images
UN
UN
ပညာချို့တဲ့ ကျေးဇူးမမဲ့ကြပါနဲ့
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Wednesday, 06 February 2019
''သူငယ်ချင်းရေ အခုတလော မင်း စာပေဟောပြောပွဲတွေ တော်တော်ဆက် နေပါလားကွ''
''အေးကွာ ငါ့လုပ်ငန်းအခြေအနေနဲ့ စာပေဟောပြောပွဲ အံဝင်ခွင်ကျဖြစ်တဲ့ အခါမှာ လိုက်ဟောနေရတာပါကွာ''
''ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ တယ် မဟုတ်လားကွ''
''မင်းက ရတာကိုသာ မြင်နေတာ၊ သွားရလာရတဲ့ဒုက္ခက မသေးလှဘူးကွ။ ဒီကြားထဲမှာ မင်းပြောသလိုပဲ ကုသိုလ်ရ တဲ့ စာပေဟောပြောပွဲတွေလည်း ပါတယ် ကွ။ 'ကျေဇူးကြီးလှမိနဲ့ဖ' လို့ခေါင်းစီး တပ်ထားတဲ့ စာပေဟောပြောပွဲမျိုးတွေ၊ 'အာစရိယပူဇော်ပွဲ' နဲ့ရောပြီးကျင်းပတဲ့ စာပေဟောပြောပွဲမျိုးတွေ၊ 'မှုခင်းကျ ဆင်းရေး' နဲ့ရောပြီးကျင်းပတဲ့ စာပေ ဟောပြောပွဲမျိုးတွေ၊ 'မိဘဆရာအသင်း နှစ်ပတ်လည် ဆုပေးပွဲ' နဲ့ရောပြီး ကျင်းပတဲ့ စာပေဟောပြောပွဲမျိုးတွေမှာ ဟောပြောရတာကတော့ အဓိကအချက် ကို ဇောင်းပေးဟောပြရတာဖြစ်လို့ ဟော ပြောနေကျ စာပေဟောပြောပွဲနဲ့မတူဘဲ ထူးထူးခြားခြားအကြောင်းခြင်းရာတွေကို အလေးထားဟောပြောနေရတော့ ကုသိုလ် လည်းရတယ်လို့ ဆိုနိုင်တာပေါ့ကွာ''
''မင်းပြောမှ ငါသတိရသွားတယ် ကွာ။ အငြိမ့်လူရွှင်တော်တွေက သတင်း စာကို ကောက်မကိုင်လိုက်နဲ့ ကောက် ကိုင်ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်လို့ ဟာသပြက်လုံး ထုတ်ကြလေ့ရှိတယ်ကွ။ အခုတော့ သတင်းစာကို ကောက်ကိုင် လိုက်ရင် သာဓုအကြိမ်ကြိမ်ခေါ်နေရပြီ သူငယ်ချင်းရေ''
''ဘာကြောင့် သာဓုအကြိမ်ကြိမ်ခေါ် နေရတာလဲကွ''
''မင်းကလည်း ငါ့ကို အကြောင်ရိုက် နေပြန်ပြီ။ နေ့စဉ်ထုတ်သတင်းစာတွေကို ကောက်လှန်ကြည့်လိုက်ရင် အနယ်နယ် အရပ်ရပ်မှာ 'အာစရိယပူဇော်ပွဲ'တွေ ကျင်းပကြမယ့်အကြောင်း ကြေညာထား တာဟာ သိပ်မင်္ဂလာရှိပါ့ကွာ။'အာစရိယ ပူဇော်ပွဲ' ကျင်းပမယ့် ကြေညာချက်က လေးပုဒ် ငါးပုဒ်လောက် နေ့စဉ်ထုတ် သတင်းစာတွေမှာ နေ့တိုင်းလိုလိုပါနေတာ ကွ။ အနန္တောအနန္တဂိုဏ်းဝင်၊ အာစရိယ ဆရာတွေကို တပည့်ဟောင်းတွေက အခုလို ပူဇော်ပွဲကျင်းပနေကြတာဟာ နတ်လူသာဓုခေါ်ထိုက်တဲ့ ကောင်းမှု ကုသိုလ်အလုပ်ပဲကွ။ ဒါကြောင့် ငါက သာဓုအကြိမ်ကြိမ် ခေါ်နေတာကွ''
