images
UN
UN
ကမ္ဘာ့အခင်းအကျင်းသစ်နဲ့ လစ်ဘရယ်တို့၏အဆုံးနိဂုံး
နေဇင်လတ် Sunday, 09 June 2019

မြန်မာတို့ရဲ့သင်္ကြန်ရက်တွင်းမှာပဲ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီယိုလာရောဗ်က ''အနောက်လူ့အဖွဲ့အစည်းတွေရဲ့ လစ် ဘရယ်မိုဒယ်ဟာ တဖြည်းဖြည်းအသက်ငင် သေဆုံးလာနေပြီး ကမ္ဘာ့အခင်းအကျင်း သစ်ကအမှန်တကယ်နေရာစယူလာခဲ့ပါပြီ'' ဟုအစချီသောL-Todd Wood ရဲ့ဆောင်း ပါးတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသံတမန် ရေးရာအကယ်ဒမီရဲ့ နှစ်ပတ်လည်၊ပါမောက္ခ များသင်တန်းသားများနဲ့တွေ့ဆုံပွဲမှာ ပြော ခဲ့တာဖြစ်တယ်။
အပြောအဆိုကို ထိန်းထိန်းသိမ်းသိမ်း ရှိတတ်သော ရုရှားနိုင်ငံခြားရေးဝန်ကြီး သည်အထောက်အထား အခြေအနေမဲ့ဖြင့် ပြောဆိုခဲ့တာမျိုးမဟုတ်ပါ။
လစ်ဘရယ်တို့ မွန်းတည့်ချိန်လွန်သွားပြီ
ဒုတိယကမ္ဘာစစ်နောက်ပိုင်း အရှေ့ အနောက်ကမ္ဘာနှစ်ခုအားပြိုင်ခဲ့ကြတယ်။အနောက်အုပ်စုက လစ်ဘရယ်အပေါ် အခြေခံသော အရင်းရှင်စနစ်ကို ကျင့်သုံး ခဲ့ပြီး ရုရှား၊ တရုတ်တို့ ဦးဆောင်သော အရှေ့အုပ်စုက အချုပ်အခြာပေါ်အခြေခံပြီး ကွန်မြူနစ်စနစ်ကို ဗဟိုပြုခဲ့တယ်။
အတွေးအခေါ်အယူအဆအားကောင်း ပြီး ကျောက်ရုပ်ကိုခေါင်းညိတ်အောင် စည်း ရုံးနိုင်ခဲ့သော ကွန်မြူနစ်ဝါဒသြဇာရုတ် တရက်အင်အားကောင်းလာမှုကို အနောက် အုပ်စုကနိုင်ငံများစွာကို အကူအညီပေးခြင်း နဲ့ အတော့်ကို တားဆီးခဲ့ကြရပါတယ်။စစ်အေးကာလအတွင်း အရင်းရှင်နဲ့ကွန်မြူ နစ်တို့အားပြိုင်ခဲ့ကြရာမှာ စီးပွားရေးကို ရလဒ်ကောင်းထွက်အောင် လုပ်နိုင်ခဲ့တဲ့ အရင်းရှင်အုပ်စုက အသာစီးရသွားပြီး ဆိုဗီ ယက်ယူနီယံကြီး အစိတ်စိတ်ပြိုကွဲကျဆုံး ခြင်းက စစ်အေးကာလကို အဆုံးသတ်ပေးခဲ့ တယ်။
