images
UN
UN
လူငယ်များစာရိတ္တမြင့်မားဖို့ဆိုလျှင်
မောင်သောင်းဝင်း(တမန်ဟောင်း) Friday, 31 May 2019

မေလ ၂၃ ရက်မှ ၂၅ ရက်အတွင်း ကလေးနှစ်ယောက်လုံးမရှိ၍ အိမ်၌ တိတ်ဆိတ်လျက်ရှိသည်။ သမီးအငယ် သည် နေပြည်တော် ဗုဒ္ဓဂယာ၌ဖွင့်လှစ် သည့် ကျေးဇူးတော်ရှင် ဆရာတော်ဘုရား ကြီး ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ၏ ယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက် နေသည်။ ဇနီးဖြစ်သူကလည်း သူ့ဆိုင် နှင့်သူ အလုပ်ရှုပ်နေသည်။ ရုံးပိတ်ရက် တွင် စာရေးသူတစ်ယောက်တည်းစာအုပ် ကိုသာအဖော်ပြုနေရသည်။
နွေရာသီယဉ်ကျေးလိမ္မာသင်တန်း
ကျေးဇူးတော်ရှင် ဆရာတော်ကြီး ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒသည် နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်တွင် နေပြည်တော် ဗုဒ္ဓဂယာ၌ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်ကာအလယ်တန်းအရွယ် ကျောင်းသားကျောင်းသူများမှသည် တက္ကသိုလ်တက်နေသော ကျောင်းသား ကျောင်းသူများအထိ ကလေးငယ်များကို ယဉ်ကျေးလိမ္မာလာစေရန် တရားဟော ပြောပေးလေ့ရှိသည်။ ဆိုရလျှင် ကလေး စိတ်ပညာကို သိရှိနားလည်ထားသော ဆရာတော်ဘုရားကြီးသည်သင်တန်းရက် တိုကာလအတွင်း ကလေးများ၏ နှလုံး သားတွင် ရတနာသုံးပါး ကိုင်းရှိုင်းတတ် စေရန်၊ သတ္တဝါများအပေါ် မေတ္တာထား တတ်စေရန်၊ ကိုယ်ချင်းစာစိတ်ရှိစေရန်နှင့် မိဘများအပေါ် သိတတ်စေရန် မေတ္တာ စိတ်၊ ကရုဏာစိတ်တို့ဖြင့် သွန်သင်ဆုံးမ ပေးလေ့ရှိသည်။
အမှန်တော့ ဆရာတော်ကြီးသည် မအားလပ်သည့်ကြားမှ နေပြည်တော်သို့ြ<ွကရောက်လာရခြင်းဖြစ်သည်။ ကလေး ငယ်များအား လူကောင်း၊လူတော်လေး များဖြစ်လာစေလိုသောဆန္ဒဖြင့် အချိန်ပေး ကာဟောကြားသင်ပြလမ်းညွှန်ပေးနေခြင်း ဖြစ်သည်။ ဆရာတော်ကြီးနှင့် တွေ့ခွင့် ရရှိသောကလေးအများစုသည် စိတ်ထား နူးညံ့သိမ်မွေ့ကာပြောင်းလဲလာလေ့ရှိသည်။ အထူးသဖြင့်မိဘများအပေါ်သိတတ်လာခြင်း၊ နေ့စဉ်နံနက်၊ ည မပျက်မကွက်ဘုရားရှိခိုး လာခြင်း၊ ကိုယ်ချင်းစာစိတ် ရှိလာခြင်း၊ ကျောင်းစာကို ပိုမိုစိတ်ပါဝင်စားလာခြင်း၊ သူငယ်ချင်းများနှင့် ဆက်ဆံရေးပြေပြစ် ချောမွေ့လာခြင်း၊သူတစ်ပါးအပေါ်အကောင်း မြင်စိတ်ရှိလာခြင်းစသည့်စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများစွာရှိလာကြသည်။
လူငယ်များတက်ရောက်သင့်သောသင်တန်း
အမှန်တော့ မြန်မာနိုင်ငံတစ်ဝန်းတွင် နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်ကာလ များ၌ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့် လှစ်သင်ကြားပေးလေ့ရှိသည်။ ပရဟိတ စိတ်ဓာတ်ရှိသောဆရာတော်၊ သံဃာ တော်များ၊ ကျောင်းဆရာဆရာမများက အသပြာမယူဘဲ စေတနာဖြင့် အခမဲ့သင် ကြားပေးလေ့ရှိသည်။ ထိုသင်တန်းများ တက်ခြင်းဖြင့် ကလေးများသည် တန်ဖိုး မဖြတ်နိုင်သောအကျိုးများစွာကို ရရှိစေ သည်။ ထို့ကြောင့် အမြော်အမြင်ရှိသော မိဘများက သူတို့၏ကလေးများကို ယဉ် ကျေးလိမ္မာသင်တန်းများသို့တက်ခိုင်းလေ့ ရှိကြသည်။အထူးသဖြင့်ဗုဒ္ဓဘာသာမြန်မာ လူမျိုးများသည် မိမိ၏ရင်သွေးငယ်များ အား မြတ်ဗုဒ္ဓအကြောင်းကို အခြေခံ လောက်တော့သိအောင် သင်ပြပေးထား သင့်သည်။ သို့မှသာ ငယ်စဉ်ကတည်းက ရှောင်ရန်၊ဆောင်ရန်နှင့် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်မည် ဖြစ်သည်။


ဆိုရလျှင် ရေခံမြေခံကောင်းသော ကလေးများကလည်း ထိုသင်တန်းမျိုးကို လိုလိုလားလား တက်လေ့ရှိကြသည်။ သာဓကအနေဖြင့် ကျေးဇူးတော်ရှင် ဆရာ တော်ကြီး ဓမ္မဒူတဒေါက်တာ အရှင် ဆေကိန္ဒ၏ကျောင်းတွင် နွေရာသီကျောင်း ပိတ်ရက်ကာလ၌ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသော ကလေးများစွာကို တွေ့ရှိနိုင်ပါသည်။ ဆရာတော်ကြီးသည် စေတနာသက်သက်ဖြင့်ဖွင့်လှစ်သင်ကြား ပြသ ပို့ချပေးနေခြင်းဖြစ်သည်။ စိတ် ထားဖြူစင်အောင်ထားတတ်ဖို့ရန်သင်ကြား ပေးခြင်းဖြစ်သည်။ထိုကျောင်းသို့ ရောက် ရှိလာသည့်ကလေးများသည်မိဘများအတင်း တိုက်တွန်းလို့ တက်ကြသည်မဟုတ်ပေ၊ ကလေးများ ကိုယ်တိုင်က လိုလိုချင်ချင် ဖြင့် တက်ရောက်ကြခြင်းဖြစ်သည်။
ကောင်းမွန်သောရည်ရွယ်ချက်
စင်စစ်အားဖြင့် ယဉ်ကျေးလိမ္မာသင် တန်းများသည် မြန်မာကလေးများအား ရတနာသုံးပါးကိုကြည်ညိုကိုင်းရှိုင်းတတ် စေရန်၊ အနန္တောအနန္တငါးပါး၏ ဂုဏ် ကျေးဇူးတို့ကိုသိတတ်စေရန်နှင့်လူသားဆန် စွာပြုမူနေထိုင်တတ်စေရန်သင်ကြားပြသ ပေးသည့် သင်တန်းများဖြစ်သည်။ အထူး သဖြင့် သူငယ်ချင်းများ၊ ညီအစ်ကိုမောင် နှမများ၊ လူကြီးမိဘများ၊ ဆရာဆရာမ များနှင့်ဆက်ဆံရာတွင် မည်သို့မည်ပုံပြုမူ သင့်သည်ကို သင်ပြပေးခြင်းဖြစ်သည်။ မြတ်စွာဘုရား၏ဖြစ်တော်စဉ်များမှ ဇာတ် တော်များကိုထုတ်နုတ်၍ ဥပမာများပေး ကာ လောကလူ့ရွာကို ကောင်းကျိုးပြု တတ်စေရန်သင်ကြားပေးနေခြင်းဖြစ်သည်။ တိကျစွာဆိုရလျှင် မည်သည့်နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးရည်မှန်းချက်မျှ မပါဘဲ လူငယ်များ စာရိတ္တမြင့်မားရေး အတွက်သာ အဖြူရောင်သက်သက်ဖြင့် ဖွင့်လှစ်ပေးနေခြင်းဖြစ်သည်။အကျိုးကျေးဇူးများစွာ
