images
UN
UN
ခိုင်မာသော ဆုံးဖြတ်ချက်ရှိပြီလား
ချစ်နိုင်(စိတ်ပညာ) Thursday, 25 April 2019
ငယ်ပေါင်းများနှင့်
လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်လောက် ဆီက ဗိုလ်လောင်းသင်တန်းတစ်ပတ်တည်း အတူတက်ခဲ့ကြသော သူငယ်ချင်းများ ရန်ကုန်မှာ ငါးဆယ်နီးပါးရှိနေသည်။ တစ်လတစ်ခါစုပြီး ဂေါက်ရိုက်ကြသည်။ မိမိကတော့ ဂေါက်မရိုက်တတ်ပါ။ စုပေါင်း ပြီး အလှည့်ကျညစာကျွေးမွေးဧည့်ခံကြရင်း သူငယ်ချင်းတွေဆုံကြသည်။စစ်သားဟောင်း စစ်ဘက်အရာရှိဟောင်းတွေဆိုပါစို့။
သူတို့ထဲမှာ နိုင်ငံရေးစိတ်ဝင်စားသူ တချို့လည်းပါသည်။ ပါတီနိုင်ငံရေးတော့ မလုပ်ကြပါ။ နိုင်ငံရေးတွေ သူငယ်ချင်းများ ပြောဆိုဆွေးနွေးကြသောအခါ ဘေးမှာ မိမိကနားထောင်သည်။ ပြည်သူအများခံစား နေကြရသော အားမလိုအားမရ၊ မကျေနပ် ကြသော အတွေ့အကြုံတွေကများပါသည်။ မည်သူ့ကိုမှတော့ အပြစ်မတင်ကြ။ ဖြစ်လာ သမျှအားလုံး၏ ကံတရားပဲလေ။
ဗေဒင်ပညာမှာ လူအများလေးစားခံ ရသော သူငယ်ချင်းတစ်ယောက်လည်း မိမိ တို့ကျောင်းဆင်းဖက်တွေထဲမှာ ပါသည်။ မနေနိုင်၍ မိမိက ''တိုင်းပြည်အခြေအနေ ဘယ်လိုလဲ''ဟု တိုးတိုးလေးမေးခဲ့မိသည်။ တိုင်းပြည်၏ ဗေဒင်ကိန်းခန်းအရ ''အနေ အထားမှာ မကောင်းနိုင်သေး''ဟု သူက ဖြေသည်။ ''ဧပြီနောက်ပိုင်းပိုဆိုးဖွယ်ရာ မြင်သည်''တဲ့။
''ဟေ''
တိုင်းပြည်ကိုဦးစီးဦးဆောင်လုပ်နေသော အမျိုးသမီး၏ ဂြိုဟ်စီးဂြိုဟ်နင်းနက္ခတ်တာ ရာအခြေအနေကလည်း ''အကျဘက် အဆိုးဘက်ရောက်နေသည်။ ပိုကောင်းနိုင် စရာမရှိ''ဟု ဆိုသည်။ ဤအချက်က မိမိ မမေးဘဲ သူကဆက်စပ်ပြီးပြောနေခြင်းဖြစ် ၏။ မည်သို့ပင်ဆိုစေ စိတ်မသက်မသာ ခံစားမိပါ၏။
မပျော်နိုင်
နှစ်ပေါင်းများစွာ လပေါင်းများစွာ သူငယ်ချင်းများဆုံသည့်အခါ အများအား ဖြင့် နောက်ကြပြောင်ကြရယ်ကြမောကြ ပျော်ရွှင်ရသည်။ တစ်ခါတစ်ရံမှာ ကာရာ အိုကေစင်မြင့်ပါတာလည်းရှိခဲ့သည်။ မိမိက သီချင်းတစ်ပုဒ်တော့ဆိုဖြစ်အောင်ဆိုသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာ တက္ကသိုလ် မှာအတူနေခဲ့ကြသူတွေလည်း သိသည်။ အဆောင်ညစာစားပွဲများဆိုလျှင် မိမိဆို နေကျလေ။ ဗိုလ်လောင်းဘဝမှာလည်း သီတင်းကျွတ်ပွဲ၊ တန်ဆောင်တိုင်ပွဲ၊ ပွဲလမ်း သဘင်မှန်သမျှမိမိနှင့်ပေစိ(ဗိုလ်မှူးမြင့်ဆွေ) တို့က ပွဲတိုင်းကျော်ဒိုးပတ်မင်းသားတွေပဲ။ ဆိုရကရမှ အစာကြေတဲ့ကောင်ပေပါ့။
