လေဖိအားနည်းရပ်ဝန်းမှာ ပိုမိုအားကောင်းလာပြီး ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိမည်
မေနဒီမြနွယ်
Thursday, 25 April 2019
ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်း နှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေ သော လေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာကာနောက် ၂၄နာရီအတွင်း မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ညနေပိုင်း က သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်း ငယ်မှ တိမ်အသင့်အတင့်ဖြစ်ထွန်းလျက်ရှိနေပြီး မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ်ကာ ရွာရန်ရာနှုန်း ၈ဝ ဖြစ်၍ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန် ချက်တွင် ဆက်လက်ဖော်ပြထားသည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိ၍ လှိုင်း အမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင် တို့တွင် သုံးပေမှငါးပေခန့်အထိရောက်ရှိနိုင်ကြောင်း၊ နောက်နှစ်ရက် အတွက် ခန့်မှန်းချက်များမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၏အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက် မှာတိမ်အသင့်အတင့်ဖြစ်ထွန်းမည်ဖြစ်ကြောင်းယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။