images
UN
UN
တောင်အာရှနိုင်ငံများနှင့် ဆေးလိပ်သောက်သူဦးရေများပြားလာမှု
ဒေါက်တာနေဝင်း(မွေးကု) Tuesday, 28 May 2019
ကူးစက်မှုမရှိသော ရောဂါများထဲ တွင် ဆေးလိပ်သောက်ခြင်းသည် အဓိက အန္တရာယ်အများဆုံးသော အကျင့်တစ်ခု ဖြစ်စေသည့် အကြောင်းတစ်ခုဖြစ်ပါ သည်။ အထူးသဖြင့် လူထုကျန်းမာရေး အတွက် အဓိကခြိမ်းခြောက်နေသော ရောဂါများဖြစ်သည့် နှလုံးနှင့်သွေးကြော ဆိုင်ရာရောဂါများ၊ ကင်ဆာရောဂါများ အား ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်။ ဆေး လိပ်သောက်ခြင်းကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူပေါင်း၅ဒသမ၄သန်းခန့်သေဆုံး လျက်ရှိကြောင်းကို တွေ့ရပါသည်။
ဆေးလိပ်သောက်သူများ၏ ပမာဏ အားကြည့်ပါက ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆေးလိပ်သောက်သူဦးရေ ကျဆင်းလျက် ရှိသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပမာဏမြင့်တက်လျက်ရှိသည်ကို တွေ့နေ ရပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်များ အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆေးလိပ် သောက်ခြင်းကြောင့်သေဆုံးသည့်လူပေါင်း မှာ ရာခိုင်နှုန်း၈ဝခန့် ရှိခဲ့ပါသည်။ ကမ္ဘာ့ ဆေးလိပ်ထုတ်လုပ်မှု ဈေးကွက်ဆိုင်ရာ မဟာဗျူဟာမှာလည်း ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူငယ်များနှင့်အရွယ်ရောက်သူများအား ဦးတည်လျက်ရှိသည်ကို တွေ့ရပါသည်။
ဒုတိယဆေးလိပ်သောက်သူများဟု ခေါ်ဆိုနိုင်သော ဆေးလိပ်သောက်သူများ ၏ပတ်ဝန်းကျင်တွင် ရှိနေသည့်လူများ အတွက်လည်း ဆေးလိပ်သောက်ခြင်းက ဆိုးရွားသည့်ကျန်းမာရေးဆိုင်ရာ ထိခိုက် မှုများအား ဖြစ်ပေါ်စေပါသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ စုစု ပေါင်းသန်း၇ဝဝခန့်ရှိသော ကလေးငယ် များမှာ ဆေးလိပ်ငွေ့ပါသောလေများအား ရှူရှိုက်နေရကြောင်း ဖော်ပြထားပါသည်။
ဆေးလိပ်သောက်မှုကြောင့် ဆေးလိပ် ဖိုးကုန်ကျစရိတ်များမှာလည်းမိသားစုများ ၏အိမ်တွင်းအသုံးစရိတ်များအား လျော့ နည်းလာစေမှုက ဆင်းရဲသောမိသားစု အတွက် ကြီးမားသောထိခိုက်မှု ဖြစ်စေ ပါသည်။
တောင်အာရှဒေသအတွင်း နှစ်စဉ် ခန့်မှန်းခြေလူပေါင်း ၁ဒသမ၂ သန်းခန့်မှာ ဆေးလိပ်သောက်မှုကြောင့် သေဆုံးနေကြ ကြောင်းတွေ့ရှိရပါသည်။ တောင်အာရှ ဒေသအတွင်းတွင်ကမ္ဘာ့ဆင်းရဲနွမ်းပါးသူ လူဦးရေ၏ထက်ဝက်ကျော်ခန့်နေထိုင်သည့် ဒေသဖြစ်သကဲ့သို့ ကမ္ဘာပေါ်တွင် တစ်စု တည်းသောအကြီးမားဆုံးဆေးလိပ်ထုတ် လုပ်ရာဒေသနှင့် ဆေးလိပ်သောက်သုံး သည့်ဒေသဖြစ်သည်ကိုလည်း တွေ့ရှိရ ပါသည်။ တောင်အာရှဒေသသည် စီး ကရက်သောက်သုံးမှုအပြင် အခြားအမျိုး မျိုးသောဆေးရွက်ကြီးအား အခြေခံ၍ ထုတ်လုပ်ထားသော ပစ္စည်းများ၊ ဘီဒီ၊ ဆေးပြင်းလိပ်စသည်များကို သောက်သုံး ကြသည့်အပြင် ဆေးငုံခြင်း၊ ဆေးဝါး ခြင်းတို့အားလည်း ပြုလုပ်ကြသည်ကို တွေ့ရပါသည်။
