images
UN
UN
ပြောကိုမပြောချင်တော့ဘူး
အောင်ကြည်ညွန့်(တက္ကသိုလ်) Friday, 31 May 2019
စာရေးသူခေါင်းစဉ်တပ်လိုက်သော စကားက ''အဘယ်ပညာရှိ၊ ဘယ် သုခမိန်''တို့ရဲ့ မိန့်မှာစကားမှမဟုတ် အများပြည်သူသိလွယ် နားလည်လွယ် သောအရပ်သုံးစကား၊ ရုပ်ရှင်စကားဖြစ် ပါသည်။
ရုပ်ရှင်သရုပ်ဆောင်ကြီး ဒေါ်မြလေး က သူစိတ်ပျက်ပြီဆိုလျှင် ပြောကိုမပြော ချင်တော့ဘူးဟုမဲ့ကာရွဲ့ကာ ပြောဆိုတတ် ပါသည်။စာရေးသူပြောကိုမပြောလိုသော အကြောင်းမှာ''ပညာရေးဌာန''အကြောင်း ပင်ဖြစ်ပါသည်။ ပညာရေးဆိုသည်ကား နှယ်နှယ်ရရမဟုတ် လူမှုရေးတွင် အလွန် အရေးပါအရာရောက်သော ကိစ္စဖြစ် သည်။ အခြေခံအကျဆုံးဖြစ်သည်။ ကျန်း မာရေးကပထမဆိုလျှင် ပညာရေးက ဒုတိယဖြစ်မည်ထင်ပါသည်။ ပညာ ရေးသည်လူထုနှင့်အနီးစပ်ဆုံးဖြစ်သည်။ ကျောင်းသားတစ်ယောက် ကျောင်းနေ ပြီဆိုလျှင်မိဘနှစ်ပါးပါလာရသည်။အဘိုး၊ အဘွားတို့လည်းမလွတ် တစ်နွယ်ငင် တစ်စင်ပါဆိုသောစကားလိုပင် မိသားစု တစ်စုလုံး ပါဝင်နေကြရသည်။
ထို့ကြောင့်ပင် ပြောကိုမပြောချင်ဘူး ဆို၍ မရပါ။ ဆရာကြီးသော်တာဆွေရေး သလို''ပြောရဦးမယ်၊ မမြရီရေ''ဆို သလိုပြောကိုပြောရမှာ ဖြစ်ပါသည်။
ပညာရေးဌာနကလည်း လုပ်လိုက် လျှင် အနှောင့်မလွတ် အသွားမလွတ်၊ တစ်ခုခုနှင့်တော့ ငြိသွားသည်ကများပါ သည်။ ဥပမာဆိုကြပါစို့ဗျာ။ ကျောင်း အပ်နှံရင် ယခင်ကလိုကျောင်းဝတ်စုံတွေ မပေးတော့၊ ဗလာစာအုပ်ခြောက်အုပ် သာပေးမည်ဟုဆိုသည့်သတင်းဒီသတင်း က သတင်းမဟုတ်ဘူးထင်ပါသည်။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည့်သတင်း သာဖြစ်နိုင်ပါသည်။ ကျောင်းသုံးဗလာ စာအုပ်ခြောက်အုပ်ပေးပေးမပေးပေး မိဘတွေကစိတ်ဝင်စားကြမည်မထင်ပါ။
ကျောင်းဖွင့်ချိန်တွင် မိဘများအလွန် ဗျာများကြရသည်။ ငွေရှာရသည်။ ကျောင်းကားကိစ္စ၊ ကျောင်းဝတ်စုံကိစ္စ၊ မိုးကာ(မိုးတွင်းကြီးမို့)ထီး၊ရေဘူး၊ ကွန်ပါ ဘူး၊ ကျောပိုးအိတ်(တစ်နိုင်ငံလုံးလွယ် အိတ်မသုံးကြတော့ပါ)အမိန့်တစ်စုံတစ်ရာ မထုတ်ဘဲနှင့် တစ်နိုင်ငံလုံးကျောပိုးအိတ် တွေလွယ်ကုန်ကြပါသည်။ နောင်ဆိုလျှင် ဆာလာအိတ်နှင့် ကျောင်းတက်ရမည့် ကိန်းဆိုက်နေသည်။ ကျောင်းသားတစ် ယောက် ကျောင်းအချိန်ဇယားအရ၊ ကျောင်းသို့ယူရသော စာအုပ်မှာမနည်း လှ ခါးကိုကုန်းနေပါသည်။