ထိုသို့ယဉ်ကျေးလိမ္မာသင်တန်းတက် ရောက်ဖူးသည့် ကလေးငယ်တစ်ဦးသည် ဘုရားဝတ်ပြုရှိခိုးခြင်း၊ အိပ်ရာမဝင်မီ မိဘများအား ကန်တော့ခြင်းနှင့် ထမင်း မစားမီ မိဘများ၊ အသက်အရွယ်ကြီး သူများကိုဦးချပြီးမှသာ စားသောက်ခြင်း ကဲ့သို့သော ဝတ္တရားများကို ပြောစရာပင် မလိုတော့ချေ။အချိန်တန်အရွယ်ရောက်လာ သည့်အခါတွင်လည်းဗုဒ္ဓဘာသာအကြောင်း ကို ဘာသာခြားများက မေးမြန်းလာလျှင် ခြေခြေမြစ်မြစ် ရှင်းပြနိုင်မည်ဖြစ်သည်။ တချို့သောသူများသည် အသက်ရွယ်ရ လာသည့်တိုင်အောင် ဗုဒ္ဓဘာသာ၏အနှစ် သာရကို တခြားသူများ နားလည်သည် အထိ လိပ်ပတ်လည်အောင် ပြောပြနိုင် စွမ်းမရှိကြချေ။ မိမိကိုးကွယ်ရာ ဘာသာ ကို ငယ်စဉ်ကစနစ်တကျလေ့လာသင်ယူ ကိုးကွယ်ခဲ့ခြင်းမရှိသူများသည် ယောင် ဝါးဝါးသာ ဖြစ်နေမည်ဖြစ်သည်။
အထူးသဖြင့် ယဉ်ကျေးလိမ္မာသင် တန်း တက်ရောက်ဖူးသည့် ကလေးငယ် တစ်ဦးသည် ကံငါးပါးကိုချိုးဖောက်လျှင် ရရှိမည့်အပြစ်များနှင့် ကံငါးပါးလုံခြုံလျှင် ရရှိမည့်အကျိုးများကိုလည်း သိရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့်ကလေးများသည် တတ်နိုင်သမျှကံငါးပါးကိုလုံခြုံစွာထိန်းသိမ်း ကြမည်ဖြစ်သည်။ သာဓကအနေဖြင့်ခြင်၊ ယင် အပါအဝင် တိရစ္ဆာန်များကို သတ် ဖြတ်ခြင်းမှရှောင်ကြဉ်လာခြင်း၊ မိဘများ ကို လိမ်လည်ပြောဆိုခြင်းမှ ရှောင်ကြဉ် လာခြင်း၊ သူတစ်ပါးခွင့်မပြုသည့် ပစ္စည်း များကို ယူရမည်ကို ဝန်လေးလာခြင်း စသည့်အကျိုးများစွာကို ရရှိလာစေပါ သည်။ တချို့သော လူကြီးများသည်ပင် လျှင် ကံငါးပါးကို နေ့စဉ်ချိုးဖောက်လေ့ ရှိကြသည်။
လူငယ်များစာရိတ္တမြင့်မားဖို့ဆိုလျှင်
ဆိုရလျှင်မိဘများသည် သားသမီး များကို ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ဓာတ် ပါ ကြံ့ခိုင်နေစေရန်အတွက် ငယ်စဉ် ကတည်းက ဘာသာရေးအဆုံးအမများ ကို စနစ်တကျ သင်ကြားပြသပေးထား သင့်ပါသည်။ အနန္တောအနန္တငါးပါး၏ ဂုဏ်ကျေးဇူးကို သိတတ်သောစိတ်၊ကူညီ ရိုင်းပင်းလိုသောစိတ်၊ အများအကျိုးကို သယ်ပိုးဆောင်ရွက်လိုသောစိတ်၊အနစ်နာ ခံလိုသောစိတ်၊ အမှန်တရားဘက်တွင် ရပ်တည်လိုသောစိတ်ဓာတ်များ ကိန်း အောင်းနေအောင် လေ့ကျင့်ပျိုးထောင်ပေး ထားသင့်သည်။ အိပ်ရာဝင်ပုံပြင် ပြောပြ ခြင်း၊ စာဖတ်ပြခြင်း၊ စာဖတ်လိုသည့်ဆန္ဒ ကိန်းအောင်းလာအောင် လေကျင့်ပေးခြင်း များ ဆောင်ရွက်ပေးသင့်ပါသည်။ အထူး သဖြင့် အတ္တကြီးမားသူ၊ နိုင်ထက်စီးနင်း ပြုလိုသူများ ဖြစ်မလာအောင် စနစ်တကျ ပြုစုပျိုးထောင်ပေးသင့်ပါသည်။ ကလေး ငယ်များ၏ စိတ်ဓာတ်သည် လွန်စွာနူးညံ့ ပျော့ပျောင်းသဖြင့် ပဲ့ကိုင်ပုံသွင်းသူမိဘ များအပေါ်တွင်များစွာမူတည်နေပါသည်။
