images
UN
UN
လေးစားကြည်ညိုရသော ပုဂ္ဂိုလ်တစ်ဦး
ဦးဌေးဝင်း(မင်္ဂလာဗျူဟာ) Wednesday, 10 July 2019
''ကျုပ်ကိုတော့ ခွင့်လွှတ်ကြဗျာ။ လူမမာတစ်ပိုင်းဖြစ်နေလို့''
လွန်ခဲ့သော နှစ် ၃ဝ ကျော်ခန့်ကာလ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ယခု ဒေါ်အောင်ဆန်းစုကြည်နေအိမ်နှင့် ကပ် လျက်ရှိသော ခြံထဲရှိနေအိမ် အောက်ထပ် အိပ်ခန်းတစ်ခုအတွင်း...
စာရေးသူ၊ ဆရာမင်းယုဝေ (ယခု အသက် ၉၁)၊ ဦးချစ်လှိုင် (သံဃာ့ဆေးရုံ နာယကကြီး၊ ယခုကွယ်လွန်) တို့ကို အိပ်ရာပေါ်မှ ဆီးကြိုစကားဆိုလိုက်သူ မှာ ဦးအောင်သိမ်း (အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး (ရေ) မင်္ဂလာဗျူဟာ အသင်း ဥက္ကဋ္ဌကြီး) ဖြစ်သည်။
အသက် (၆ဝ) ခန့်ရှိပြီဖြစ်သော ထိုပုဂ္ဂိုလ်မှာ အမှန်ပင် လူမမာရုပ်ပေါက် နေသည်။ဆေးရုံမှ နှလုံးရောဂါကုသခံပြီး ဆင်းလာခါစဖြစ်ကြောင်း သိရသည်။
စာရေးသူတို့ ရောက်လာသောကိစ္စ မှာ မင်္ဂလာဗျူဟာအသင်းကို ကိုယ်စားပြု ၍ ဘာသာရေးစာစောင်တစ်စောင် ထုတ် ဝေရန်ကိစ္စဖြစ်သည်။ စာရေးသူ့အဖို့ မင်္ဂလာဗျူဟာအသင်းဥက္ကဋ္ဌဆိုသူကို ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်သည်။ သူသည် အခန်းအတွင်း၌ အသက်အကြီး ဆုံးဖြစ်သော်လည်း အားလုံးကို လေး လေးစားစား စကားပြောသည်။ စာစောင် ထုတ်ဝေရေးကိစ္စကို တိုင်ပင်ကြစဉ် သူ့ ကိုယ်သူ လူမမာအဖြစ်မှ မေ့နေပုံရသည်။ စိတ်အားထက်သန်စွာဖြင့် ဆွေးနွေး သည်။ ထိုဆွေးနွေးပွဲမှ နောင်သောအခါ 'မြတ်မင်္ဂလာ' အမည်ဖြင့် ဘာသာရေး စာစောင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အမှုဆောင်တာဝန်ပေးခြင်း
ထိုနေ့ နောက်ပိုင်း စာရေးသူသည် ဥက္ကဋ္ဌကြီး ဦးအောင်သိမ်းအိမ်သို့ မကြာ ခဏသွားရောက်ပြီး စာစောင်ထုတ်ဝေရေး ကိစ္စများဆောင်ရွက်ရသည်။ ရောက်တိုင်း ဥက္ကဋ္ဌကြီးကတော် ကြီးကြီး ဒေါ်ညွန့်မေ က စားစရာတစ်ခုခုကျွေးသည်။ ဖွယ် ဖွယ်ရာရာလုပ်ကျွေးခြင်းဖြစ်သည်။ စား၍ လည်း ကောင်းလှသည်ကို ယနေ့တိုင် အမှတ်ရနေသည်။