ကမ္ဘာ့တစ်ခုတည်းသောစူပါ-ပါဝါနိုင်ငံ ဖြစ်တဲ့ အမေရိကန်ဟာကမ္ဘာကိုပြိုင်ဘက်မဲ့ ဦးဆောင်ပါတော့တယ်။ ဝင်ရိုးတစ်ချောင်း တည်းနဲ့မောင်းနှင်တဲ့ကမ္ဘာကြီးUnipolar World ဆိုတဲ့ အခင်းအကျင်းသစ်ဖြစ်လာ ခဲ့တယ်။ အကျပ်အတည်း ပေါင်းစုံကိုဖြေ ရှင်းနေရတဲ့ရုရှားဟာယဲ့တဲ့တဲ့ဘဝမှာအမေရိ ကန်တို့လုပ်သမျှ ငြိမ်ခံနေရတယ်။ တရုတ် တွေကလည်း ဆန်ပြုတ်တစ်ခွက်လူသုံး ယောက်လောက် မျှဝေသောက်သုံးနေရ လေတော့ကမ္ဘာ့အခင်းအကျင်းမှာ ဝင်ရောက် စွက်ဖက်ပိုင်ခွင့်မရှိခဲ့လေပါ။
Bipolar ဆိုတဲ့ဒွိဝင်ရိုးနဲ့မောင်းနှင်နေတဲ့ ကမ္ဘာကြီးကိုဧကဝင်ရိုး Unipolar ပေါ်မှာ လည်ပတ်နေစေတာကိုမကျေနပ်နိုင်သေးတဲ့ အမေရိကန်ဟာကမ္ဘာကြီးကိုသူလိုချင်တဲ့ ပုံပေါ်စေဖို့ကောက်ကြောင်းစတင်ခဲ့တော့ တယ်။ New World Order ဆိုတဲ့ကမ္ဘာ့ အခင်းအကျင်းသစ်လို့နာမည်ပေးပြီး ကမ္ဘာ့ အရေးအရာအားလုံးနီးပါးမှာ ဝင်ရောက် စွက်ဖက်ကာ ရေနံထွက်နိုင်ငံများဖြစ်တဲ့ အရှေ့အလယ်ပိုင်းနိုင်ငံများစွာမှာ စစ်ရေး ဖန်တီးမှုတွေနဲ့ ပုံဖော်ပါတော့တယ်။
လူတိုင်းသည်းခြေကြိုက်စကားတွေ ဖြစ်တဲ့ 'ဒီမိုကရေစီ' 'လူ့အခွင့်အရေး' ဟာ လစ်ဘရယ်တွေအတွက် အလွန်အစွမ်း ထက်တဲ့ လက်နက်တွေဖြစ်လာခဲ့တယ်။အဲ့ဒီအဆိပ်ပါတဲ့ စကားလုံးလက်နက်တွေ နဲ့ပဲအရှေ့အလယ်ပိုင်းရေနံထွက်နိုင်ငံတွေ ကိုတစ်နိုင်ငံပြီး တစ်နိုင်ငံတန်းစီပြီးဖြိုချနိုင် ခဲ့တယ်။ ပြောရရင် ၁၉ဝဝ-၂ဝဝဝ ခုနှစ် အစောပိုင်းကာလတွေဟာ လစ်ဘရယ်တွေ အတွက်မွန်းတည့်ချိန်၊ ဘုန်းမီးနေလတောက် ချိန်ပဲ ဖြစ်ပါတယ်။ အဲဒီကာလတွေမှာပဲ အရှေ့အလယ်ပိုင်းဒေသကြီးတစ်ခုလုံးစစ်မီး တောက်ခဲ့ပြီး အာဏာရှင်အာရှနိုင်ငံတွေပါ အတော်အကျပ်ရိုက်ခဲ့ရတဲ့ကာလပါ။


မြန်မာ နိုင်ငံမှာလည်း ဦးသန်းရွှေဟာအတော်ကြီး ကြီးမားမားဖိအားခံခဲ့ရတဲ့ ကာလတွေဖြစ် လာတယ်။
လောကဓမ္မနိယာမကို လစ်ဘရယ်မကျော် နိုင်ရှာ
