images
UN
UN
ပြည်သူတို့၏လိုအင်ဆန္ဒ
တက္ကသိုလ်သင်္ခ Friday, 26 April 2019

လူသားတို့၏ အမြင့်ဆုံး ပျော်ရွှင် ချမ်းမြေ့မှုသည် ဘာပါလဲဟု မေးကြည့် လျှင် ပေါ်ထွက်လာမည့် အဖြေကား တစ်ဦးနှင့်တစ်ဦး တူကြမည်မဟုတ်ပေ။ တစ်ယောက်တစ်မျိုး အဖြေပေးကြမည် မှာ သေချာသည်။ အဘယ်ကြောင့် ဆိုသော် လူများထဲမှ လူတစ်ယောက်ချင်း အတွက် အမြင့်ဆုံး ပျော်ရွှင်ချမ်းမြေ့မှု အဆင့်ဆိုသည်မှာ သက်ဆိုင်ရာ လူပုဂ္ဂိုလ် တစ်ဦးချင်း၏ စိတ်အခြေအနေနှင့် ကိုက် ညီပြီး ကျေနပ်မှုဖြစ်စေသည့် အဆင့်ကို ရရှိခြင်းဖြစ်သောကြောင့်ပင်။
လူဆိုသည်မှာ မိမိကိုယ်မိမိမှတစ်ပါး အခြားပြင်ပအရင်းအမြစ်များ၏ ဖြစ်ပျက် လာမှု အခြေအနေအရပ်ရပ်ကို မိမိတို့၏ ပင်ကိုသဘာဝ အဆင့်အတန်း၊ စိတ် ဓာတ် အခြေခံ၊ ဗီဇအပေါ် မူတည်ပြီး တုံ့ပြန်ကြ၊ ဝေဖန်ကြ၊ ခံစားကြ၊ အကဲ ဖြတ်ကြစမြဲဖြစ်ပါ၏။
လူတို့သည် နှာခေါင်းနှစ်ပေါက်ဖြင့် အသက်ရှူကြချင်းတူသော်လည်း အမျိုး အစားအနေဖြင့် ကွဲပြားမှုရှိ၏။ ယင်းသို့ ကွဲပြားမှုများကို လူမှုဆက်ဆံရေးနယ်ပယ် အသီးသီးက လူတို့၏ ပြုမူပြောဆိုချက် များကိုအခြေခံပြီး အတန်းအစားလေးမျိုး ခွဲခြားခဲ့ကြ၏။ ယင်းတို့မှာ-
(၁) ရုပ်ဝတ္ထုပစ္စည်းကို အလေးပေးသည့် အတန်းအစား (Material or Physical Level)
(၂) စိတ်အာရုံခံစားမှုကို အလေးပေး သည့် အတန်းအစား (Emotional Level)
(၃) ဉာဏ်အမြော်အမြင်ရှိသည့် အတန်း အစား(Intellectual Level)
(၄) မြင့်မြတ်စိတ်ထားရှိသည့် အတန်း အစား(Spiritual or Moral Level)
တို့ ဖြစ်ကြ၏။
အမှတ်စဉ် (၁) ဖြစ်သည့် ရုပ်ဝတ္ထု ပစ္စည်းကို အလေးပေးသော လူစားများ သည် တွေးခေါ်မြော်မြင် စဉ်းစားဆင်ခြင် ရမည့် အလုပ်များနှင့် သူတို့ကို ဘယ် လိုမှ ဆွဲဆောင်၍ မရနိုင်ပေ။ သူတို့၏ တစ်ကိုယ်ရေ ပြည်စုံမှုအတွက်ဆို ဘာ လုပ်ရလုပ်ရဆိုသည့် လူစားမျိုးဖြစ်ကြ၏။
အမှတ်စဉ်(၂) ဖြစ်သည့် စိတ်အာရုံ ခံစားမှုကို အလေးပေးသော လူစားများ ကမူ ဘယ်ကိစ္စ၊ ဘယ်အကြောင်းအရာ ကိုပဲဖြစ်ဖြစ် အမှားအမှန်ဆိုသည်ကို အဓိကမထားဘဲ မိမိတို့၏ ခံစားချက် အပေါ်မှာသာ မူတည်ပြီး အရာရာကို ဆုံးဖြတ်လေ့ရှိကြ၏။ မလိုတစ်မျိုး လိုတစ်မျိုးနှင့် ဗလောင်းဗလဲပြောရမည် ဆိုလျှင် ပြောမည့်လူစားမျိုးဖြစ်၏။
