images
UN
UN
ပညာရေးဌာနအသံ ဆူညံ၍နေပြီ
အောင်ကြည်ညွန့် (တက္ကသိုလ်) Friday, 17 May 2019
'ပညာရေး'သည် တိုင်းပြည်ဖွံ့ဖြိုး ရေးအတွက် အလွန်အရေးပါကြောင်း လူတိုင်းလိုလို သိကြပါသည်။ နိုင်ငံကို ဦးဆောင်သူတို့သည် မိမိတို့နိုင်ငံ၏ ပညာ ရေးအဆင့်မြင့်သည်ထက် မြင့်စေရန် ကြိုးပမ်းဆောင်ရွက်နေကြသည်ကို တွေ့ ရှိရပါသည်။
'ပညာရေး' ဆိုသည်မှာ မူလပထမ အုတ်မြစ်ချခြင်းနှင့်တူသော ပညာရေးမူ ဝါဒကို ပြတ်ပြတ်သားသား ပီပီပြင်ပြင် ချမှတ်၍ အကောင်အထည်ဖော်ရသော သဘောရှိပါသည်။
မင်းတုန်းမင်းနှင့် ခေတ်ပြိုင် ဂျပန် နိုင်ငံတွင် မေဂျီဘုရင်ခေတ်ဖြစ်ပါသည်။ မေဂျီခေတ်ကပင် ပြတ်သားသော တိကျ သော ခိုင်မာသော ပညာရေးမူဝါဒလမ်း စဉ်ကို ဂျပန်ပညာရေး ပညာရှင်တို့ရေးဆွဲ အကောင်အထည်ဖော်ခဲ့ပြီး ကျင့်သုံးလာ သည်မှာ ယနေ့အထိဖြစ်ပါသည်။
မြန်မာနိုင်ငံမှာကား ထိုသို့မဟုတ် လွတ်လပ်ရေးမရမီက ပညာရေးစနစ်က တစ်မျိုး၊ လွတ်လပ်ရေးရပြီး ပညာရေး ကတစ်ဖုံ၊ တော်လှန်ရေးအစိုးရခေတ်တွင် လည်း ပညာရေးစနစ်သစ်ဆိုပြီး မူလ ပညာရေးစနစ်ကို မြေလှန်ပစ်ခဲ့ပြန်သည်။ အစိုးရပြောင်းလျှင်ပညာရေးစနစ်ပြောင်း သည်။ ပညာရေးဝန်ကြီးတစ်ဦးပြောင်း ပြန်လျှင် သူ့အလိုကျပညာရေးစနစ်ကို ပြုပြင်လိုက်ကြပြန်ပါသည်။ သည်ကွေ့ သည်တက်နှင့်လှော်၊ ဟိုကွေ့ ဟိုတက်နှင့် လှော်ရင်းပညာရေးလှေကြီးသည် ဦး တည်ရာမဲ့ လှိုင်းကြီးလေထန်အောက် တွင် လှုပ်ရှားခဲ့ရသည်။
အထူးသဖြင့် ပညာရေးဌာနသို့ ရောက်ရှိတာဝန်ယူသောသူများမှာ ပညာ ရေးသမားများ မဟုတ်သဖြင့် သူတို့မြေ စမ်းခရမ်းပျိုးသမျှ ကျောင်းသားကျောင်း သူတို့ မြေစာပင်ဖြစ်ရသည်။
ပညာရေးတွင် အဆင့်မြင့်ပညာရေး ကဏ္ဍ၊ အခြေခံပညာရေးကဏ္ဍ၊ စက်မှု စိုက်ပျိုးသက်မွေးကဏ္ဍ၊ နည်းပညာ ကဏ္ဍဟူ၍ဟူ၍ရှိပါသည်။သူတို့ကဏ္ဍကို သာ သူတို့ကျွမ်းကျင်ကြပါသည်။
ယခုအခါ အခြေခံပညာရေးကဏ္ဍ တွင် ကြီးကြပ်စီမံအုပ်ချုပ်နေသူအများ စုမှာ အဆင့်မြင့်ပညာရေးကဏ္ဍမှ ပုဂ္ဂိုလ် များဖြစ်ကြသည်။ ပညာရေးဝန်ကြီး၊ ဒုဝန်ကြီးတို့မှာ အဆင့်မြင့်ပညာရေးက ဖြစ်ကြသည်။
အဆင့်မြင့်ပညာရေးနှင့် အခြေခံ ပညာရေးတို့၏ သဘောသဘာဝမှာ မိုးနှင့်မြေကဲ့သို့ ကွာခြားပါသည်။ အဆင့် မြင့်မှပုဂ္ဂိုလ်တို့သည်အခြေခံမှပုဂ္ဂိုလ်တို့၏ ဘဝကိုနားမလည်ကြပါ။ မစာနာကြပါ။ အခြေခံဆိုသည့်အတိုင်း အရာရာတွင် အခြေခံ၊အချခံနေသည့်သဘောရှိပါသည်။