လောကနိယာမ၊ ဓမ္မနိယာမမှာ ''ဖြစ် ခြင်း-ပျက်ခြင်း''နှစ်ပါးက တစ်လှည့်စီပါ။မွန်းတည့်သွားတဲ့နေဟာ မွန်းတိမ်းပြီးရင် နေဝင်ရတဲ့သဘောရှိရတယ်။ အမေရိကန် သမ္မတအိုဘားမားလက်ထက်၊ ဟီလာရီ ကလင်တန်နိုင်ငံခြားရေးဝန်ကြီးနေရာယူထား တဲ့ကာလဟာ လစ်ဘရယ်တွေသိသိသာ သာကျဆုံးတဲ့ကာလ၊ ထင်သာမြင်သာရှိ လှတဲ့ကာလလို့ပြောရပါလိမ့်မယ်။ကွန်ပျူတာပါရမီရှင်ဟက်ကာတွေဖြစ် တဲ့စနိုးဒင်၊ ဂျူလိယမ်အာဆန်းခ်ျတို့က ဖောက်ချလိုက်တဲ့ အိုဘားမားနဲ့ဟီလာရီက လင်တန်တို့ရဲ့ အရှုပ်ထုပ်ဆော်ဒီပမာဏကြီး မားတဲ့ငွေတွေကိုလျှို့ဝှက်လက်ခံပြီး တခြား နိုင်ငံတွေကိုဖြိုချမှုတွေ ပေါ်လာပါတော့ တယ်။ ဟီလာရီကလင်တန်ရဲ့ လူ့အခွင့် အရေးဖောက်ဖျက်မှုတွေ၊ ရက်စက်မှုတွေ ဟာ နှုတ်ကပြောနေတဲ့ ''လူ့အခွင့်အရေး'' ''ဒီမိုကရေစီ'' တွေနဲ့ဆန့်ကျင်နေတာတွေ အများအပြားပါဝင်လာတာတွေ့ရတယ်။
လစ်ဘရယ်တွေရဲ့ မျက်နှာဖုံးအခွာချခံ လိုက်ရတဲ့အဖြစ်ပါ။ အဲဒီဂယက်ကြောင့် ထရန့်ကို ဟီလာရီဝက်ဝက်ကွဲရှုံးသွားရ တယ်လို့ဆိုပါတယ်။ လစ်ဘရယ်ဒီမိုကရက် တွေဘက်က ထရန့်ကို ရုရှားနဲ့အပေးအယူရှိ တယ်ဆိုပြီးRussiangateလို့အမည်တွင် တဲ့စွပ်စွဲမှုကြီးက ထရန့်အတွက် အတော့်ကို ထိုင်ခုံလှုပ်သွားစေခဲ့ပြန်တယ်။FBI က အိမ်ဖြူတော်ဝန်ထမ်းတွေ၊ ထရန့်ရဲ့ကိုယ်ပိုင် ကုမ္ပဏီခြောက်ခုအပါအဝင်အတော်ကျယ်ပြန့် စွာ စစ်ဆေးပြီးခိုင်လုံတဲ့အထောက်အထား မတွေ့ရပါဘူးဆိုတဲ့ အစီရင်ခံစာထွက်လာ တဲ့အခါ ဒီမိုကရက်လစ်ဘရယ်တွေထပ်ပြီး အရှက်ရစေပြန်တော့တယ်။ ထရန့်က သူ့ ရဲ့တုံ့ပြန်ချက်အဖြစ် ဒီမိုကရက်တွေ၊ အထူး သဖြင့် ဟီလာရီကလင်တန်ကိုပစ်မှတ်ထား တဲ့Spy gate လို့အမည်ပေးထားတဲ့ ပြဿနာနဲ့ တရစပ်ပစ်ခတ်ပါလိမ့်မယ်။