အမှတ်စဉ် (၃) ဖြစ်သည့် ဥာဏ် အမြော်အမြင်ရှိသော လူစားများကတော့ အရာရာကို ဆင်ခြင်တုံတရားနှင့်စဉ်းစား ဆုံးဖြတ်လုပ်ကိုင်တတ်ကြ၏။ သို့ရာတွင် ပတ်ဝန်းကျင် မကောင်းခဲ့ရင်ဖြင့် ယင်း လူစားများသည် အသုံးချခံများဖြစ်သွား ပြီး အရာရာကို ဆင်ခြေဆင်လက် အကိုး အကားများနှင့် ထော်လော်ကန့်လန့် လိုက်လုပ်တတ်၏။ အရာရာကို နှံ့စပ် အောင် သိထားသော်လည်း လက်တွေ့ နယ်ပယ်တွင် အသုံးချရေးအတွက်မူ တစ်နည်းမဟုတ်တစ်နည်း ဘဝင်ကိုင်ပြီး မလုပ်ဖြစ်သည်က များသည်။
လုပ်ပြီဆိုပြန်ရင်လည်း ကိုယ့်အတွက် နာမည် မကျန်ရင် မလုပ်ချင်ကြပေ။ ပတ်ဝန်းကျင်ကောင်းခဲ့ရင်ဖြင့် လောက အတွက် အသုံးတည့်သည့် လူစားများ ဖြစ်ပါ၏။
အမှတ်စဉ် (၄) ဖြစ်သည့် မြင့်မြတ် စိတ်ထားရှိသူများကတော့ တာဝန်ဆို သည်ကို နားလည်သကဲ့သို့ ဝတ္တရား ဆိုသည်ကိုလည်း မပျက်ယွင်းကြပေ။
မြင့်မြတ်စိတ်ထားရှိသူများသည် မှန် ကန်မှုကို ရှေးရှုဦးတည် ရွေးချယ်လုပ် ဆောင်တတ်ပြီး မည်သူတွေ မည်သို့ပင် ဝေဖန်ပြစ်တင်ပြစ်တင်၊ မိမိတို့၏ပန်းတိုင် ရည်မှန်းချက်ကို လျှောက်လှမ်းချီတက် ရေးအတွက် အခြေအနေကိုကြည့်ပြီး သဘောထားပြောင်းသွားခြင်းမျိုးမရှိဘဲ ကြုံတွေ့လာမည့် အခက်အခဲ၊ အကျပ် အတည်းများကိုလည်း ရင်ဆိုင်ကျော်လွှား ဖြေရှင်းနိုင်စွမ်းရှိကြ၏။

အထက်ဖော်ပြပါ အချက်လေးချက် အနက် မိမိသည် မည်သည့်အချက်နှင့် ညီညွတ်သည်ကို သုံးသပ်ကြည့်ဖို့လို သည်။ အထူးသဖြင့် ဌာန၊ အဖွဲ့အစည်း၊ အသင်းအပင်းတို့မှ တာဝန်ရှိသူများနှင့် အများအကျိုးသယ်ပိုးဆောင်ရွက်နေကြ သူများ ဆင်ခြင်ကြည့်ကြဖို့လိုမည်ထင် သည်။
ဆိုရလျှင် ပစ္စုပ္ပန်အကျိုးသက်ရောက် မှုသည် အတိတ်၏အကြောင်းရင်းများ ပါဝင်နေသည်ကို အလေးအနက်ထားရ ပေမည်။ ထို့ပြင် အနာဂတ်တွင် အကျိုး သက်ရောက်စေမည့်အကြောင်းတရားများ သည် အတိတ်မှာရော ပစ္စုပ္ပန်မှာပါရှိနေ သည်ဆိုခြင်းကိုလည်း ထည့်ထွက်ဖို့လို သည်။
မိမိ၏ လုပ်ဆောင်မှုတိုင်းသည် စိတ် ၏ ကြံစည်မှုကြောင့် အထင်အရှားဖြစ် ပေါ်လာရသလို ယင်းစိတ်ကိုမူ ဆန္ဒက စေ့ဆော်ကြံစည်စေခြင်းဖြစ်သည်။ အဆင့် တိုင်းတွင် လုပ်ဆောင်မှုနှင့် တန်ပြန်လုပ် ဆောင်မှုဆိုသည်ရှိစမြဲပင်။ အကြောင်းနှင့် အကျိုး(Cause and Effect) ဆိုသည်မှာ ယင်းကိုဆိုလိုခြင်းဖြစ်၏။
မြန်မာမှုနယ်ပယ်တွင် အများသုံးနှုန်း နေကျ စကားတစ်ခွန်းရှိသည်။''ဆင်းရဲ ဒဏ်ကို ခံနိုင်တယ်။ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်''ဟူသောစကားဖြစ်၏။ ထိုစကား သွေးထွက်အောင် မှန်သည်ဟု ဆိုနိုင်၏။