သို့တစေ ယခုတလောမှာတော့ ပျော် ပျော်ရွှင်ရွှင်မရှိလှပေ။ သတင်းစာများ၊ ဂျာနယ်များ၊ နေ့စဉ်ပြည်သူလူထု၏ စား ဝတ်နေရေးအခြေအနေများကလည်း စိတ် ရွှင်လန်းစရာမရှိလှ။ နက္ခတ်ဗေဒင်ကျွမ်း ကျင်သူများ၏ ဟောစာတမ်းအချို့ကလည်း မကောင်း။ မိမိက ဗေဒင်တွေယတြာတွေကို သိပ်အယုံအကြည် မရှိလှပါပေ။ သို့တစေ ဇမ္ဗူဒိပ်-နိမိတ် ဟူသော စကားကိုတော့ လက်ခံသည်။သဘင်သည်များပြောကြားနေ ကျစကားရှိလေသည်မဟုတ်လား။ထားပါ။

လတ်တလောစိတ်ကိုပျော်ပျော်နှင့် ပေါ့ ပေါ့ပါးပါးသာ ထားလေ့ရှိသောမိမိသည် အနည်းငယ်ထိုင်းမှိုင်းနေမိခဲ့သည်။ ကိုယ် ရေးကိုယ်တာမဟုတ်။ နိုင်ငံအရေး ပြည်သူ အရေးမှာ ငြိမ်းချမ်းရေးအလားအလာ တိုး တက်မလာသည့်အပြင် တန့်သလား၊ ဆုတ် ယုတ်သလား၊ ပိုဆိုးသည်ကား လက်နက် ကိုင်သူပုန် သူကန်အရေအတွက်တိုးပွားလာ နေခြင်းများ။
ဆူပူမှု၊ အတိုက်အခိုက်ရှိနေသော တိုင်း ပြည်ဟူသည် ဒဏ်ရာအနာတရရှိနေသူနှင့် တူ၏။ လူမာမဟုတ်၊ လူနာဟုမဆိုနိုင်လျှင် တောင် သန်စွမ်းကြံ့ခိုင်သောစွမ်းအားမျိုးမရှိ။ ရေတိုအခြေအနေ၊ ရေရှည်အလားအလာ ဤပုံမျိုးသည် မကောင်းပါ။ စိတ်ညစ်ညူး စရာ။
စာအုပ်သာအဖော်
ဤအခိုက်အတန့်မှာ မိမိစာအုပ်စင်ပေါ် မှ ဝယ်ထားပြီး မဖတ်ရသေးသော စာအုပ် တစ်အုပ်ကိုကြုံရာဆွဲဖတ်လိုက်သည်။ ဗန်း မော်သိန်းဖေရေးသားသော ''ဆင်းရဲနွံမှ ချမ်းသာဘုံသို့'' (၂ဝ၁၆ ခုနှစ် ဇွန်လက ထုတ်ဝေခဲ့သည့်)စာအုပ်။ ဆင်းရဲချို့တဲ့ သော ဘဝအခြေအနေမှ ချမ်းသြာ<ွကယ်ဝ သော ဘဝသို့အမှန်တကယ်ရောက်ရှိခဲ့ကြ သော ပုဂ္ဂိုလ် ၂၃ ဦးအကြောင်း စိတ်ဝင် စားဖွယ်ဖော်ပြထားသည်။ စကားပြောဟန် ဖြင့် သွက်လက်ရှင်းလင်းစွာရေးသားနိုင် သည်။
ကြိုက်သည်မကြိုက်သည်ကို အပထား၊ ကျော်ကြားထင်ရှားနေသဖြင့် ကြည့်ဖြစ် အောင် ကြည့်ခဲ့မိသည့် ဟယ်ရီပေါ်တာ ရုပ် ရှင်ဇာတ်ကားများကို မိမိသတိထားမိသည်။ ထိုဟယ်ရီပေါ်တာဇာတ်ကား ခုနစ်ကားကို ရေးသားခဲ့သူမှာ အချို့လည်း သိပြီးဖြစ်ကြ ပါလိမ့်မည်။
ဂျေကေရိုးလင်း