အမှန်စင်စစ်မှာမူ လူမျိုးတိုင်းတွင် သက်ဆိုင်ရာယုံကြည်ကိုးကွယ်မှု ဘာသာ များရှိကြသည်။ ဘာသာတရား၏ အဆုံး အမများလည်း ရှိကြသည်။ ထိုသို့ဘာသာ တရား၏ အဆုံးအမများအတိုင်းသာ လိုက်နာကျင့်ကြံ နေထိုင်မည်ဆိုလျှင် လောကကြီးသည် အေးချမ်းနေမည် ဖြစ် သည်။ ဆိုရလျှင် ယဉ်ကျေးလိမ္မာသင် တန်းများသည် မြန်မာကလေးငယ်များ အတွက် လက်တွေ့အကျိုးဖြစ်ထွန်းသော သင်တန်းများပင်ဖြစ်သည်။ ထိုသင်တန်း တက်ရောက်ဖူးသည့် ကလေးငယ်တစ်ဦး သည် မြတ်စွာဘုရား၏ ဖြစ်တော်စဉ်၊ အခြေခံဗုဒ္ဓဘာသာအကြောင်းတို့ကို ဘာ သာရေးအားထဲထဲဝင်ဝင်သက်ဝင်ယုံကြည် မှုမရှိသော လူကြီးများထက်ပင် ပို၍သိရှိ ကြသည်။ ထိုသင်တန်းတွင်ဘုရား၊တရား နှင့်သံဃာ့ ဂုဏ်တော်များ၊ ပရိတ်၊ပဋ္ဌာန်း များ၊ သီလများ၊ လူ့ကျင့်ဝတ်များစသည့် ဗုဒ္ဓဘာသာလူမျိုးတစ်ဦး သိသင့်သိထိုက် သည်များကိုသင်ကြားပေးလေ့ရှိသည်။
ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့်အတိုင်း လူငယ်များသည် အနာဂတ်တွင် ကြီးမားသော တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံ့ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ တတ်သိပညာရှင်ကြီးများ ဖြစ်လာကြမည်ဖြစ်သည်။ ထိုသို့အရေးကြီးသော တာဝန်များကို ထမ်းဆောင်ကြမည့် လူငယ်များကို ငယ်စဉ်ကတည်းက စနစ်တကျပြုစုပျိုးထောင်သင့် ပေသည်။ ဆိုရလျှင် အခြေခံလူ့ကျင့်ဝတ်များ သိရှိအောင် သင်ကြားပြသထားပေးသင့်ပါသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင် လူဖြစ် ရသည့် ကလေးများသည် များစွာကံကောင်းလှပေ သည်။ သက်ရှင်နေထိုင်စဉ်ကာလအတွင်းမြတ်ဗုဒ္ဓ အဆုံးအမများ၊ တရားတော်များအတိုင်းသာ ကျင့်ကြံလိုက်နာသွားမည်ဆိုလျှင် အပါယ်ငရဲမှ လွတ်မြောက်မည်ဖြစ်သည်။ ထို့ကြောင့် လူငယ် များ၏စာရိတ္တကို မြှင့်တင်ပေးနိုင်သည့် သင်တန်း များ ဖွင့်လှစ်ခြင်းကို အားပေးသင့်ပေသည်။ ငွေ ကြေး အသပြာမယူဘဲ စေတနာသက်သက်ဖြင့် သင်ကြားပြသပေးနေသော ဆရာတော်ကြီးများ၊ ဆရာ၊ ဆရာမများကိုလည်း အသိအမှတ်ပြုသင့် ပေသည်။ ထို့ကြောင့်အနာဂတ်တွင် တိုင်းပြည် တာဝန်ထမ်းဆောင်ကြမည့် မြန်မာလူငယ်များ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုးကိုခွဲခြား စိတ်ဖြာနိုင်ပြီး စာရိတ္တပိုမိုမြင့်မားလာစေရေးအတွက် နိုင်ငံတစ်ဝန်းတွင် ယဉ်ကျေးလိမ္မာ သင်တန်းများ ပိုမိုဖွင့်လှစ်သင်ကြားပေးသွားနိုင်ကြပါစေ။