ဒီမိုကရေစီအရေခြုံ၊ လစ်ဘရယ်အတုနဲ့ လုပ်ချင်တိုင်းလုပ်ခဲ့တဲ့ ဟီလာရီဟာမနား တမ်းပစ်တော့မယ့်ထရန့်ရဲ့ မြားချက်တွေကို လွတ်အောင်ရှောင်နိုင်ဖို့ မလွယ်လှပါဘူးလို့ သုံးသပ်ရပါတယ်။ မြန်မာ့နိုင်ငံရေးမှာGeorge Sorosရဲ့ ပါဝင်ပတ်သက်မှုတွေ၊ တရားမဝင်ထောက်ပံ့မှုတွေဟာ မြန်မာ့ ဥပဒေနဲ့ ငြိစွန်းတာတွေအများကြီးပါ။ ဆိုး ရော့စ်ရဲ့ ကမ္ဘာ့နိုင်ငံပေါင်း (၁ဝဝ) ကျော်ရဲ့ ပြည်တွင်းရေးကိစ္စအပေါ် တရားမဝင်ပါ ဝင်ပတ်သက်ခဲ့မှုတွေဟာလည်း ဒီမိုကရေ စီစံနှုန်း၊ လစ်ဘရယ်မိုဒယ်နဲ့ဆန့်ကျင်နေပြီး ဥပဒေတွေနဲ့လည်း ငြိစွန်းနေတာအတော် ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီးသားတွေပါ။
လစ်ဘရယ်နေဝင်ဖို့ရုရှားတွေတစ်ကျော့ ပြန်အင်အားတောင့်တင်းလာတယ်။ တရုတ် တွေကလည်း နှစ် ၃ဝအတွင်း စီးပွားရေး အင်အားတောင့်တင်းလာပြီး အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ဖြစ်ရတဲ့အထိ နိုင်ငံ ဓနကိုကောင်းကောင်း စုစည်းနိုင်ခဲ့တယ်။ ရုရှား၊ တရုတ်၊ အိန္ဒိယ သုံးနိုင်ငံအနေနဲ့ ကမ္ဘာ့ဇာတ်ခုံပေါ်ရောက်လာခဲ့ပြီး အဓိက ဇာတ်ကောင်တွေအဖြစ် ကမ္ဘာကြီးကအသိ အမှတ်ပြုလိုက်တာဟာ လစ်ဘရယ်တွေရဲ့ ကျဆုံးခန်းကို နိဂုံးပိုင်းအထိ ဆွဲချလိုက်တဲ့ ဆွဲအားတွေဖြစ်လာခဲ့တယ်။
အရှေ့အလယ်ပိုင်းဒေသကြီး တစ်ခုလုံး ကို ဖျက်ဆီးပစ်၊ မဟာမိတ်ရေနံနိုင်ငံတွေ ဆီကငွေကိုလက်ခံ၊တခြားနိုင်ငံတွေကို လစ် ဘရယ်မှိုင်းသွင်းပြီးရွှေ့ပြောင်းတွေကိုလက်ခံ စေခဲ့ခြင်းကလည်း နောက်ဆုံးလစ်ဘရယ် ကိုဇာတ်သိမ်းခန်းအထိမြန်မြန်ရောက်စေခဲ့တဲ့ ဇာတ်ဝင်ခန်းတွေဖြစ်လာတယ်။
အနောက် ကမ္ဘာကြီးတစ်ခုလုံး ယခုအခါမှာရွှေ့ပြောင်း တွေရဲ့ဒုက္ခပေးမှုကိုခံစားနေရပြီးလစ်ဘရယ် ဟာတံတွေးအထွေးခံအထိဖြစ်သွားခဲ့ရပါပြီ။
(မြန်မာတွေအနေနဲ့လည်း အဟောင်း တန်းက အထည်စုတ်လို နားမယောင်ဘဲ မီးပူတိုက်တန်ဖိုးမထားဖြစ်အောင် အသိ တရားရှိစွာနဲ့ သတိထားကြစေချင်တယ်။)
သတိထား-လစ်ဘရယ်ဟာအချုပ်အခြာကို ထိပါးစေတယ်