''ငါလည်း သာဓုခေါ်နေပါတယ် ကွာ။ ငါလည်းနှစ်စဉ်ပဲ အာစရိယပူဇော်ပွဲ အထိမ်းအမှတ် စာပေဟောပြောပွဲတွေမှာ ဟောပြောနေခဲ့ပါတယ်။ ဒီနှစ်လည်း ဟောပြောနေရဆဲပါ။ ငါက စာပေ အကြောင်းကို နိဒါန်းချီပြီး ငါ့ကိုယ်တွေ့ ခံစားချက်ဖြစ်ရပ်မှန် ဆရာကန်တော့ပွဲ အကြောင်း 'ဖိုလှိုက်စွာ၊ ငိုရှိုက်ကာ၊ ဦးခိုက်ခဲ့ပါသည်' ဆိုတဲ့ မဂ္ဂဇင်း ဝတ္ထုရှည်ကို ဟောပြောခဲ့တယ်ကွ''




''ဘာလဲ မင်းရဲ့ဆရာကြီး ဦးရွှေဝိုင်း (ရွှေငယ်ဝိုင်း) အကြောင်း မဟုတ်လား''
''ဟုတ်ပါ့ကွာ။ ဒါပေမဲ့ ဆရာကြီး ဦးရွှေဝိုင်းရဲ့ အကြောင်းကို အခြေခံပြီး ဆရာ၊ဆရာမတိုင်းရဲ့'စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ' ဆိုတဲ့ 'နာလေးနာ' အကြောင်းကို ဟောပြောခဲ့တာပါ''
''မင်းစဉ်းစားကြည့်လေ မင်းရောငါပါ ကျောင်းသားဘဝကို ဖြတ်သန်းခဲ့ကြတော့ ဆရာ ဆရာမတွေရဲ့ ကျေးဇူးတရားကို ခံစားနားလည်ထားကြသူတွေပါ။ ငါနဲ့ အတူ မောင်စိန်ဝင်း (ပုတီးကုန်း) ကို စာပေလောကမှာ လူတစ်လုံးသူတစ်လုံး ဖြစ်အောင် ဥယျာဉ်မှူးကောင်းပီသစွာ မြေတောင်မြှောက်ပြုစုပျိုးထောင်ပေးခဲ့ သူဟာ မြန်မာစာပြဆရာကြီးစာရေးဆရာ ကြီး ရွှေငယ်ဝိုင်းပဲကွ။ ဆရာကြီးဟာ ကျောင်းစာအပြင် ပြင်ပလောကဗဟုသုတ တွေပါ စာသင်ခန်းထဲမှာ အမြဲတမ်း လမ်းညွှန်သွန်သင်ပြသ ဆိုဆုံးမလေ့ရှိခဲ့ တယ်ကွ''
''ငါ့ရင်ထဲမှာ အခုထိ စွဲငြိမှတ်မိ နေတုန်းပါကွာ။ လောကမှာ ဘာပဲလုပ် လုပ် အတက်အကျဆိုတာရှိနေမှာပဲ။ တက်ရင်လည်း ဘဝမမေ့နဲ့၊ ကျရင်လည်း ဘဝမနာစေနဲ့။ စိတ်ဓာတ်ခိုင်ကျည်ဖို့လို တယ်။ ဥပမာ စာမေးပွဲကျရင် ဘာ ကြောင့် စာမေးပွဲကျရတာလဲ အဖြေရှာပြီး ပြန်လည်ကြိုးစားရမယ်။ စစ်ရှုံးတဲ့စစ်သူ ကြီးဟာ လိုဏ်ဂူထဲမှာ ပုန်းအောင်းနေစဉ် ပင့်ကူအိမ်ဖွဲ့နေတဲ့ ပင့်ကူကိုမြင်ပြီး ဆင်ခြင် ဥာဏ်ရသွားသလို ''ပျက်ကိန်းကြိမ်ကြိမ်၊ ပင့်ကူအိမ်ကို၊ ကြိမ်ကြိမ်ပင်လျှင်၊ ပင့်ကူ ပြင်၏''ဆိုတဲ့ စကားရှိတယ်မဟုတ် လား။ ကြိုးစားကြစမ်းပါကွာတဲ့...''
