images
UN
UN
တာချီလိတ်မြို့တွင် ဒေါ်လာငွေအတုများဖြင့် ငွေလာလဲသူ ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိ
ယာဆေး(တာချီလိတ်) Thursday, 14 March 2019
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ တာလော့ရပ်ကွက် တွင်းရှိ ငွေလဲဆိုင်တစ်ဆိုင်တွင် အမေရိကန်ဒေါ်လာငွေလာရောက် လဲလှယ်သည့်ထိုင်းနိုင်ငံသားတစ်ဦး ထံမှ ဒေါ်လာ ၁ဝဝတန်အတု ၁၉ ရွက်ကိုဖမ်းဆီးရမိ၍တာချီလိတ်မြို့ မရဲစခန်းတွင် ယမန်နေ့က အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ထိုင်းနိုင်ငံသား မယ်ဆိုင်မြို့ တွင်နေထိုင်သူ Mr.Ekka Phone Kaew Thong ဆိုသူက ယခုလ ၁၂ ရက်မွန်းလွဲ ၃ နာရီခန့် တာလော့ ရပ်ကွက်အတွင်းရှိ ငွေလဲဆိုင်တွင် အမေရိကန်ဒေါ်လာငွေများအား လာရောက်လဲလှယ်ရာမှ သင်္ကာ မကင်းဖြစ်ကာSB နှင့် CID တို့ ကို ဖုန်းဆက်အကြောင်းကြား သဖြင့် တာချီလိတ်မြို့မရဲစခန်းမှ ဒုတိယနယ်ထိန်းခေါင်းဆောင် ရဲအရာခံကျော်ဇေယျနှင့်သက်သေ များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးကြည့်ရာမှ ယခုကဲ့သို့ ဒေါ်လာငွေအတုများ အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ အမေရိကန်ဒေါ်လာ ၁ဝဝ တန် ငွေစက္ကူအတု ၁၉ ရွက် နှင့်အတူ လက်ကိုင်ဖုန်းတစ်လုံး၊ နိုင်ငံကူးလက်မှတ်စာအုပ်တို့ကို လည်း သိမ်းဆည်းရမိခဲ့သည်။
ဒေါ်လာငွေစက္ကူအတုများဖြင့် ဖမ်းဆီးထားသော ထိုင်းနိုင်ငံသား အားတာချီလိတ်မြို့မရဲစခန်းမှ အမှု ဖွင့်အရေးယူထားကြောင်းသိရသည်။