ဆင်းရဲနွမ်းပါးစွာ ဘဝကိုဖြတ်သန်း နေရသည့်ကြားက ငါးနှစ်ကြာမျှ ကြိုးစား ပမ်းစားပြုစုရေးသားခဲ့သည့် ဝတ္ထုရှည်တစ် ပုဒ်ကို ကိုယ်တိုင်လက်နှင့်ရေး၊ ကိုယ်တိုင် လက်နှိပ်စက်နှင့် ပြန်အချောကူးရိုက်၊ (ကွန် ပျူတာစာစီစာရိုက်ရှိနေခဲ့ပါပြီ။ မဝယ်နိုင်၊ မသုံးနိုင်ဘဲ ဝယ်နိုင်သည့်လက်နှိပ်စက် အဟောင်းအစုတ်ကလေးနှင့်သာကိုယ်တိုင် စာစီခဲ့သည်)။ ထုတ်ဝေသောစာပေတိုက် ကြီးများသို့ ပို့သည်။ တစ်လလောက်ကြာ သောအခါ ပြန်စာနှင့်အတူ စာမူပြန်ပို့လိုက် သည်။ ''ကလေးတွေကြိုက်မှာမဟုတ်ဘူး။ စာပေအဆင့်လည်းမမီပါ။ထုတ်ဝေမပေးနိုင် ပါဘူး''ဟုဆို၏။
ပြန်စာကိုဖတ်ပြီး သုံးရက်မျှမစားနိုင်၊ မသောက်နိုင်၊ အကြီးအကျယ်စိတ်ဓာတ်ကျ သွားသည်။ စာပေအဆင့်မမီဟု အပြောခံရ ခြင်းကို ခံပြင်းသည်။ ဒေါသဖြစ်ရသည်။ နှစ်ပေါင်းများစွာ အထူးကြိုးစားရေးသားခဲ့ သဖြင့် အောင်မြင်မည်ဟု ယုံကြည်မျှော် လင့်ခဲ့သည်။ သဲထဲရေသွန် အဖြစ်မခံနိုင်။ ဒုတိယစာပေတိုက်တစ်တိုက်သို့ ထပ်ပို့ပြန် သည်။ သုံးပတ်လောက် ကြာသောအခါ စာအိတ်တစ်အိတ်ရောက်လာသည်။ ဝတ္ထုက ရှည်လွန်းသည်။ လူငယ်တွေလည်း ကြိုက် မည်မဟုတ်။ သူတို့တိုက်က ထုတ်ဝေခြင်း မပြုနိုင်ပါဟူ၏။ သူ၏စာမူကို စာအုပ် ထုတ်မပေးနိုင်ပါဟူသော ငြင်းပယ်မှုအဖြေ သာပင်။
ပထမအကြိမ်လောက် စိတ်ဓာတ်မကျ တော့ပေ။ ခံနိုင်ရည်အနည်းငယ်ရှိလာပြီ။ စာအဆုံးမှာဆက်ကြိုးစားပါ။ တစ်နေ့နေ့ အောင်မြင်နိုင်ပါသည်ဆိုသောအားပေးသည့် ဝါကျလေးကိုသဘောကျသည်။ အားတင်း နိုင်လာသည်။ တတိယမြောက်ထုတ်ဝေသူ စာအုပ်တိုက်သို့ပို့လိုက်ပြန်သည်။ စောင့် သည်။ အဖြေကတော့ နိုးပါပဲ။ တတိယ၊ စတုတ္ထ၊ ပဉ္စမစသည့်ဖြင့် တစ်နှစ်တာမျှ အချိန်ကာလအတွင်း အငြင်းပယ်ခံခဲ့ရသော အကြိမ်ပေါင်းလည်း နိုးတွေချည်းတစ်ဒါ ဇင်ကျော်လေပြီ။
အားတင်းခဲ့ရ
သူ့မှာညီမတစ်ယောက်ရှိလေသည်။
Dianne ဒယ်နီဆိုသော ညီမလေးကမကြာ ခဏလာတွေ့ပြီး သူ့ကိုအားပေးသည်။ ဆင်း ဆင်းရဲရဲမွဲမွဲတေတေ၊ ယောက်ျားနှင့်ကွဲခဲ့ သည်၊ ကလေးတစ်ယောက်အမေ၊ သောက ဒုက္ခတွေပွေနေသည့်ကြားက အနိုင်မခံ အရှုံး မပေးစိတ်ဓာတ်ဖြင့် ဂျေကေရိုးလင်းသည် ဇွဲကောင်းလှသည်။ သူစာရေးဆရာဖြစ်လာမည် ဟု ငယ်စဉ်ကလေးဘဝကပင် ယုံကြည်ခဲ့ သည်။ သူ့ညီမလေးကို သူရေးသော ပုံပြင် လေးများအား ဖတ်ပြသည်။ ပြောပြသည်။ ဂျုန်းနီကက်သလင်းရိုးလင်းသည် ပုံပြော ဝါသနာထုံခဲ့သူဖြစ်သည်။