ကျောင်းအပ်နှံရေးတွင်လည်း ယခု နှစ်မှ စည်းကမ်းကြီးလိုက်ပုံများ၊ မိမိရပ် ကွက်ထဲမှာရှိသော ကျောင်းသာ ကျောင်း သားလက်ခံရမှာဖြစ်ကြောင်း၊ သန်းခေါင် စာရင်းတင်ပြရမှာဖြစ်ကြောင်း ဆိုလိုက် သဖြင့် သန်းခေါင်စာရင်းလုပ်ပေးသည့် ဌာန(back date) နှင့် ဆိုခြင်းကြောင့် ပေါက်ဈေးသိန်းဂဏန်းရှိသည်ဟု ကြား သိရပါသည်။
ဤအမိန့်မှာ ယခုနှစ်မှ ချက်ချင်း ထုတ်လိုက်ခြင်းဖြစ်ပါသည်။ မိုင် ၁ဝဝ နှင့် မောင်းလာသောကားကို ချက်ချင်း ဘရိတ်အုပ်လိုက်သလိုဖြစ်ပါသည်။ ကား ကျွမ်းထိုးပြီး မှောက်သွားနိုင်ပါသည်။
ယခင်ကလည်း နယ်မြေကျော်မအပ် ရဆိုသောအမိန့်တွေရှိပါသည်။ မင်္ဂလာဒုံ မြို့နယ်က မြို့လယ်ဒဂုံ (၁)အပ်လို့ရပါ သည်။ TTC အပ်လို့ရပါသည်။ နာမည် ကြီးကျောင်းတွေအပ်လို့ရပါသည်။ ဟို ခေတ် ဟိုအခါက နာမည်ကြီးကျောင်း များမှ ကျောင်းအုပ်ကြီးများ 'မီလျံနာ' ဖြစ်ကုန်ကြပါပြီ။ ရာထူးတိုးမပေးပါ နဲ့၊ ကျောင်းအုပ်ကြီးဘဝနဲ့ပင်စင်ယူပါရ စေဆိုသော ဆရာကြီးများရှိခဲ့ဖူးပါသည်။ မှတ်တမ်းမှတ်ရာရှိပါသည်။ သမိုင်းတင် ထားပါသည်။


မေလ၂၉ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှ သတင်းတစ်ပုဒ်ကြောင့် စာရေးသူတစ်ယောက်တည်း ''မပြုံးဘဲ နှင့် ဝါးလုံးကွဲ''ရယ်မိပါသည်။ မြေး တွေ၊ သားသမီးတွေက 'ဘဘကြီး'စိတ် ဖောက်ပြန်သွားပြီဟု ထင်သွားပါသည်။ သတင်းကို ပြောပြပါမည်။
''ယခုပညာသင်နှစ်တွင် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူလေးများအား မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးအတွက် အရက်၊ ဘီယာ၊ စီးကရက်မသုံးစွဲရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး တို့ကို ဦးစားပေးဆောင်ရွက်မည်ဟုဆိုပါ သည်''။
တစ်ခါတစ်ခါစိတ်ရူးပေါက်မှ ထထ အော်နေပါလားဟုပြောချင်ပါသည်။ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးရေးအဖွဲ့ကို ၁၉၉၉ ခုနှစ်ကပင် ပညာရေးဒုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး၊ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်က အတွင်းရေးမှူး၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီး ဌာနမှ ညွှန်မှူး၊ ဒုညွှန်မှူးတို့က အဖွဲ့ဝင် အဖြစ် တရားဝင်ဖွဲ့စည်းထားပါသည်။ (ယခုရှိမရှိ မသိတော့ပါ)။