ဥက္ကဋ္ဌကြီးသည် တစ်လခန့်အကြာ ထူထူထောင်ထောင် ဖြစ်လာသောအခါ မင်္ဂလာဗျူဟာအသင်းချုပ်သို့ ခေါ်သွား သည်။ အမှုဆောင်များနှင့်မိတ်ဆက်ပေး သည်။ စာရေးသူနှင့် ဆရာမင်းယုဝေ တို့ကို အသင်းအမှုဆောင်အဖြစ် တာဝန် ပေးပြီး အမှုဆောင်အဖွဲ့ အစည်းအဝေး သို့ တက်စေသည်။ ဆုပေးပွဲအခမ်းအနား တွင် ဆုရသင်တန်းသားများအား ဆုချီး မြှင့်ခိုင်းသည်။ ထိုအချိန်မှစ၍ စာရေး သူသည် မင်္ဂလာဗျူဟာ အသင်းချုပ်တွင် အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်မှာ ၃၃ နှစ်ပြည့်ခဲ့ပြီဖြစ်၍ ဆရာမင်းယုဝေ သည်လည်း အသက်ကြီးရင့်ပြီဖြစ်ရာ မင်္ဂလာဗျူဟာအသင်းချုပ် နာယကကြီး တစ်ဦးအဖြစ်ဆောင်ရွက်နေရပြီဖြစ်သည်။ မင်္ဂလာဗျူဟာအသင်းချုပ်တွင် အမှုဆောင် အဖြစ် ကုသိုလ်ရေးလုပ်ငန်းများကို ကာလ ရှည်စွာ ယနေ့တိုင်လုပ်ကိုင်ခွင့်ရနေသည် မှာ အဆိုပါပုဂ္ဂိုလ်ကြီး၏ ကျေးဇူးကြောင့် ပင်ဖြစ်ပါသည်။


ကယ်တင်ရှင်
စာရေးသူနှင့် ဆရာမင်းယုဝေတို့ မြတ်မင်္ဂလာစာစောင် ထုတ်ဝေ၍ တစ်နှစ် ခန့်အကြာတွင် အရင်းပြုတ်သွားသည်။ စာစောင်၏ အခြေအနေမှာ အောင်မြင်စ ပြုနေပြီဖြစ်သည်။ ဤသို့ဖြင့် ငွေရင်း အတွက် ငွေလိုက်ချေးကြသည်။ ဘယ်မှာ မျှ မရခဲ့ချေ။
ထိုစဉ်ကယ်တင်ရှင်အဖြစ် ပေါ်လာ သူကား ဥက္ကဋ္ဌကြီးပင်တည်း။ လိုသမျှ ငွေထုတ်ပေးသည်။ သို့ဖြင့် စာစောင်ကို ဆက်ထုတ်နိုင်ပြီး အောင်မြင်မှုရခဲ့သည်။ ယနေ့တိုင်ရပ်တည်နိုင်ခဲ့သည်။ ဥက္ကဋ္ဌ ကြီး၏ ကျေးဇူးပေတည်း။
ကားဝယ်ပေးခြင်း
'မြတ်မင်္ဂလာ'စာစောင်ကို ထုတ်ဝေ ပြီး နှစ်နှစ်ခန့်အကြာ တစ်နေ့တွင် ဥက္ကဋ္ဌ ကြီးဦးအောင်သိမ်း၏ နေအိမ်သို့ စာစောင် ကိစ္စဖြင့်ရောက်သွားသည်။ကားတိုးစီးရ၊ လမ်းလျှောက်ရသဖြင့် ချွေးပြန်လျက်ရှိရာ ဧည့်ခန်းတွင် ထိုင်စောင့်ရင်း လက်ကိုင် ပဝါဖြင့် ချွေးသုတ်နေသည်။ ထိုစဉ် ဥက္ကဋ္ဌကြီး ဧည့်ခန်းသို့ ဝင်လာသည်။ စာရေးသူကိုကြည့်ပြီး ''ကိုဌေးဝင်း ပိုက် ဆံစုထားတာ ဘယ်လောက်ရှိပြီလဲ''ဟု ဆိုင်းမဆင့်ဗုံမဆင့် မေးသည်။ ထိုအခါ အမှန်အတိုင်း ဖြေလိုက်သည်။
