images
UN
UN
သတိပြုဆင်ခြင်သင့်သည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ
သူရအေး Wednesday, 03 July 2019
၂ဝ၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကလေးသူငယ် အခွင့် အရေးဆိုင်ရာ ဥပဒေကို ထောက်ခံမဲ ၂၅၄ မဲ၊ ကန့်ကွက်မဲ ၁၇၁ မဲ၊ ကြားနေမဲ တစ်မဲဖြင့် အတည်ပြုခဲ့သည်။ ယင်း ဥပဒေနှင့်ပတ်သက်၍ ဝေဖန်မှု အများ အပြားပေါ်ပေါက်ခဲ့ပြီး ဝေဖန်သူအများစု စိုးရိမ်ပူပန်ကြသည်မှာ ယင်းဥပဒေအရ နိုင်ငံသားမဟုတ်သူ ကလေးသူငယ်များ နိုင်ငံသားဖြစ်ကုန်မှာ စိုးရိမ်ပူပန်ကြခြင်း ဖြစ်သည်။ ထိုသို့ စိုးရိမ်ပူပန်မည်ဆို လျှင်လည်း ပူပန်ထိုက်သည်ကို တွေ့ရ သည်။ ဥပဒေကို ပြင်ဆင်သူများက ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ၊ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး စာချုပ် (International Convention-on Civil and Political Rights – ICCPRျ) ၏ စံနှုန်းများအရ ပြင်ဆင် လိုခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် လည်း တချို့စံနှုန်းများသည် မိမိနိုင်ငံ၏ လက်ရှိမြေပြင်အခြေအနေများနှင့် အံဝင် ခွင်ကျမရှိသည့်အတွက် ယခုကဲ့သို့ စိုးရိမ် ပူပန်မှုများထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဥပဒေတစ်ခုလုံးကို ခြုံငုံ ကြည့်လျှင် ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ရေးဆွဲထားခြင်းဖြစ်၍ ကောင်း သည့်အချက်များပါသလို နိုင်ငံ၏လက်ရှိ အခြေအနေနှင့် မကိုက်ညီသည့်အချက် များလည်း ပါသည်ကို တွေ့ရသည်။
အငြင်းပွားပြီး အားလုံးစိုးရိမ်ပူပန် နေကြသည့် ပုဒ်မများအနက် ပထမ ပုဒ်မမှာ ပုဒ်မ၃(ခ)ပါ ကလေးသူငယ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။ ယင်း ဥပဒေတွင် ကလေးသူငယ်ဆိုသည်ကို အသက်(၁၈)နှစ်မပြည့်သေးသူဟု ဖွင့်ဆို ထားပြီး မူလ ၁၉၉၃ ခုနှစ် ဥပဒေတွင် မွေးစားခြင်းကိစ္စမပါဝင်ဘဲ ယခုဥပဒေ တွင် မွေးစားခြင်းကိစ္စ ပါလာသဖြင့် အငြင်းပွားစရာဖြစ်လာခဲ့ရသည်။ ဥပဒေ အသစ်၏ ပုဒ်မ ၂၆ တွင် ''မြန်မာနိုင်ငံ သားတစ်ဦးဦးသည် ကလေးသူငယ်ကို မိဘအရင်းသဖွယ် ပြုစုစောင့်ရှောက်နိုင် ပါက ကလေးသူငယ်အား သတ်မှတ် ချက်များနှင့်အညီ မွေးစားပိုင်ခွင့်ရှိ သည်''ဟု ပြဋ္ဌာန်းထားသည်။ ယင်း ဥပဒေပြဋ္ဌာန်းချက်အရ အသက်(၁၈)နှစ် မပြည့်သေးသူ ကလေးသူငယ်ကို မည် သည့်နေရာ၊ မည်သည့်ဒေသက ကလေး ဖြစ်စေ၊ နိုင်ငံသားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မွေးစားခွင့်ရှိနေ သည်ကို တွေ့ရသည်။ ဤပြဋ္ဌာန်းချက် သည် ယခင့်ယခင် အခြေအနေများအရ ပြဿနာ မဟုတ်သော်လည်း လက်ရှိ တိုင်းပြည်၏အခြေအနေအရ မိမိနိုင်ငံ သားမဟုတ်သူ ကလေးသူငယ်များကို ခေါ်ယူမွေးစားခွင့်မပြုသင့်ဟု ထောက်ပြ ကြသည်။ နယ်စပ်ဒေသမှ ကလေးများ ကို မွေးစားခွင့်လျှောက်ပြီး ပြည်တွင်းသို့ ခေါ်လာ၍ရသလို လွတ်လပ်စွာသွားလာ ခွင့်၊ပညာသင်ကြားခွင့်၊ကျန်းမာရေးကုသ ခွင့်များကိုလည်း ခွဲခြားမှုမရှိဘဲ ရရှိလာ မည့်သဘောဖြစ်နေသည်ကိုတွေ့ရသည်။
ဒုတိယပြဿနာမှာ ပုဒ်မ ၃၃(ခ)ပါ ပြဋ္ဌာန်းချက်အရ ''မွေးစားကလေးသည် မွေးစားမိဘနှင့် သက်ဆိုင်သည့်ဥပဒေ (သို့မဟုတ်) ဓလေ့ထုံးတမ်းဥပဒေနှင့် အညီ အခြားသားသမီးများကဲ့သို့ အမွေ ဆက်ခံရန် အခွင့်အရေးအပါအဝင် တူညီ သော အခြားအခွင့်အရေးများ ရရှိစေရ မည်''ဆိုသောအချက်ပင် ဖြစ်သည်။ ဤအချက်သည် တရားရုံးများတွင် နောက်ဆက်တွဲ အကြီးအကျယ်ပြဿနာ တက်ပြီး အငြင်းပွား ရှုပ်ထွေးလာနိုင် သော ပြဋ္ဌာန်းချက်မျိုး ဖြစ်နေသည်ကို တွေ့ရသည်။ တတိယထပ်ပြီး စိုးရိမ်စရာ ကောင်းသည့်အချက်မှာ မွေးဖွားခြင်း ဆိုင်ရာ မှတ်ပုံတင်ခြင်း ကိစ္စပင်ဖြစ် သည်။ အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေ ပုဒ်မ ၂၁(က)အရ ''နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ မွေးဖွားခြင်း ကိုအခမဲ့မှတ်ပုံတင်ခွင့်ရှိသည်''ဟူသော ပြဋ္ဌာန်းချက်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံသားမဟုတ်သူကလေးများကို မိမိ နိုင်ငံအတွင်း မွေးဖွားကြောင်းကို အစိုးရ က တရားဝင်အသိအမှတ်ပြု
အထောက် အထား (မှတ်ပုံတင်) ထုတ်ပေးလိုက် သလို ဖြစ်နေခြင်းပင်ဖြစ်သည်။ ဤ အထောက်အထားအရ ယင်းကလေးများ သည် လတ်တလော နိုင်ငံသားဖြစ်ဖို့ အခွင့်အရေးမရှိသေးသော်လည်း နောင် တစ်ချိန်တွင် နိုင်ငံသားအဖြစ် တောင်းဆို နိုင်ရန် ဥပဒေကြောင်းအရစည်းနှောင်မှု (Binding) ဖြစ်လာမှာ သေချာနေပြီ ဖြစ်သည်။
မိမိတို့နိုင်ငံသည် ကလေးသူငယ် အခွင့်အရေးစာချုပ် (The Convention of the Right of the Child –CRC)ကို လက်မှတ်ထိုးထားသော်လည်း ICCPR ကိုတော့ လက်မှတ်မထိုးထားရသေး ပေ။ ကလေးသူငယ်ဥပဒေပုဒ်မ ၂၂ အရ ''နိုင်ငံသားဖြစ်မှုကို တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ရရှိစေရမည်''ဟု ပါရှိသည့်အတွက် ဥပဒေပြဋ္ဌာန်းသူများ က ယင်းပုဒ်မကို ထောက်ပြပြီး မွေးစ ကလေးများသည် နိုင်ငံသားမဖြစ်နိုင်ဘူး ဟူ၍ ကာကွယ်ပြောဆိုနေကြသည်ကို တွေ့ရသည်။ လတ်တလောတော့ နိုင်ငံ သားမဖြစ်နိုင်သော်လည်း ပုဒ်မ ၂၁(က) အရ နိုင်ငံတွင်း မွေးဖွားသူကလေးများ ကို အစိုးရက တရားဝင်မှတ်ပုံတင်ဖို့ ဥပဒေပြဋ္ဌာန်းလိုက်ပြီး ICCPR ကို မိမိ နိုင်ငံ ဝင်လိုက်သည်နှင့် မိမိနိုင်ငံအတွင်း မွေးဖွားသူ၊ မွေးဖွားကြောင်း မှတ်ပုံတင် ထားသူကလေးသည် နိုင်ငံတကာဥပဒေ အရ နိုင်ငံသားဖြစ်ခွင့်ရဖို့ ဥပဒေကြောင်း အရ Binding ဖြစ်သွားမှာ မလွဲပေ။ တစ်ဆက်တည်းမှာပင် ICCPR ကို လက်မှတ်ရေးထိုးဖို့ NLD အိမ်မဲအမတ် ဒေါ်သန္တာတင်က ၂ဝ၁၉ခုနှစ် မေလ ၂၁ ရက်နေ့မှာ အဆိုတင်သွင်းထားတာကို တွေ့ရသည့်အတွက် ချိတ်ဆက်ပြီး လုပ် တာလားဟူ၍ပင် ထင်ယောင်ထင်မှား ဖြစ်လာရသည်။
ဥပဒေပြုသည်ဆိုရာတွင် ပြဋ္ဌာန်းပြီး သား တည်ဆဲဥပဒေတစ်ရပ်နှင့် ဝိရောဓိ မဖြစ်စေရန်လိုသည်။ ဥပဒေအချင်းချင်း ဝိရောဓိဖြစ်လာလျှင် ဆုံးဖြတ်ရခက်ခြင်း၊ ပြဋ္ဌာန်းဥပဒေများ၏
စည်းနှောင်မှု (Binding) အားနည်းခြင်း၊ ဥပဒေ၏ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဥပဒေချိုးဖောက်ခြင်းများ ဖြစ်လာနိုင် သည်။ ထို့ပြင် ဥပဒေတစ်ရပ်သည် ကြောင်းကျိုးဆီလျော်ရသလို ရှေ့နောက် လည်း ညီညွတ်ရသည်။ ယခု ပြဋ္ဌာန်း လိုက်သည့် ကလေးသူငယ်အခွင့်အရေး ဥပဒေသည် ICCPR နှင့် ဆန့်ကျင်နေ သည့် အဓိကအချက်မှာ ကလေးသူငယ် များ၏ နိုင်ငံသားဖြစ်မှု အခွင့်အရေးပင် ဖြစ်သည်။ ယင်းအချက်နှင့်ပတ်သက်၍ ICCPR ကို လက်မှတ်ထိုးလိုက်သည် နှင့်တစ်ပြိုင်နက် ၁၉၈၂ နိုင်ငံသားဥပဒေ က ICCPR နှင့် ဆန့်ကျင်သည့် အချက် များကိုပြင်ဖို့ တောက်လျှောက်ဖိအားပေး ခံရမည်ဖြစ်ကြောင်း သိထားဖို့ပင်ဖြစ် သည်။ ထိုသို့ ဖိအားပေးလာလျှင် နိုင်ငံ တကာဥပဒေများအရ ဘောင်ဝင်သည့် အပြင် ငြင်းဆန်ဖို့လည်း အလွန်ကို ခက်ခဲမည့်အခြေအနေဖြစ်သည်။ နောက် တစ်ချက်မှာ ယင်းဥပဒေပုဒ်မ ၁၁၅တွင် ဖော်ပြထားသည့် ''ဤဥပဒေမပြဋ္ဌာန်းမီ တည်ဆဲဥပဒေများတွင် မည်သို့ပင် ပါရှိ စေကာမူ ဤဥပဒေနှင့် သက်ဆိုင်သမျှ ဤဥပဒေအရသာ အရေးယူဆောင်ရွက် ရမည်''ဟူ၍ ပါရှိသည်။ ဆိုလိုသည်မှာ ကလေးသူငယ်အခွင့်အရေးနှင့် ပတ် သက်လာလျှင် ဤဥပဒေသည် ပြဋ္ဌာန်း ထားပြီးသမျှ တည်ဆဲဥပဒေများကို လွှမ်းမိုးသွားမည်ဆိုသည့် သဘောပင် ဖြစ်သည်။ ထို့ကြောင့် ဤဥပဒေပြင်ဆင် ခြင်းသည် အလွန်ကို အန္တရာယ်များ ကြောင်း တွေ့ရှိနိုင်သည်။ ထို့ပြင် နိုင်ငံ အတွက် အခြား အရေးကြီးဆောင်ရွက် စရာများ ရှိနေသည်ကို လျစ်လျူရှုပြီး လက်ရှိအခြေအနေအရ မည်သို့မျှ အကျိုး မပြုနိုင်သည့်အပြင် နိုင်ငံအတွက် အန္တရာယ်ပင်ဖြစ်စေနိုင်သည့်ကိစ္စ ဖြစ် သည်ကို နားလည်သင့်သည်ဟု မြင်ပါ သည်။ ''ထိုင်နေလျှင် အကောင်းသား၊ ထသွားမှကျိုးမှန်းသိ''ဆိုသော စကားပုံ အတိုင်း သည်အတိုင်းနေလျှင် ရရဲ့သားနဲ့ သွားပြင်လိုက်မှ အန္တရာယ်ကြီးနှင့် ကြုံရ သည့်အဖြစ်မျိုး မဖြစ်သင့်ပေ။
ကလေးသူငယ်အခွင့်အရေးဥပဒေ တွင် ကလေးမွေးစားခွင့်ဆိုင်ရာ ပြင်ဆင် ချက်အပေါ် စိုးရိမ်ပူပန်ခြင်း မပြုရန်နှင့် မွေးစားကလေးများကို နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် သာ ဆောင်ရွက်ရမည်ဟု ၂ဝ၁၉ ခုနှစ် ဇွန်လ ၅ ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက မီဒီယာများကို ပြောကြားခဲ့သည်ကိုကြား လိုက်ရသည်။ အထက်တွင် တင်ပြခဲ့ သည့်အတိုင်း ဥပဒေကြောင်းအရ စည်း နှောင်မှု (Binding) ဖြစ်သွားလျှင် ငြင်း လို့မရနိုင်တော့သည်ကို သတိပြုစေချင် ပါသည်။ ထို့ပြင် နိုင်ငံတကာမှာလည်း ဒီအတိုင်း ဆောင်ရွက်နေသည်ဟု တစ် ဖက်သတ် ပြော၍မရပေ။ မိမိနိုင်ငံ၏ အခြေအနေနှင့် နိုင်ငံတကာအခြေအနေ မတူညီနိုင်ပါ။ မိမိနိုင်ငံ၏ လက်ရှိအခြေ အနေနှင့်ယှဉ်၍သာ ဥပဒေတစ်ရပ် ပြင် ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်းပြုလုပ်သင့်သည် ဟု ယူဆပါသည်။ ဥပဒေပြဋ္ဌာန်းလို သူများကလည်း ''နိုင်ငံတကာ စံနှုန်း နှင့်အညီ''ဟူ၍ ပြောလေ့ ရှိကြသည်။ ဤစကားမည်သူက စပြောခဲ့သနည်း။ ၂ဝ၁၃ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်ဖြစ်ချိန်တွင် နိုင်ငံသားဥပဒေ ကို နိုင်ငံတကာစံနှုန်းနှင့်အညီ ပြန်လည် သုံးသပ်သင့်ကြောင်းမည်သူပြောခဲ့သနည်း။ ပြန်စဉ်းစားကြည့်စေလိုသည်။ ၂ဝ၁၈ ခုနှစ်တွင် ကိုဖီအာနန်က ၁၉၈၂ နိုင်ငံ သား ဥပဒေသည် နိုင်ငံတကာ စံနှုန်းနှင့် မညီသည့်အတွက် ပြင်ဆင်သင့်ကြောင်း တစ်လေသံတည်း ထွက်ခဲ့သည်ကိုလည်း ပြန်လည်ကြားယောင်စေချင်သည်။ လူဦးရေ များပြားသည့် နိုင်ငံကြီးများ အကြားနေရသည့် မိမိတို့နိုင်ငံအနေဖြင့် တစ်ချက် ကလေးမှားသည်နှင့် ဝါးမျို ခြင်းခံရမည်ကို မမေ့မလျော့ကြရန်နှင့် သေနတ်တစ်ချက် မဖောက်ရဘဲ ကျွန် နိုင်ငံ၊ ကျဆုံးနိုင်ငံအဖြစ် ရောက်သွားနိုင် သည်ကို သတိပြုကြရန် ဖြစ်ပါသည်။ ထို့ကြောင့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ ''ထိုင် နေလျှင် အကောင်းသား၊ ထသွားမှ ကျိုး မှန်းသိ''ဆိုသော စကားအတိုင်း မဖြစ် စေရန် သတိပြုဆင်ခြင်ကြဖို့ ရေးသား တင်ပြလိုက်ရပါသည်။