images
UN
UN
တံလျှပ်ကို ရေထင် ရွှေသမင် အလိုက်မှားနေသော ပညာရေး
အောင်ကြည်ညွန့်(တက္ကသိုလ်) Thursday, 04 July 2019
''တံလျှပ်ကိုရေထင်၊ရွှေသမင်အလိုက် မှား''ဆိုသောစကားရပ်ကို လူတိုင်းလိုလို ကြားဖူးမည်ထင်ပါသည်။ အချို့လည်း တံလျှပ်ကို မြင်ဖူးကြမည် ထင်ပါသည်။ သူ၏ဆိုလိုရင်း အဓိပ္ပာယ်မှာ မရှိသည်ကို အရှိထင်၊ မသိသည်ကိုအသိထင်၍ အထင် မှား၊ အမြင်မှား အယူအဆမှားကို ယုံ ကြည်သက်ဝင်ခြင်းဖြစ် သည်ဟုဆိုလျှင် အနီးစပ်ဆုံးမှန်ကန်မည် ထင်ပါသည်။
တိုင်းနိုင်ငံတစ်ခု၏ အရေးတွင် ''ပညာရေး''၊ ''ကျန်းမာရေး''၊ ''စီး ပွားရေး''၊ ''လူမှုရေး'' စသည်ဖြင့် ''အရေး''များရှိပါသည်။ ထိုအရေးများ ထဲတွင် အချို့ကလည်း ပညာရေးက အရေးကြီးသည်။ ပညာရေးက ပထမဟု ဆိုကြသည်။ အချို့က ကျန်းမာရေးက အဓိကဟု ဆိုကြပါသည်။ မိမိ သန်ရာ သန်ရာ၊ မိမိအယူအဆ၊ မိမိရှုထောင့်ဖြင့် ထင်မြင်ယူဆနေကြခြင်း ဖြစ်ပါသည်။
စာရေးသူသည် ပညာရေးဌာန အငြိမ်းစားဝန်ထမ်း ကျောင်းဆရာဟောင်း ဖြစ်သည့်အတွက် ပညာရေးကို စိတ်ဝင် စားပါသည်။ ပညာရေးသည် ပထမဟု ထင်မြင်ယူဆပါသည်။ ''ပညာမြင့်မှ လူမျိုးတင့်မည်''ဟူသော စကားအမြဲ လိုလို ကြားယောင်နေမိပါသည်။
တိုင်းပြည်၏ ပညာရေးကောင်းမှ တိုင်းပြည်တိုးတက်မည်။ ပညာရေးနိမ့်ကျ လျှင် တိုင်းပြည်နိမ့်ကျမည်ဟုဆိုပါသည်။
ထိုသို့တွေးရင်း ရေကိုပင် အခြား နိုင်ငံက ဝယ်သောက်ရသော ကျွန်းနိုင်ငံ ငယ်လေး စင်ကာပူနိုင်ငံသည် ကမ္ဘာ့ အလယ်တွင် ဝင့်ထည်နေပါသည်။ ပညာ ကြောင့် ဖြစ်ပါသည်။ စင်ကာပူကို တည် ထောင်ခဲ့သော ''လီကွမ်ယု''သည် ပညာရေးသည် ပထမ၊ ပညာရေးသည် ဒုတိယ၊ပညာရေးသည် တတိယဟူသောြေ<ွကးကြော်သံဖြင့် စင်ကာပူကို ကမ္ဘာ့ ထိပ်တန်းစာရင်းဝင်ဖြစ်အောင် ထူထောင် သည့် သာဓက ရှိခဲ့ပါသည်။
စာရေးသူတို့နိုင်ငံတွင်လည်းမိဘတိုင်း က ပညာရေးကို စိတ်ဝင်စားပါသည်။ တရားသည် မတရားသည်မသိ၊ မိမိသား သမီးကောင်းစားရေးကို ဦးတည်ကြပါ သည်။ပညာရေးရင်းနှီးမြှုပ်နှံကြပါသည်။ အချို့မိဘများဆိုလျှင် သိန်းပေါင်း ရာ ထောင်ချီအကုန်ခံ၍ အင်္ဂလန်၊အမေရိကန်၊ သြစတြေးလျ၊ စင်ကာပူနိုင်ငံရှိ ကျောင်း များသို့သားသမီးများကိုအပ်နှံကြပါသည်။
