images
UN
UN
အရင်းအနှီး နည်းပညာနှင့် သေချာရေရာခိုင်မာသော ဈေးကွက်ရှိမယ်ဆိုရင် စိုက်ပျိုးရေးနယ်ပယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမည်ဟု လွှတ်တော်ကိုယ်စားလှယ်အကြံပြု
တင်တင်အေး Thursday, 30 May 2019

အရင်းအနှီး နည်းပညာနှင့် သေချာ ရေရာခိုင်မာသော ဈေးကွက်ရှိမယ်ဆိုရင် စိုက်ပျိုးရေးနယ်ပယ်တစ်ခုလုံး ဖွံ့ဖြိုးတိုး တက်လာ မည်ဖြစ်ကြောင်း ကျောင်းကုန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းထွန်းက အကြံပြုတင်ပြ ခဲ့သည်။
ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် ကျင်းပ သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့အစီအစဉ်တွင် ဝေါ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးတင်ထွေး တင်သွင်းသော ''နိုင်ငံ ၏ အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်စေရန် တောင်သူဗဟိုပြုစိုက်ပျိုးရေးနှင့် အသားငါး ထုတ်လုပ်ရေးကဏ္ဍကို နှစ်တို၊ နှစ်ရှည် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ပေးပါရန်ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း'' အဆိုကို ကိုယ်စား လှယ် ၁ဝ ဦးက ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးရာတွင်ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ထောက်ခံအကြံပြုဆွေးနွေးခဲ့ သည်။
ဦးသိန်းထွန်းက ''ဓာတ်မြေသြဇာဟာ တောင်သူလယ်သမား တိုင်းမဖြစ်မနေအသုံးပြုရတဲ့အတွက် ပြည်တွင်းဓာတ်မြေသြဇာ စက်ရုံများကိုလည်း ထုတ်လုပ်မှုမြင့်မားဖို့နဲ့ တောင်သူလယ်သမား များကို ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးဖို့ ကျွန်တော့်အနေနဲ့ အကြံပြု လိုပါတယ်''ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ၄င်းက ''ကျွန်တော်တို့နိုင်ငံဟာ မြေသယံဇာတ ရေသယံဇာတပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ပြီး ရာသီဥတုမျှတတဲ့ နိုင်ငံ လည်းဖြစ်ပါတယ်။ မြေဆီသြဇာအလွန်ထက်သန်တဲ့နိုင်ငံဖြစ်သလို တောင်သူ လယ်သမားများအနေနဲ့လည်း အားစိုက်ခွန်စိုက် လုပ်နိုင် စွမ်းများရှိပါတယ်။ အရင်းအနှီး၊ နည်းပညာနဲ့ သေချာရေရာ ခိုင်မာတဲ့ ဈေးကွက်ရှိမယ်ဆိုရင် စိုက်ပျိုးရေးနယ်ပယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး ကမ္ဘာ့အလယ်မှာဝင့်ကြွားလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရနဲ့သက်ဆိုင်တဲ့ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာကုမ္ပဏီများ၊ တောင်သူလယ် သမားများနဲ့ပေါင်းစပ်ပြီးတော့ နှစ်တိုနှစ်ရှည်စီမံကိန်းများကို စနစ် တကျရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့လို အပ်ပါတယ်''ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။
ထို့နောက် ယင်းအဆိုနှင့်စပ်လျဉ်းပြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ပြန် လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏အဆုံးအဖြတ်ကို ရယူ ခဲ့သည်။
လွှတ်တော်က ကန့်ကွက်သူမရှိသဖြင့် ယင်းအဆိုကို လွှတ်တော် တွင် မှတ်တမ်းတင်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။