သူ့ကိုစာရေးဆရာမုချဖြစ်လာမှာဟု ထောက်ခံအားပေးသူမှာ သူငယ်ချင်းမိန်း ကလေး ရှောင်ဆိုသူပင်။ ''မင်းဟာတစ်နေ့ ကျရင် နာမည်ကျော်စာရေးဆရာမသေချာ ပေါက်ဖြစ်မှာဟ''ဘယ်စာပိုဒ်ဘယ်လို ကောင်းသည် ဘယ်ဇာတ်ကွက်ဘယ်မျှ အသက်ဝင်သည်ဟု သူရေးသမျှစာမူ စာကြမ်းတွေဟူသမျှ စိတ်ဝင်တစားဖတ်ရှု သဘောကျသူဖြစ်၏။ ထို့ကြောင့်မြှောက် ပေးမှန်းသိရင်း အားတက်ကာစာရေးချင် စိတ်များ ပိုမိုနိုးကြားခဲ့ရသည်ဟု ဂျေကေ ရိုးလင်းကဆို၏။ သူငယ်ချင်းကောင်းတစ် ယောက်၏ အလေးအနက်ဝေဖန်အားပေး ကူညီမှုသည် အရေးပါခဲ့သည်။
စိန်ဗေဒါ၏ဆိုင်းတီးလုံး ဓာတ်ပြား တစ်ချပ်ထဲမှာကြားဖူးခဲ့သည်။
'တစ်ကြိမ် နှစ်ကြိမ်ဦးနှိမ်ချလို့'
ထိုသံစဉ်နှင့် ပတ်လုံးတွေတီးပြသည်။
'သုံးကြိမ် လေးကြိမ်ဦးနှိမ်ချလို့'
ဆိုင်းဆရာစိန်ဗေဒါက ထိုအသံကိုတီး သည်။
ဤသို့ဖြင့်
''ဆယ့်ငါးကြိမ်ဆယ့်ခြောက်ကြိမ် ဦးနှိမ်ချလို့''
ဘယ်ဘက်ဗုံအလုံးကြီးကြီးများဖြင့် ထိုသီချင်းသံနှင့်အသံကိုက်ညီအောင် ဆရာ စိန်ဗေဒါကတီးပြန်၏။
''လိုက်ပြစေ၊ အိုစိန်ဗေဒါရဲ့ လိုက်ပါ ရစေ''
ဇွဲကောင်းရမည်
ဂျုန်းနီကတ်သလင်းရိုးလင်းဆိုသော စာရူးပေရူးဝတ္ထုရေးဆရာမလေး၏ဆယ့်ငါး ကြိမ်၊ ဆယ့်ခြောက်ကြိမ် သူ၏စာမူကို ထုတ်ဝေသူများထံအကြိမ်ကြိမ်ဇွဲရှိရှိပေးပို့ ကမ်းလှမ်းနေပုံကိုတွေ့ရသည်။
၃၁-၇-၁၉၆၅၌ ဂျေကေရိုးလင်း(J.K. Rowling)ကို အင်္ဂလန်နိုင်ငံဂလောက်စတာ ရိုင်းပြည်နယ်ရှိ ယိတ်(Yate)မြို့လေးမှာ မွေးဖွားခဲ့သည်။ သူ့ထက် နှစ်နှစ်ငယ်သော ဒယ်နီအမည်ရှိ ညီမလေးတစ်ယောက်လည်း ရှိခဲ့သည်။ အသက် ကိုးနှစ်မှာ မူလတန်း အောင်ပြီး အင်္ဂလန်တောင်ပိုင်းရှိအခြားမြို့ တစ်မြို့မှာ အထက်တန်းကျောင်းသွားတက် ရသည်။ ၁၉၈၃ ခုနှစ်မှာအထက်တန်း ကျောင်းအောင်ပြီး အော့စ်ဖို့ဒ်တက္ကသိုလ်ဝင် ခွင့်လျှောက်ခဲ့သည်။ မရခဲ့ပါ။
မိဘများ၏တိုက်တွန်းချက်အရ အင်္ဂလန်အနောက်တောင်ပိုင်းရှိ အိပ်ဆက် တာ တက္ကသိုလ်မှာ ပြင်သစ်ဘာသာအဓိက ဖြင့် ကျောင်းဆက်တက်ခဲ့သည်။