နိုင်ငံခြား တိုင်းပြည်များသို့ မထား နိုင်သော ပြည်တွင်းသူဌေးကုန်သည်ပွဲစား များက ပြည်တွင်းတွင် လာရောက်ဖွင့်လှစ် သော နိုင်ငံခြားကျောင်း(International School) များတွင်ထားကြသည်။
ယခုခေတ်တွင် ကိုယ်ပိုင်ကျောင်းများ ခေတ်စားလာသဖြင့် ကိုယ်ပိုင်ကျောင်း များတွင် နေ့တက်၊ ဘော်ဒါ စသည်ဖြင့် တစ်နှစ်လျှင် သိန်းလေးငါးခြောက်ဆယ် အကုန်ကျခံကာထားကြပါသည်။


အခုကဲ့သို့ မိဘများက ငွေကြေး မြောက်မြားစွာ အကုန်ကျခံ၍ နိုင်ငံခြား ကျောင်း၊ ကိုယ်ပိုင်ကျောင်းများထားကြ ခြင်းမှာ ကလေးများ၊ ဆရာဝန်ဖြစ်ရေး၊ (ဘာသာစုံဂုဏ်ထူးရရေး) ၊ အင်ဂျင်နီယာ ဖြစ်ရေးကိုသာ ရည်မှန်းကြသည်။
စာရေးသူ အလုပ်ထဲရှိစဉ်က တာဝန် အရ(one to ten) ကလေးများကို နိုင်ငံ တော်ကဂုဏ်ပြုပွဲလုပ်ရာတွင် ကလေး အားလုံးလိုလို၊ ကလေးအထူးကုဆရာဝန် ကြီး၊ နှလုံးအထူးကုဆရာဝန်ကြီး၊ မျက်စိ အထူးကုဆရာဝန်ကြီးလုပ်မည်ဟု အင် တာဗျူးတွင် ဖြေကြားသည်ကို သတိပြုမိ ပါသည်။ မိဘများနှင့် သားသမီးများ၊ ဆရာဝန်ချည်းဖြစ်ချင်နေသော ပညာရေး လောကကြီး တစ်ခုခုတော့ မှားနေပြီဖြစ် ကြောင်း သတိပြုမိပါသည်။
ကလေးသူငယ်များကို နိုင်ငံကျော် အဆိုတော်ကြီးကိုအံ့ကြီး သီဆိုသည့် 'လူ ချွန်လူကောင်း'သီချင်းကို ပြန်ဖွင့်ပြချင်ပါ သည်။ ကလေးတွေအနေဖြင့် ကမ္ဘာ့ရေ ကြောင်း သင်္ဘောမောင်းစေချင်ပါသည်။ သိပ္ပံပညာရှင်၊ ဒုံးပျံပညာရှင်၊ ပိုးမွှားဗေဒ ပညာရှင်၊စိုက်ပျိုးရေးပညာရှင်၊ဓာတုဗေဒ၊ ရူပဗေဒပညာရှင်၊ အဏုမြူပညာရှင်၊ ဂီတစာဆို၊ တူရိယာတီးမှုတ်ပညာရှင်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာပညာရှင်၊ ရုပ်ရှင်ပညာရှင်၊ဒဿနိကဗေဒပညာရှင်၊ ရှေ့နေရှေ့ရပ်၊ တရားသူကြီး၊ နိုင်ငံရေး သမားစသည်ဖြင့် ပညာရှင်နေရာအသီး သီးတွင် နေရာယူစေချင်ပါသည်။
စာမေးပွဲဖြေဆိုသူတို့ ခြောက်ဘာ သာဂုဏ်ထူးရ၍ အားလုံးဆရာဝန်ချည်း ဖြစ်လျှင် မခက်ပါလော။ ဝင်ပေါက်တစ် ပေါက်တည်းပြုံတိုးသလိုဖြစ်နေပါမည်။ ဘာသာစုံဂုဏ်ထူးရအောင်၊ ဆရာဝန်ဖြစ် အောင် ကြိုးစားရသည်မှာ မိဘရော ကျောင်းသားပါပင်ပန်းလှပါသည်။