တက္ကသိုလ်ဆိုသည်မှာ မြို့ကြီးပြကြီး များတွင်သာရှိပါသည်။ပါမောက္ခချုပ်သည် ညွှန်ချုပ်တစ်ယောက်လစာရပြီး၊ အိမ်၊ ကား၊ အဆောင်အယောင်နှင့် ဝန်ထမ်း ၂ဝဝ၊ ၃ဝဝကိုသာ အုပ်ချုပ်ရသည်။လက် အောက်တွင်လည်း ပါမောက္ခ၊ တွဲဖက် ပါမောက္ခ၊ကထိက၊လက်ထောက်ကထိက များစွာရှိသည်။တစ်ဖက်မှလည်းမော်ကွန်း ထိန်း၊ ဌာနမှူး(စီမံ)၊ ဌာနမှူး(ဘဏ္ဍာ) မှသည် ရာထူးအဆင့်ဆင့်ရှိသည်။ တက္ကသိုလ်က ၁၅၆ခုလောက်ရှိပါသည်။
အခြေခံကား အခြေမှာခံပေရော့ဟု ဆိုသလား မှတ်ထင်ရပါသည်။ ကျောင်း ပေါင်းလေးသောင်းကျော်ရှိသည်။ ကျောင်း တွေက ကျေးရွာတွေမှာ အများစုဖြစ် သည်။ မြို့နယ် ၃၂ဝ ကျော်မှာ အထက် တန်း အလယ်တန်းကျောင်းရှိသည်။
အခြေခံဆရာဆရာမတို့ ဘဝမှာ အလွန်သနားစရာကောင်းပါသည်။ တော ကြို အုံကြား၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်နေရာများ၊ အများအပြားရှိ သည်။ လှေတစ်တန် လှည်းတစ်တန်သွား ရသည်။ အိမ်မရ၊ ကားမရ၊ မိမိဘာသာ ရုန်းကန်လှုပ်ရှားကြရသည်။

မိုးရာသီဆိုလျှင် ပိုဆိုးသည်၊ ရေကြီး လို့ မိုးကြီးလို့၊ လှေမှောက်လို့ ကူးတို့ မှောက်လို့ဆိုတာတွေရှိသည်။ ရန်ကုန် ပြည်လမ်းမှာ ဆရာမလေးတွေ ကားကြုံ တားပြီးစီးတာတွေ့ရသည်။ ထို့အတူ ရန်ကုန်- မန္တလေးလမ်းဟောင်းမှာလည်း ထိုနည်းနှင်နှင်ဖြစ်ပါသည်။
အဆင့်မြင့်ပညာမှ ဆရာများနှင့် အခြေခံမှ ဆရာများ၏ လစာမှာ ကွာခြား ပါသည်။ အဆင့်မြင့်က ဆရာ ဆရာမဝန် ထမ်းများ၊ ဝန်ထမ်းအိမ်ရာရကြသည်။ အခြေခံတွင်ဘာမှမရပါ။အိမ်ငှားနေရသည်။
အခြေခံမှာ ဘာသင်တန်း၊ ညာသင် တန်း စသည်ဖြင့် နွေရာသီမှာ အနားမရ။ သင်တန်းမျိုးစုံတက်ရသည်။ ယခုအခါ တတိယတန်းသင်ရိုးသစ် ဆဋ္ဌမတန်း သင်ရိုးသစ်တက်နေကြရသည်။ နွေအပူ ကကြောက်ခမန်းလိလိ စံချိန်တင်အပူချိန် ဖြစ်နေသည်။ အသက်ကြီးသူတွေ၊ ရောဂါရှိသူတွေ၊ သင်တန်းစိတ်ဖိစီးမှုဒဏ် ကြောင့် သေသူသေ နာသူနာတွေဖြစ်နေ သည်ကို သတင်းစာများမှ တစ်ဆင့် ကြားသိနေရသည်။
ပင်စင်ယူခါနီး ဆရာကြီးဆရာမကြီး တွေကိုပင် ခွင့်မပြု၊အားလုံးတက်ရသည်။ တစ်သွေးတစ်သံတစ်မိန့်ဖြစ်နေသည်။
အခြေခံပညာက ဆရာ ဆရာမတွေ က အခိုင်းခံတွေဖြစ်နေသည်။ သန်းခေါင် စာရင်းကောက်ဆိုလျှင်လည်း ဒီဆရာ ဆရာမတွေချည်း၊ မဲရုံမှူး မဲရုံစောင့်ဆို လျှင်လည်း အခြေခံကဆရာ ဆရာမ တွေချည်းပင် ဖြစ်သည်။ အခြေခံမှာ မြေနိမ့်ရာ လှံစိုက်ဖြစ်၍ နေပါသည်။