''စာရေးသူ မသိပါဘူး။ မအိကို မေးကြည့်မှသိမယ်''
''ကားရှိရင်အဆင်ပြေတာပေါ့။ ကား တစ်စီးဝယ်ကွာ၊ လိုတဲ့ပိုက်ဆံ ကျုပ်စိုက် ထားပေးမယ်၊ နောက်မှ တဖြည်းဖြည်း ပြန်ဆပ်ပေါ့''
ဤသို့ဖြင့် စာရေးသူသည် 'ပတ်ဘ လစ်ကာ' နောက်ဖွင့်ကားလေးတစ်စီး ဝယ်ဖြစ်သည်။ အန်ကယ်ကြီး(စာရေးသူ က ဥက္ကဋ္ဌကြီးကို အန်ကယ်ကြီးဟုခေါ် သည်)က တစ်သိန်းခွဲစိုက်ပေးခြင်းဖြစ် သည်။ ကားရှိ၍ အဆင်ပြေလှသည်။ ကားမောင်းလည်း သင်လိုက်သည်။
ပိုက်ဆံတစ်သိန်းခွဲထုတ်ပေးသော အခါ စာရေးသူက စာရွက်တစ်ရွက်တွင် ငွေတစ်သိန်းခွဲ ချေးယူထားကြောင်း ရေး ပြီးအန်ကယ်ကြီးကိုပေးသည်။ ထိုအခါ ထိုစာရွက်ကိုဖတ်ကြည့်ပြီး ပြန်ပေးသည်။
''မောင်ရင်ပိုက်ဆံ ပြန်မပေးလည်း ကျုပ်က တရားစွဲမှာမဟုတ်လို့ ပြန်ယူ ထားပါ။ ကျုပ်သိမ်းထားရမှာ အလုပ် ရှုပ်ပါတယ်''ဟု ပြောသည်။
နောင်သောအခါ စာရေးသူနည်းတူ အငှားယာဉ်မောင်းသူတစ်ဦးကိုလည်း အန်ကယ်ကြီးက ကားဝယ်ပေးကြောင်း သိရသည်။ ထိုသူသည် ကားဖိုးငွေကို ထက်ဝက်ခန့်သာဆပ်ပြီး နောက်ပိုင်းလုံးဝ အတွေ့မခံတော့ကြောင်း ကြားသိရ သည်။ ထိုအကြောင်းကို စာရေးသူသည် အန်ကယ်ကြီးကို မေးကြည့်သောအခါ ထွေထွေထူးထူးမပြောပါ။
''ဒါကတော့ သူ့အကြောင်းပေါ့ကွာ။ ဘယ်လိုမှသဘောမထားပါဘူး။ နဂိုက တည်းက စိတ်ကပြတ်ပြီးသားပါ''ဟု ပြန်ဖြေခဲ့သည်။
ဝီရိယကောင်းသူ
အန်ကယ်ကြီးဦးအောင်သိမ်းသည် ဝီရိယကောင်းသူလည်းဖြစ်သည်။ သူ့ထံ သွားတိုင်း အလုပ်တစ်ခုခုလုပ်နေကြောင်း တွေ့ရသည်။ အထူးသဖြင့်စာရေးနေ တတ်သည်။ 'မြတ်မင်္ဂလာစာစောင်'နှင့် 'မင်္ဂလာမောင်မယ်စာစောင်'တို့တွင်လည်း ဆောင်းပါးများရေးသည်။