''ရေပက်မဝင်အောင် ကျွမ်းကျင် လိမ္မာ ပါးနပ်စွာတတ်မြောက်ထားတဲ့ သိုင်းသမားတစ်ယောက်ဟာလေအထွက် အဝင်နဲ့ မကင်းသလိုပဲ ပညာရှိသတိ ဖြစ်ခဲ၊ လွဲတတ်ချော်တတ်၊ တိမ်းစောင်း တတ်တယ်။အဲဒါကို သတိနဲ့ထိန်းကျောင်း ရမယ်...''
''စာရေးဆရာဖြစ်ချင်ရင်တော့ 'စု၊ တု၊ ပြု'ဆိုတဲ့ စကားသုံးလုံးကို နားလည် လိုက်နာရမယ်ကွ။ 'စု'ဆိုတာက ပထမအဆင့်မှာ စာပေကိုစုဆောင်းလေ့ လာရမယ်။ 'တု'ဆိုတာက ဒုတိယ အဆင့်မှာ စာပေရေးသားနည်းကို တုပ ရေးသားရမယ်။ 'ပြု'ဆိုတာက တတိယ အဆင့်မှာ ကိုယ်တိုင်ပြုစုရေးသားရ မယ်။ ''တတ်ချင်ရင်သင်၊ မြင်ချင် ရင်ကြည့်၊ သိချင်ရင်မေး၊ ရေးချင်ရင် ဖတ်'' တဲ့။ စာရေးချင်ရင် စာများများ ဖတ်ကြပေါ့ တပည့်တို့ရာ။ အလိမ္မာစာမှာ ရှိတာ မင်းတို့ အသိပါ။ ''ရုပ်လှချင်လို့ မှန်ကြည့်ကြသလို ဘဝလှဖို့အတွက် စာကြည့်ကြပါ၊ စာဖတ်ကြပါ''တပည့် တို့ရာ...''
''လောကကို ပညာနဲ့အလှဆင်သူ၊ သောကကို ကရုဏာနဲ့ဖြေဖျောက်သူ၊ အများအကျိုးကို ကိုယ်ကျိုးစွန့်ပြီး ဆောင် ရွက်တတ်သူကို ဆရာလို့ခေါ်တယ်။ အရာရာကို ဆဆရာရာပြုသူ၊ ဆင်ကန်း တောတိုး အကျိုးမရှိမလုပ်ဘဲ နှိုင်းနှိုင်း ချိန်ချိန် တွေးတွေးဆဆဆောင်ရွက်သူ၊ ရှေ့နောက်မျှော်ကာ အမြော်အမြင်ဆင်ခြင် တုံတရားနဲ့ ပြည်စုံသူကို ဆရာလို့ခေါ် တယ်''
''ပညာရှင်တချို့ကလည်း ဆရာဆို တာ ''ဆာယာ''ဆိုတဲ့ ပါဠိကဆင်း သက်လာတာ။ ဆာယာဟာ အရိပ်တဲ့။ လောကနီတိကျမ်းမှာ သစ်ပင်အရိပ်ဟာ အေးတယ်။ အဲဒီသစ်ပင်အရိပ်ထက် မိဘ ဆွေမျိုးတွေရဲ့ အရိပ်က သာပြီးအေး တယ်။ မိဘဆွေမျိုးတွေရဲ့ အရိပ်ထက် ဆရာတွေရဲ့အရိပ်က ပိုပြီးအေးတယ်။ ဆရာရဲ့အရိပ်ထက် ဘုရင်မင်းမြတ်ရဲ့ အရိပ်က သာလွန်ပြီးအေးတယ်။ ဘုရင် မင်းမြတ်ရဲ့အရိပ်ထက် ဘုရားရှင်ရဲ့တရား ရိပ်က အအေးမြဆုံးပဲတဲ့။ ဒီတော့ကာ ဆရာတွေရဲ့အရိပ်ဟာ ဘယ်လောက် အေးမြသာယာမှု ရှိတယ်ဆိုတာကို သိထားကြဖို့လိုတယ်...''