မြန်မာတွင်ဆိုရိုးစကားတစ်ခုရှိသည်။ 'တန်ဆေးလွန်ဘေး' ဗုဒ္ဓကလည်းအစွန်း နှစ်ပါးကိုရှောင်ခိုင်းပြီး 'မဇ္ဇျိမပဋိပဒါ' ကို သာ ကျင့်သုံးခိုင်းခဲ့တယ်။လစ်ဘရယ် ကျဆုံးရခြင်းအကြောင်း မှာ လစ်ဘရယ်ကို 'တန်သည်ထက်လွန် စွာသုံး'ခဲ့သောကြောင့် လစ်ဘရယ်အစွန်း ကျမှုကြောင့်ဆိုလျှင်မမှားချေ။
စင်ကာပူဟာ လစ်ဘရယ်လည်းမကျ၊ အာဏာရှင်လည်းဆန်ဆန် ကျင့်သုံးသွား သည်ကို သတိပြုသင့်သည်။ ရုရှား၊တရုတ်၊ ဗီယက်နမ်တို့သည်Hybrid ဆိုတဲ့စပ်ကြား ဝါဒကိုကျင့်သုံးသွားပြီး နိုင်ငံတိုးတက်ရေး ကိုသာ အဓိကဆောင်ရွက်သွားကြောင်းတွေ့ ရပါလိမ့်မယ်။သို့ဆိုလျှင်မြန်မာတို့သည်နိုင်ငံ တိုးတက်ရေးသည်သာအဓိကဖြစ်ပြီး မစား ရဝခမန်းလစ်ဘရယ်၊ဒီမိုကရေစီကိုတမ်းတမ်း မက်မက်မပြုသင့်ကြတော့။ လစ်ဘရယ်ကို လည်းကောင်း၊ ဒီမိုကရေစီကိုလည်းကောင်း ဘေးဖယ်ထားခြင်းမဟုတ်။အစွန်းမကျရှောင် ရှားနိုင်ရန်ကိုသာသတိပေးခြင်းဖြစ်ပါတယ်။
လစ်ဘရယ်တွေရဲ့ ဆွဲဆောင်မှုဟာ တဖြည်းဖြည်းဆုံးရှုံးလာခဲ့ပါပြီ 'ကမ္ဘာကြီး ရဲ့တည်ငြိမ်မှု၊ မျှတသောအကျိုးစီးပွား၊ ညှိနှိုင်းနိုင်မှုတွေကအဓိက ဖြစ်လာတာ ကြောင့်သံရေးတမန်ရေးဟာ ပိုပြီးရှေ့တန်း ရောက်လာခဲ့ပါတယ်'
နိုင်ငံခြားရေးဝန်ကြီးLavrov ပြောခဲ့ သောစကားဖြစ်ပါတယ်။
အနောက်အုပ်စုဟာလစ်ဘရယ်နဲ့လူ့ အခွင့်အရေး၊ ဒီမိုကရေစီကိုအကြောင်းပြပြီး သူတို့လိုချင်တဲ့ပုံကို အတင်းအဓမ္မကောက် ကြောင်းဖော်သွားခြင်းဟာလည်း အများက ရိပ်မိလာတာကြောင့် ကျဆင်းသွားရခြင်းထဲ ကတစ်ခုဖြစ်လာခဲ့တယ်။အနောက်အုပ်စုဟာ အရှေ့ကမ္ဘာကြီးကိုလွှမ်းမိုးထားရေး၊ လွှမ်း မိုးနိုင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်အောင် ကြိုးစားခဲ့ခြင်းက တခြားနိုင်ငံတွေရဲ့အချုပ် အခြာနဲ့နယ်မြေထိပါးဆုံးရှုံးခြင်းကိုဖြစ်လာ စေခဲ့တယ်။ လစ်ဘရယ်ကြောင့်ရွှေ့ပြောင်း