အန်ကယ်ကြီးသည် ပိဋကဗျူဟာ အဖွဲ့တွင်လည်း ဥက္ကဋ္ဌဖြစ်ရာ စာရေးသူ ကို ဘဏ္ဍာရေးမှူးလုပ်ခိုင်းသည်။ မငြင်း သာသဖြင့် ဘဏ္ဍာရေးမှူးလုပ်ခဲ့ရသည် မှာ ယနေ့တိုင်ဖြစ်သည်။ ပိဋကဗျူဟာ အဖွဲ့၏ စာအုပ်ထုတ်ဝေရေးလုပ်ငန်းများ အတွက် အန်ကယ်ကြီးနှင့်အတူတွဲ၍ ဆောင်ရွက်ရသည်။
တစ်နေ့တွင် စာမူကြီးတစ်ခုကို စာရေးသူကိုပေးပြီး
''အဲဒါဖတ်ကြည့်ဗျာ။ ပိဋကဗျူဟာ ကနေ စာအုပ်ထုတ်ရအောင်''ဟု ပြော သည်။
ဖတ်ကြည့်သောအခါ စစ်ကိုင်း တောင်ရိုး ပဋ္ဌာန်းသိပ္ပံဆရာတော်၏ 'ပဋ္ဌာန်းသိပ္ပံကျမ်း'ဖြစ်နေသည်။ လက် ရေးမှာ အန်ကယ်ကြီး၏ လက်ရေးဖြစ် နေသည်။
'ဒီစာမူကအန်ကယ်ကြီးလက်ရေး ပါလား'ဟု မေးလိုက်မိသည်။
ဟုတ်တယ်။ ဆရာတော်ရဲ့ဟော ကြားချက်တွေကို တိပ်ခွေကြီးတွေနဲ့ ဖမ်းထားတာကို ကျုပ်ကတိပ်ခွေနား ထောင်ပြီး လက်ရေးနဲ့လိုက်ရေးထားတာ။
အန်ကယ်ကြီးအဖြေကြောင့် အံ့သြ မိသည်။ အန်ကယ်ကြီး၏ လုံ့လဝီရိယနှင့် သဒ္ဓါတရားကိုလည်း အလွန်လေးစားမိ သည်။
ဤသို့ဖြင့်ထိုစာအုပ်သည် ပိဋကဗျူ ဟာအဖွဲ့၏ ကျမ်းစာအုပ်တစ်အုပ်အဖြစ် ထွက်ပေါ်ခဲ့သည်။ ယနေ့ထိသုံးကြိမ်တိုင် ပြန်၍ပုံနှိပ်ရသည်။ ပဋ္ဌာန်းတရားတော် နှင့်ပတ်သက်၍ အဖိုးတန်ကျမ်းစာအုပ် တစ်အုပ်ပင်ဖြစ်သည်။
အန်ကယ်ကြီးသည် အမရပူရတောင် မြို့ မဟာဂန္ဓာရုံဆရာတော်၏ကျမ်းစာများ ကိုလည်း ပုံနှိပ်ထုတ်ဝေရန်ကြိုးပမ်းဆောင် ရွက်ခဲ့သူဖြစ်ကြောင်း သိရသည်။ ယနေ့ အကြိမ်ကြိမ်ပုံနှိပ်နေရသော တောင်မြို့ ဆရာတော် အရှင်ဇနကာဘိဝံသ၏ ကျမ်း စာအုပ်များကို ပထမအကြိမ်စာအုပ်ဖြစ် လာအောင်ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်သည်။
တောင်မြို့မဟာဂန္ဓာရုံဆရာတော် ကြီးသည် အချို့ကျမ်းစာအုပ်များကို အန်ကယ်ကြီးအိမ်တွင် သီတင်းသုံးရင်း ရေးသားခဲ့ကြောင်း သိရသည်။ အန်ကယ် ကြီး၏အိမ်အနီး အင်းယားကန်စောင်းတွင် တစ်ပါးနေကျောင်းဆောင်လေးနှင့် ဆရာ တော်ကြီးမတ်တတ်ရပ်၍ စာရေးသော မတ်တတ်စားပွဲတို့ကိုလည်း တွေ့ခဲ့ရ သည်။