''မဃဒေဝလင်္ကာမှာ ''ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကြင်ကြင်၊ အပြစ်မြင် တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူ လော့''လို့ ဆိုထားတယ်။ အိုးဖုတ်၊ အိုးလုပ်သမားဟာ အိုးကိုနာနာရိုက်လေ အိုးကောင်းကောင်းကို ရလေဆိုသလို ပဲ''လို့ ဆရာကြီးဦးရွှေဝိုင်းက တို့ကို ဆုံးမလေ့ ရှိခဲ့တယ်ကွ''
''မင်းက အစဖော်လို့ ငါလည်းသတိ ရမိတယ်ကွာ။''ဆရာကြီးဂုဏ်ထူးဦးသိန်း နိုင်''က ကျောက်သွေးဆရာအသွေးမခံရ ဘဲ ကျောက်မျက်ဟာ ရောင်းတမ်းဝင် ကျောက်မျက်မင်းအဖြစ် ဘယ်တော့မှ မရောက်ဘူးတဲ့။ ပန်းပုဆရာအထုမခံရဘဲ ယမနေသားဟာ ယမင်းရုပ်ဘဝကို ဘယ် တော့မှ မရောက်ဘူးတဲ့။ ကျောက်ဆစ် ဆရာ အဆစ်မခံရတဲ့ကျောက်တုံးဟာ ဗုဒ္ဓရုပ်ပွားတော်အဖြစ် လူအများရဲ့ ရှိခိုး ပူဇော်မှုကို ဘယ်တော့မှမခံရဘဲ လမ်းခင်း တဲ့ကျောက်တုံးအဖြစ်သာရှိနေမှာတဲ့ကွာ။ ဆရာတွေဆရာမတွေရဲ့ဂုဏ်ကျေးဇူးကြီး မားပုံကို အမွှမ်းတင်ဂုဏ်ပြုထားတာကွ''
''ငါဆက်ပြောစရာ ရှိသေးတယ် ကွာ။ တို့မြို့နယ်အသင်းက နှစ်နှစ်မှာ တစ်ကြိမ်ပြန်ပြီး ထက်၊ လယ်၊ မူ၊ အငြိမ်းစား ကျောင်းဆရာ၊ ဆရာမကြီး အားလုံးကို ပူဇော်ကန်တော့ပွဲ ကျင်းပလေ့ ရှိခဲ့တယ်ကွ။ ငါကတော့ အာစရိယ ပူဇော်ပွဲကျင်းပတိုင်း စာပေဟောပြောပွဲ တွေနဲ့ တိုက်ဆိုင်နေလို့ မလိုက်နိုင်တာ များပါတယ်။ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေကိုတော့ တတ်နိုင်သမျှ ထည့် ဝင်ခဲ့တယ်ကွ။ မှတ်မှတ်ရရပြောရရင်ကွာ ၁၉၈၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ဒုတိယ အကြိမ်မြောက် အာစရိယပူဇော်ပွဲကို ငါလိုက်သွားခဲ့တယ်။ အဲဒီပွဲမှာ ဆရာကြီး က-
''ဆရာဆိုတာဘယ်လိုတွေပဲ အဓိ ပ္ပာယ် ဖွင့်ဆိုနေကြစေကာမူ ဆရာတို့ အနေနဲ့ ပန်းပျိုးသူတွေဖြစ်ပါတယ်။ ပန်း ချိုးသူတွေမဟုတ်ပါဘူး။ ကိုယ်ပျိုးထောင် ပေးခဲ့တဲ့ ဖူးငုံပန်းကလေးတွေ လန်းဆန်း နေတာ ငွားငွားစွင့်စွင့် ဖူးပွင့်ဝေဆာနေ တာကိုကြည့်ပြီး ပီတိဖြာနေရတာက ဥယျာဉ်မှူးဆရာအိုကြီးတွေရဲ့ ဘဝပါ တပည့်တို့ရာ...''
''ဆရာဆိုတာ ကိုယ့်တပည့်တွေကို အမြဲတမ်းမော့လို့သာ ကြည့်ချင်ကြပါ တယ်။