လူ့ဘဝဆိုသည်မှာ အနေမှန်အောင် မနေတတ် မထိုင်တတ်လျှင် ရွှေတုံးပေါ် မှာပဲ စံရစံရ အမြင့်ဆုံးပျော်ရွှင်ချမ်းမြေ့မှု ဆိုသည်ဖြစ်မလာနိုင်ပေ။ ထို့ကြောင့် ဌာနများ၊ လူမှုအသင်းအပင်းအဖွဲ့အစည်း များ၊ နိုင်ငံရေးဆိုင်ရာအသင်းအပင်းများ တွင် ဦးဆောင်ဦးရွက်လုပ်နေသူများ အနေဖြင့် မိမိ၏စိတ်ဓာတ်ကို ဖွံ့ဖြိုးမြင့် မားအောင်ပြုစုပျိုးထောင်မှုလုပ်မထားလျှင် မှားယွင်းသော ဦးဆောင်မှုဖြင့် နောက် လိုက် နောက်ပါများကို ဆင်းရဲတွင်း (သို့မဟုတ်) အမှားသံသရာထဲ ခေါ်သွား သကဲ့သို့ ဖြစ်တတ်ပါ၏။
အသင်းအပင်းအဖွဲ့အစည်းများကို ဦးဆောင်ဦးရွက်ပြုနေသူများသည် ပြိုင် ဆိုင်မှုအပေါ်အောင်မြင်မှုများရရှိရေးအတွက် မိမိ၏အဇ္ဈတ္တကို မအောင်နိုင်ဘဲနှင့်ပြင်ပ လောကပတ်ဝန်းကျင်၏ ယှဉ်ပြိုင်မှုများ အပေါ်အောင်မြင်ဖို့ဆိုသည်မှာ ခက်ခဲပေ လိမ့်မည်။
ကိုယ်ကိုယ်တိုင်ပင် သောကများ၊ ဗျာပါဒများနှင့် ဆောက်တည်ရာမရဖြစ် နေလျှင် နိုင်ငံတွင်းမှာရှိသည့် ပြည်သူများ ၏ ပျော်ရွှင်ချမ်းမြေ့မှုကို ဖြည့်ဆည်းပေး ရန် အခြေအနေကောင်းကို ဖန်တီးပေး နိုင်မည် မဟုတ်ပေ။
''အချိန်နှင့်ဒီရေသည်လူကိုမစောင့်'' ဟူသောစကားအရ ''အချိန်'' သည် တစ်နေ့တစ်နေ့ ကုန်မှန်းမသိ ကုန်နေ သည်။ လက်ရှိအစိုးရ၏ သက်တမ်းကို တွက်စစ်ကြည့်လျှင် ''၁၉လ''သာ ကျန် တော့သည်ဟု သိရ၏။ နှစ်အားဖြင့် ပြောလျှင် တစ်နှစ်ကျော်ကျော် နှစ်နှစ် နီးပါးခန့်သာကျန်တော့သည်။ ထိုကာလ တိုအတွင်း ရေတို၊ ရေရှည်လုပ်ရမည့် လုပ်ငန်းစဉ်များက 'တန်းစီ' နေသည်။
နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးအစရှိသည်တို့ ဖွံ့ဖြိုးတိုး တက်အောင် အစိုးရသက်တမ်း ငါးနှစ် တာအတွင်း ပြည့်စုံအောင်လုပ်ဆောင်နိုင် ရန် မလွယ်ပါဟူသော အချက်ကိုလည်း လက်ခံရပေမည်။ သို့ရာတွင် သတ်မှတ် ကာလအတွင်း နိုင်ငံအတွက် အကောင်း ဆုံးနှင့် အအောင်မြင်ဆုံးဖြစ်အောင် လုပ် ဆောင်ပေးရမည့် တာဝန်ကား အစိုးရ တစ်ရပ်၏ အကြီးမားဆုံးတာဝန်ဖြစ်သည် ကိုမူ ငြင်းကွယ်၍မရပေ။
စာရေးသူ ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့် လူသားတို့၏ 'အမြင့်ဆုံး ပျော်ရွှင်ချမ်းမြေ့မှု' ကို လက်ရှိပြည်သူတို့ ၏ လိုအင်ဆန္ဒနှင့် ထပ်တူပြုရလျှင်-
- တစ်နိုင်ငံလုံး ငြိမ်းချမ်းစေချင်သည်။
- ပြည်သူတို့၏ စား၊ ဝတ်၊ နေရေး အပါအဝင် လူမှုဘဝဖူလုံပြည့်စုံ စေချင်သည်။
- တရားဥပဒေစိုးမိုးမှု အပြည့်အဝ ရှိစေချင်သည်။
ဖော်ပြပါ လိုအပ်ချက်ကြီးသုံးရပ်မှာ ပြည်သူတို့၏ လိုအင်ဆန္ဒများသာ ဖြစ်ပါ ကြောင်း....။