ထိုသို့ ဂုဏ်ထူးများများရရှိရေး၊ သူ များထက်သာရေး၊ ဆရာဝန်၊ အင်ဂျင်နီ ယာဖြစ်ရေးအတွက် မိဘများမှာ သား သမီးများကို နာမည်ကျော်ကျောင်းများမှာ အပ်နှံထားရှိရတော့သည်။ နာမည်ကျော် ကျူရှင်ဆရာများ ငှားရမ်းသင်ကြားရ တော့သည်။ ပါမောက္ခများသင်သော ဝိုင်းဆိုလျှင် ကျူရှင်လခမှာ သိန်းချီနေပါ သည်။ ကျူရှင်ဝိုင်းအမျိုးမျိုး၊ အတန်း အမျိုးမျိုး၊ ဈေးအမျိုးမျိုးရှိပါသည်။ တစ် ယောက်ချင်းသင်သောဝိုင်းလည်း ရှိပါ သည်။ ကျူရှင်ဖိုး၊ ဂိုက်ဆရာဖိုး စသည် ဖြင့် မိဘများမှာ ငွေကြေးအလွန် အကုန် အကျများလှပါသည်။
ယခုအချိန်အခါသည် တက္ကသိုလ်ဝင် တန်း(၁ဝ တန်း)စာမေးပွဲ အောင်စာရင်း ထွက်ပြီးစကာလဖြစ်သဖြင့် ဘာသာစုံ ဂုဏ်ထူးထွက်သူမိဘများ၊သားသမီးများ၊ မျက်နှာပွင့်ကြသော အချိန်ဖြစ်ပါသည်။ နေ့စဉ်ထုတ်သတင်းစာများတွင် မည်သူ့ သားသမီး၊ ဘယ်ကျောင်းက၊ မည်သူ မည်ဝါသည် ဘာသာစုံဂုဏ်ထူး (ခြောက် ဘာသာဂုဏ်ထူး)ထွက်သည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း ကြော်ငြာများကို သတင်းစာ၊ စာမျက်နှာပြည့် ထည့်သွင်း ဖော်ပြနေသည်ကို နေ့စဉ်နှင့်အမျှ တွေ့ရ ပါသည်။
စာရေးသူတို့ငယ်ငယ်က ကြည့်ရှုခဲ့ရ သော ရုပ်ရှင်ဇာတ်ကားအမည် 'ဝမ်းနည်း ရမှာလား၊ ဝမ်းသာရမှာလား'ကို ပြေး၍ သတိရမိသည်။
- ဘယ်ကျောင်းက အောင်ချက် အကောင်းဆုံး ပထမ၊
- ဘယ်ကျောင်းက ဘာသာစုံဂုဏ်ထူး အများဆုံး၊
- ဘယ်ကျောင်းက ဂုဏ်ထူးအထွက် အများဆုံး
စသည်ဖြင့် ဆုပေးပွဲများ ကျင်းပကြပေ ဦးတော့မည်။
ကန့်လန့်ကာနောက်ကွယ်က
အမှန်စင်စစ်အဆိုပါ အောင်ချက် အကောင်းဆုံး ဂုဏ်ထူးအမှတ်အများဆုံး၊ ဘာသာစုံ ဂုဏ်ထူးအများဆုံး ရရှိသည့် ကျောင်းများသည် အဆိုပါ ဆုရရှိသူ ကလေးများကို သင်ရိုးကုန်အောင် လုံးစေ့ ပတ်စေ့ သင်ကြားရခြင်းမရှိပါ။
နာမည်ကြီးကျောင်းများ (အထူး သဖြင့် ရန်ကုန်နှင့် မန္တလေး)တွင် တက် ရောက်နေသော ကျောင်းသား ကျောင်းသူ များသည် အောက်တိုဘာလပြီးလျှင် ကျောင်းမတက်ကြတော့ပါ။ ကျောင်းခေါ် ချိန်ကို ကျောင်းကဆရာ ဆရာမများ ကျောင်းအုပ်တို့နှင့် နားလည်မှု ရယူရ သည်။ အဆင်ပြေပါသည်။