သို့သော် ဤအဖွဲ့ကြီးသည် လေးငါး ဆယ်နှစ် ယနေ့ထိတိုင်အောင် အစည်း အဝေးခေါ်ခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း၊ ကျောင်း၊ တက္ကသိုလ်များသို့ သွားရောက် ဟောပြောခြင်းမျိုးကို မတွေ့ရသေးပါ။ သို့သော် ၁ဝ နှစ်လောက်အိပ်ပျော်နေ သော မူးယစ်တိုက်ဖျက်ရေးကာလနဂါး ကြီး ယခုနှစ်ကျမှ အိပ်ချင်မူးတူးနှင့်ထ အော်နေသလားဟုပင်ပြောရပေတော့မည် ဖြစ်ပါသည်။မူးယစ်ဆေးဝါးကြီးက အိမ် တံခါး၊ကျောင်းတံခါးလာခေါက်နေပါပြီ။
စာရေးသူ၏ တပည့်အလယ်တန်းပြ ဆရာလေး တစ်ဦးက စာရေးသူထံလာ ပြီး ခြောက်တန်းကျောင်းသားများကို ဆေးပြားလာပေးနေကြောင်း၊ ရသ လောက်ရောင်းခိုင်းနေကြောင်း၊ ကလေး များ ဒုက္ခရောက်တော့မည်ဖြစ်ကြောင်း လာရောက်ပြောဆိုပါသည်။ မိမိက ကျောင်းအုပ်ကြီးကို အသိပေးပြီး အချိန်မီ တားဆီးပါလို့ ပြောရသည်။
မူးယစ်ရာဇာ ဝိသမသားတို့၏ ဦး တည်ပစ်မှတ်မှာကျောင်းသားများလူငယ် များဖြစ်ပါသည်။ အခြေခံကျောင်းသား ရှစ်သန်းကျော်ရှိပါသည်။ တက္ကသိုလ်က တစ်သန်းနှင့်ဆို ကိုးသန်းရှိသည်။ တိုင်း ပြည်ပျက်သွားနိုင်ပါသည်။ တစ်နေ့ တစ်နေ့ဖမ်းဆီးရမိသည့်သတင်း၊ တိုင် ကြားလာသည့်သတင်းမှာ သတင်းစာ စာမျက်နှာအပြည့်ဖြစ်ပါသည်။
နောက်သတင်းတစ်ပုဒ်ကလည်း၃ဝ-၅-၂ဝ၁၉ ထုတ်မြန်မာတိုင်းမ်သတင်း စာမှာဖြစ်ပါသည်။ 'ပညာရေးဝန်ကြီး ဌာနဒုတိယဝန်ကြီးက နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကိုဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် အချို့တွင် အထူးပြုဘာသာရပ်အဖြစ် သင်ကြားပေးရန် အစီအစဉ်မရှိသေး'ဟု လွှတ်တော်တွင် ဖြေကြားပါသည်။ အဘယ်ကြောင့်ဟူမူ Political SCIENCE နိုင်ငံရေးသိပ္ပံအထူးပြုဘာသာရပ် သင်ကြားပေးနိုင်သူဆရာမရှိ၍ ဟူသော အကြောင်းပြချက်ကို ပြောသွားပါသည်။ ဤပြောချက်သည်'ဆင်သေကို ဆိတ် သရေနှင့် ဖုံး' သည်ဟု ပြောလိုပါသည်။ ယခင်က တက္ကသိုလ်အားလုံးတွင် နိုင်ငံ ရေးသိပ္ပံသင်ကြားရပါသည်။ နိုင်ငံရေး သိပ္ပံဌာနကြီးရှိပြီး ပါမောက္ခ၊ ဌာနမှူး ပါမောက္ခများ၊ ကထိကများ၊ လက် ထောက်ကထိကများ၊နည်းပြများရှိပါသည်။
