကိုယ်တိုင်စိတ်ပါဝင်စားစွာ သင်ယူပါမှ တတ်မြောက်မှုရနိုင်ကြောင်း မီးမောင်းထိုးပြသည့် အင်းဝခေတ် စာပေ သင်ကြားနည်းကို ယနေ့ခေတ်တွင် ခေတ် နှင့်လျော်ညီစွာ အသုံးချသင့်ကြောင်း တင်ပြရေးသားလိုက်ပါသည်။