တက္ကသိုလ်ဝင်တန်းကလေးများသည် မိမိတို့၏မိဘများအစီအစဉ်ဖြင့် ပါမောက္ခ ကြီးများသင်သောဝိုင်း (တက္ကသိုလ် ဘာသာရပ်ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိကများ)၊ အထူး တစ်ယောက်ချင်း သင်သောအတန်း၊ ရှယ်ဘော်ဒါ၊ ရှယ် အတန်းစသည်ဖြင့် သင်ကြားပြီး ဂိုက် ဆရာများနှင့်ပါ အနီးကပ် နှုတ်တက် အာဂုံသင်ကြားကြခြင်း ဖြစ်ပါသည်။
တက္ကသိုလ်ဝင်တန်း ကလေးတို့မှာ အောက်တိုဘာလမှ မတ်လ စာမေးပွဲပြီး ဆုံးသည်အထိ ကျောင်းနှင့် အလှမ်းဝေး ကြပါသည်။ ကျူရှင်ဆရာ၊ ဂိုက်ဆရာ နှင့် နပန်းလုံးရင်း ဂုဏ်ထူးတွေရရှိသွား ကြပါသည်။ အများအားဖြင့် အစိုးရ ကျောင်းများမှ တက္ကသိုလ်ဝင်တန်းမှ ဆရာ ဆရာမများ အောက်တိုဘာလမှ မတ်လအထိ အေးအေးဆေးဆေး ယပ်ခတ် နေကြရပါသည်။
သူတို့ပြန်လည်လှုပ်ရှားရသည်က ကျောင်းနှစ်ပတ်လည်ပညာရည်ချွန်ဆုပေးပွဲ များတွင် ဖြစ်ပါသည်။ ဝတ်ကောင်းစား ကောင်းဝတ်၊ စိန်ရွှေရတနာတွေ အပြည့် ဝတ်၊ မိတ်ကပ်အပြတ်ခြယ်သ၊ စုံပဝါ ဘယ်ညာချကာ ပညာရည်ချွန်ဆု (ဂုဏ် ထူးရအောင်သင်ပေးသော ဘာသာရပ် ဆိုင်ရာဆု)ကို ရင်ကော့၍ တက်ရောက် ယူကြပါတော့သည်။
အစိုးရအထက်တန်းကျောင်း အတော် များများမှ ဆရာ ဆရာမများသည် တက္ကသိုလ်ဝင်တန်းတပည့်များကို အောက် တိုဘာလမှ စာမေးပွဲဖြေသည့် မတ်လ အထိ သင်ကြားရခြင်းမရှိသည်ကို ပညာ ရေးလောကကြီးတစ်ခုလုံး သိပါသည်။မသိချင်ယောင် ဆောင်နေကြပါသည်။
မည်မျှ မသိချင်ယောင် ဆောင်ပါ သနည်းဆိုလျှင် ဘာသာရပ်သင် ဆရာ ဆရာမများ၊ ကျောင်းအုပ်များ၊ မြို့နယ် ပညာရေးမှူးများမှသည် အထက်အဆင့် ဆင့် တာဝန်ရှိသူများအထိဖြစ်သည်ဟု ဆိုချင်ပါသည်။
ဤသို့ဖြစ်နေသည်မှာ (၁ဝ)စုနှစ် နှစ်ခု သုံးခုလောက်ရှိပါပြီ။ ပညာရေးဇာတ် မျောကြီးကို ဆယ်မည့်လူမရှိ၊ ကယ်မည့် လူမရှိ ဖြစ်နေပါသည်။
မြန်မာ့ပညာရေး နိမ့်ကျသည်ဟု ပြောနေကြသည်။ အမှန်တကယ်လည်း နိမ့်ကျနေပါသည်။ ပျော့ကွက် ဟာကွက် ကို ထောက်ပြသူ မရှိသလောက် ရှားပါ သည်။ အားလုံးကောင်းပါသည် ခင်ဗျား ဆိုပြီး အဆင့်ဆင့် အလိုက်သင့် ပြောနေ ကြပါသည်။
တံလျှပ်ကို ရေထင်၍ ရွှေသမင် အလိုက်မှားနေသောပညာရေးပါတကား။