ယခင်က နိုင်ငံရေးသိပ္ပံဆရာကြီးများ ခေါ်ယူ၍ 'နိုင်ငံရေးသိပ္ပံဆရာဖြစ် သင်တန်း' ပေးလိုက်လျှင်ပင် ဆရာ ပေါင်းထောင်နှင့်ချီ၍ ရနိုင်ပါသည်။
ဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်းသင်တယ်ဆိုတာ 'မအအောင်'လို့ ဟု မိန့်ကြားခဲ့ဖူးသည်ကို မှတ်သားထား မိပါသည်။
အုပ်ချုပ်သူ နိုင်ငံရေးသမားများ သည် အခြားသူတို့ နိုင်ငံရေးပညာ၊ သမိုင်းပညာ၊ ပထဝီပညာ၊ (Political Geography) ပထဝီဝင်နိုင်ငံရေး၊ ဥပဒေ စသည်တို့သင်ကြားတတ်မြောက်မှာအလွန် ကြောက်ကြသည်ဟု ကြားဖူးပါသည်။
ပြည်သူတွေ 'အ' မှ'ဘာမှမသိ' 'ဘာမှနားမလည်' မှ မိမိတို့လိုရာဆွဲ အုပ်ချုပ်နိုင်မည်ကို ကိုလိုနီခေတ်က အင်္ဂလိပ်များ သင်ကြားပေးသွားပါသည်။ ကိုလိုနီဆိုးမွေကို တရားသေဝါဒ အမှန် တရားသဖွယ် လက်ကိုင်ထားကာ ကိုင် တွယ်ကျင့်သုံးနေသည်ကို မျက်မြင်ဒိဋ္ဌ တွေ့နေရပါသည်။
ပင်စင်ယူခါနီးဖြစ်သော ပညာရေး ဌာနတစ်ခုမှ သူငယ်ချင်းဌာနခွဲစာရေး ကြီးတစ်ယောက်က ကျွန်တော့်အထက် လက်ထောက်ညွှန်မှူးDouble margin နှစ်ကြောင်းမျဉ်းနဲ့ ရုံးစာမရေးတတ်လို့ ကျွန်တော့်ဆီလာမေးရတယ်လို့ ဆိုပါ သည်။ မသိ၊ မတတ်သူများ၊ ဆရာ လုပ် နေကြပါသည်။
ဆရာကြီး မင်းသိင်္ခ၏ 'ဘာ၊ ဘာ၊ ဘာမှမသိဘူး' ဟူသော ပညာရေးဇာတ် လမ်းကို ရိုက်ကူးနေသည်ဟု ယူဆပါ သည်။
တစ်နေ့က ဆရာကြီးတစ်ဦး၏ သြဝါဒစကားလေးကို ပြေး၍ သတိရမိ ပါသည်။ ယင်းမှာ
* ဝန်ထမ်းကို ကျွန်လိုခိုင်းလျှင် ရိုင်း တတ်၏။
* လူလိုခိုင်းလျှင် ကျွန်လိုလုပ်တတ်၏ ဟူ၍ဖြစ်ပါသည်။
ယခုတလောလူမှုကွန်ရက်တွင် တွေ့ နေရသောပင်စင်လစာတွက်ချက်မှု၊ရာထူး တိုးလစာနှုန်းတွက်ချက်မှုများမှာ အောက် ခြေစာရေးဝန်ထမ်းတို့၏စေတနာ၊မေတ္တာ၊ လုပ်အားတို့အပေါ်တွင် မူတည်ပါသည်။
မြို့နယ်ရုံးတွေမှာ ကျွမ်း(၆) ပညာ ပြမှုကြောင့် မြို့နယ်ပညာရေးမှူးများ အပြစ်ဒဏ်ခံသွားရသည့် သာဓကများ ပညာရေးဌာနတွင်ရာထောင်မကရှိနေခဲ့ပါပြီ။
ပညာရေးအကြောင်း ပြောကိုမပြော ချင်ဆိုသော်လည်း ပြောကိုပြောရဦးမည် ဖြစ်ပါကြောင်း။