တွေဟာအလုံးအရင်းနဲ့အနောက်နိုင်ငံတွေကို ဝင်ရောက်လာခဲ့ပြီး နှစ်ပေါင်း(၂ဝ-၃ဝ) အတွင်းမှာ လူဦးရေအဆမတန်ပေါက်ဖွားခဲ့ ရာကနေအခုဆိုရင် အဲဒီနိုင်ငံကိုတောင် လွှမ်းမိုးဖို့ကြိုးစားနေတာတွေ့ရပါလိမ့်မယ်။ လစ်ဘရယ်အတတ်ဆန်းလွန်းမှုရဲ့ရလဒ်ဖြစ်ပါ တယ်။ လစ်ဘရယ်ကိုဦးနှောက်နည်းနည်းနဲ့ အသုံးလွန်မှုကြောင့်လည်းဖြစ်ပါတယ်။
လစ်ဘရယ်ရဲ့ဆိုးကျိုးတွေကိုအမျိုးသား အကျိုးစီးပွားနဲ့ နှိုင်းဆတတ်လာတဲ့ကမ္ဘာ ကြီးဟာလစ်ဘရယ်ကို တဖြည်းဖြည်းစွန့်ခွာ စပြုလာကြတယ်။ အမျိုးသားအကျိုးစီးပွား ကသာပထမ၊ အချုပ်အခြာနဲ့နယ်မြေမဆုံးစေ ခြင်းကသာအဓိကဖြစ်လာကြတယ်။ အခြား တစ်ဖက်မှာလည်း အမေရိကန်ဟာ အကြွေး နွံထဲမှာနစ်နေပြီး သြဇာအရှိန်အဝါကျဆင်း လာခဲ့တယ်။ ဒေါ်လာရပ်တည်မှုကလည်း တဖြည်းဖြည်းအားလျော့လာပြီး အမေရိ ကန်ရဲ့ကိုယ်ရောင်ကိုယ်ဝါတောက်ပမှုဟာ နေဝင်ရီတရောခပ်မှိုင်းမှိုင်း ဖြစ်လာခဲ့ပါပြီ။
ရုရှား၊ တရုတ်၊အိန္ဒိယ၊ဘရာဇီးစတာ တွေ အားယူလာကြပြီးထွန်းသစ်စနိုင်ငံတွေ ဖြစ်လာခဲ့ကြတယ်။ ကမ္ဘာကြီးကိုမောင်းနှင် နေတဲ့ အမေရိကန်ဆိုတဲ့ဝင်ရိုးတစ်ချောင်း ရဲ့နေရာမှာ အခြားဝင်ရိုးတွေနေရာယူဖို့ ကြိုး စားလာခဲ့ကြတယ်။
ကမ္ဘာ့အခင်းအကျင်းသစ်ဟာ တစ် ချောင်းတည်းမောင်းနှင်ခဲ့တဲ့ဝင်ရိုးဟောင်းကြီး အားနည်းသွားခဲ့ပြီး အားကောင်းတဲ့ဝင်ရိုး သစ်တွေ အစားထိုးဝင်ရောက်လာခဲ့တာ ကြောင့် Multi Polar World ဆိုတဲ့ဝင်ရိုး စုံနဲ့မောင်းနှင်တဲ့ကမ္ဘာကြီး သို့မဟုတ် Multi polarity ဖြစ်လာခဲ့ပါပြီ။ စူပါ-ပါဝါအဖြစ် ပြိုင်ဘက်မရှိ အမေရိကန်တစ်နိုင်ငံတည်း ရဲ့မျက်နှာကို ကြည့်နေရတဲ့ဘဝ(Mono centric) ကနေ အဓိကအခြားဇာတ်ကောင် တွေနေရာရလာတဲ့(Polycentric World Order) ဆိုတဲ့ ဗဟိုအခြေခံကမ္ဘာ့အခင်း အကျင်းသစ်ဆိုတဲ့ အခင်းအကျင်းသစ်ဆီကို ဦးတည်နေပြီဖြစ်ပါကြောင်း။