ကမ္ဘာ့ဘဏ်မှ သတ်မှတ်ထားသော တောင်အာရှဒေသတွင်းရှိ နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ မော်လ ဒိုက်နှင့်သီရိလင်္ကာနိုင်ငံတို့ပါဝင်ပါသည်။ ယင်းဒေသများတွင် ကမ္ဘာ့တခြားသော ဒေသများကဲ့သို့ အမျိုးသားဆေးလိပ် သောက်သူဦးရေမှာ အမျိုးသမီးများဦးရေ ထက် များပြားသည်ကို တွေ့ရှိရပါသည်။ နီပေါနိုင်ငံတွင်မူ အမျိုးသားနှင့်အမျိုးသမီး တို့၏ဆေးလိပ်သောက်သည့် ဦးရေမှာ တူညီကြကြောင်းတွေ့ရပါသည်။ အိန္ဒိယ နိုင်ငံတွင်မူ ဆေးလိပ်သောက်မှုကြောင့် သေဆုံးမှုမှာ အမျိုးသားငါးဦးတွင်တစ်ဦး သေဆုံး၍ အမျိုးသမီး ၂ဝလျှင် တစ်ဦး သေဆုံးသည်ကို တွေ့ရပါသည်။

ကမ္ဘာတစ်ဝန်းရှိ လူငယ်များဆေး လိပ်သောက်မှု လေ့လာသုံးသပ်မှု မှတ် တမ်းတွင် အသက် ၁၃ နှစ်မှ အသက် ၁၅ နှစ်အတွင်းရှိ လူငယ် ၁ဝ ဦးလျှင် တစ်ဦး ဆေးလိပ်သောက်၍ စာသင် ကျောင်းများထဲတွင် ကျောင်းဆရာ ၁ဝ ဦးလျှင် သုံးဦးဆေးလိပ်သောက်ကြောင်း တွေ့ရှိရပါသည်။ ဆေးလိပ်အား စွဲစွဲမြဲမြဲ သောက်သည့်အကျင့်နှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ၄င်းဆေးလိပ် စွဲစွဲမြဲမြဲ သောက်သူများအနေဖြင့် နံနက် အိပ်ရာထသည့်အချိန်မှစ၍ မိနစ် ၃ဝ အတွင်း ဆေးလိပ်အား စတင်သောက် တတ်ကြပြီး တစ်ရက်လျှင် ဆေးလိပ် ၁၅ လိပ်ခန့် သို့မဟုတ် ထိုအရေအတွက် ထက် ပို၍သောက်ကြကြောင်း ဖော်ပြ ထားပါသည်။
တောင်အာရှဒေသနိုင်ငံများအနေဖြင့် ဆေးလိပ်သောက်မှု ထိန်းချုပ်ရေးစာချုပ် အား အတည်ပြု၍လိုက်နာရန် လက်မှတ် ရေးထိုးခဲ့ကြသော်လည်းယင်းနိုင်ငံများတွင် ကြုံတွေ့ရသော ကြီးမားသောအခက်အခဲ များအနေဖြင့် အခြေခံကျင့်သုံးသည့် စနစ် နှင့် ဝန်ဆောင်မှုများမလုံလောက်မှု၊ဥပဒေ များနှင့် နည်းဥပဒေများဆိုင်ရာ ပြဋ္ဌာန်း ချက်များမပြုလုပ်နိုင်မှု၊ လူ့အရင်းအမြစ် များနည်းပါးမှုများအား တွေ့ရှိရပါသည်။ ထို့အပြင် ဖော်ပြပါနိုင်ငံဆိုင်ရာ စွမ်း ဆောင်မှုများမရှိကြသည့်အပြင် ဆေးလိပ် သောက်မှုများအား တားဆီးမှုများ၊ လူ များဆေးလိပ်သောက်မှုကြောင့် ဆေးလိပ် ငွေ့များမှကာကွယ်နိုင်မှု၊ဆေးလိပ်သောက် မှုအား ဖြတ်တောက်ရန် အထောက်အကူ များ မပေးနိုင်မှု၊ ဆေးလိပ်သောက်မှုနှင့် ပတ်သက်၍ လူထုပညာပေးမှုများမပြု လုပ်နိုင်မှု၊ ဆေးလိပ်ရောင်းချမှုနှင့် ဆေး လိပ်ကြော်ငြာမှုတို့အပေါ် တားဆီးမှုများ မပြုလုပ်နိုင်မှုနှင့် ဆေးလိပ်ရောင်းချမှုများ အပေါ်အခွန်အကောက်များမကောက် ယူနိုင်မှုတို့ကို လည်း တွေ့ရှိရပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့်လည်း ကမ္ဘာလုံးဆိုင်ရာလူငယ်များဆေးလိပ် သောက်မှုလေ့လာရေးလုပ်ငန်း၊ ကမ္ဘာ လုံးဆိုင်ရာဆယ်ကျော်သက်အရွယ်လူငယ် လေးများ၏ဆေးလိပ်သောက်မှုလေ့လာရေး လုပ်ငန်း၊ ကမ္ဘာလုံးဆိုင်ရာကျောင်းသား များ၏ ကျန်းမာရေးဆိုင်ရာလေ့လာရေး လုပ်ငန်းနှင့် အရွယ်ရောက်သူများ၏ဆေး လိပ်သောက်မှုဆိုင်ရာ လေ့လာမှုများအား လည်း တစ်ဖက်မှပြုလုပ်လျက်ရှိကြောင်း နှင့် ဒေသတွင်းနိုင်ငံအချို့တွင်လည်းဆေး လိပ်သောက်မှုပြတ်တောက်ရေးဌာနများ တည်ထောင်လျက်ရှိကြောင်းသိရှိနိုင်ပါရန် စုစည်းရေးသားတင်ပြ လိုက်ရပါသည်။