အခြေခံပညာတွင် ရာထူးတက်ရေး မှာ ဘီအီးဒီဝင်ခွင့် ဖြစ်သည်။ ဤဘီအီး ဒီဝင်ခွင့်ကို လုပ်သက်နှင့် တန်းစီသည်က တစ်မျိုး၊ဝင်ခွင့်စာမေးပွဲဖြင့်တစ်မျိုး အမျိုး မျိုးခေါ်ယူကြသည်။ ဤသို့ခေါ်ယူရာ တွင် ဝင်ခွင့်စာမေးပွဲ၌ ကျူရှင်ကိစ္စပါ လာသည်။ မသမာမှုတွေ၊ မေးခွန်းပေါက် ကြားမှုတွေ ပါလာသည်။ဘီအီးဒီဖြေသူ တို့အမျိုးမျိုး စိတ်ဒုက္ခရောက်ရသည်။
လုပ်သက်နှင့်ခေါ်သည့်ကိစ္စတွင်လည်း အဆင့်ဆင့်မသမာမှုတွေရှိနေသေးကြောင်း၊ အဂတိလိုက်စားမှုတွေ၊ လက်သင့်ရာစား တော်ခေါ်မှုတွင် ရှိနေသေးကြောင်း ကြား သိနေရပါသည်။
အချို့သင်တန်းများနှင့် ဘီအီးဒီသင် တန်းများတွင် အသက်၅၅နှစ်ကျော် အချို့ ၅၈နှစ်မှ သင်တန်းခေါ်သည်ကို တွေ့ရ ပါသည်။ ဘီအီးဒီနှစ်နှစ်၊ စာပေးစာယူ သင်တန်းတက်ပြီး ပင်စင်ယူရတော့မည် သာဖြစ်တော့သည်။ ဤကိစ္စကို စနစ် တကျစဉ်းစားအဖြေရှာသင့်သည်ဟုယူဆ ပါသည်။
ယခုတလော ပင်စင်ကိစ္စ၊ အသက် ပြည့်နေ၍ ပြန်လျော်ရသည့်ကိစ္စ၊ ငွေ ကြေးကောက်ခံသဖြင့် ရာထူးချအရေးယူ သည့်ကိစ္စ၊သင်တန်းတက်စဉ်မြွေကိုက်ခံရ၊ ကားတိုက်ခံရ၊ မိုးကြိုးပစ်ခံရ၊ ရောဂါ ကြောင့် မူးဝေလဲကျ စသည်ဖြင့် ကြား သိနေရသဖြင့် ဝမ်းနည်းစရာဖြစ်နေပါ သည်။
ပညာရေးသည်ကား ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင်ဖြစ်၍ နေပါသေးသည်။
ပညာရေးစီမံခန့်ခွဲမှုများသည်လည်း လိုအပ်ချက်တွေရှိနေပါသေးသည်။ ယနေ့ အမိန့်ထုတ် နောက်တစ်နေ့အမိန့် ရုပ်သိမ်း စသည်ဖြင့် အရုပ်ဆိုးအကျည်းတန်လှပါ သည်။
အထူးသဖြင့် အဝေးသင်တက္ကသိုလ်မှ စာမေးပွဲနီးလျှင် ပါမောက္ခများ၊ ကထိက များ၊ ဌာနမှူးများကိုယ်တိုင် တစ်ဝိုင်းကျပ် (၁ဝ)သိန်း (၁၅)သိန်းဖြင့် မေးခွန်းသင် တန်း၊ ကျူရှင်ဝိုင်းများပေးနေကြသည် ကိုလည်း နားနှင့်မဆံ့ကြားသိနေရပါ သည်။ အမှန်မှာ စနစ်မကျသော၊ အကျိုး မရှိသော အဝေးသင်ပညာရေးကို ပိတ် သိမ်း၍ နေ့စဉ်တက် ညနေဘက် လုပ် သားတက္ကသိုလ်များ ထူထောင်နိုင်လျှင် ပို၍ သင့်လျော်မည်လားဟု စဉ်းစားမိ ပါသည်။
အခြေခံတွင် ဆရာ ကျောင်းသား မမျှသည့်ပြဿနာ၊ ဘာသာရပ် မတူဘဲ သင်ကြားသည့်ပြဿနာများ၊ ကျောင်း အပ်သည့်ပြဿနာများကလည်း ကျောင်း ဖွင့်ချိန်အမီ စောင့်မျှော်နေကြရပါပြီ။
ပညာရေးစနစ်ကြီး တည်ငြိမ်အေး ချမ်းအောင်မြင်စေရန် မြန်မာ့ပညာရေး ခေါင်းဆောင်များက နိုင်ငံတော်အစိုးရထံ ပြက်ပြက်ထင်ထင် စနစ်တကျတင်ပြ သင့်ပါကြောင်း ရေးသားလိုက်ပါသည်။