စည်းစနစ်ကျသူ
တစ်နေ့တွင်အန်ကယ်ကြီးသည် စာ တစ်စောင်ရေးပြီးသည်နှင့် စာရေးသူ ရှေ့မှာပင် ထိုစာကိုထည့်ရန် စာအိတ် အဟောင်းတစ်လုံးကိုပြောင်းပြန်လှန်လိုက် သည်။ထိုပြောင်းပြန်လှန်ထားသော စာ အိတ်ပေါ်တွင် လိပ်စာရေးပြီး စာထည့် လိုက်သည်။စာရေးသူသည် အန်ကယ်ကြီး လုပ်နေပုံကိုကြည့်ပြီး အံ့သြသွားသည်။
အန်ကယ်ကြီးသည် အလှူအတန်း ရက်ရောသူဖြစ်ကြောင်း ကိုယ်တွေ့ဖြစ် သည်။အသင်းလိုအပ်ချက်မှန်သမျှ မတွန့် မတိုအမြဲလှူနေသူဖြစ်သည်။ အခြား ဘာသာရေးကိစ္စများတွင်လည်း လက် မနှေးလှူနေသူဖြစ်သည်။ ယခုလိုစာအိတ် အဟောင်းကို ပြောင်းပြန်လှန်သုံးနေပုံကို တွေ့ရသဖြင့် စာရေးသူအံ့သြမိသည်။
စာရေးသူ့ကို အကဲခတ်မိပုံရသော အန်ကယ်ကြီးက 'ပစ္စည်းကိုအလေ အလွင့်မရှိအောင်သုံးတတ်ရတယ်ကွ၊ ဒါ ကပ်စေးနှဲတာမဟုတ်ဘူး၊ စနစ်တကျ သုံးတာ'ဟု ပြောလိုက်သည်။
အန်ကယ်ကြီးသည် စာရွက်တစ်ဖက် လွတ်များကိုပြန်သုံးသည်။ သုံး၍ရေး ၍ရသောအပိုင်းအစမှအစ ပြန်သုံးသည်။ အလေအလွင့်အဖြစ်မခံ။ စာရေးသူသည် နှစ်များစွာအန်ကယ်ကြီးနှင့် အနီးကပ်နေ ခဲ့သူဖြစ်ရာ သူ၏စည်းစနစ်ကျမှုမှာ စာ ရေးသူထံ ကူးစက်ခဲ့သည်။ သုံး၍ရသမျှ ပြန်သုံးသည်။ သုံး၍မရတော့သောအခါ မှသာ စွန့်ပစ်သောအလေ့အကျင့်ကောင်း ကိုရခဲ့သည်။
မသိသူများက ကပ်စေးနှဲသည်ဟု ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း အကြောင်းသိသူများကမူ သဘောပေါက် ကြသည်။ အကြောင်းမူ အန်ကယ်ကြီး ပေးခဲ့သော အကျင့်ကောင်းတစ်ခုအဖြစ် လှူသင့်လှူထိုက်သောနေရာများတွင် လက်မနှေး နောက်မတွန့်ဘဲလှူသည်။ ပေးကမ်းတတ်သော အလေ့အကျင့်ကို စာရေးသူရထားသောကြောင့်ပင်တည်း။
သည်းခံတတ်သူ
အန်ကယ်ကြီးကား သည်းခံတတ်သူ၊ တစ်နည်းအားဖြင့် သဘောထားကြီးသူ ဖြစ်သည်။ အသင်းကိစ္စများတွင် သဘော ထားမတိုက်ဆိုင်မှုရှိလျှင် စိတ်ရှည်ရှည် ဖြင့်သည်းခံဖြေရှင်းပေးသူဖြစ်သည်။ စိတ် ဆိုးသည်ဟူ၍တစ်ကြိမ်မျှမတွေ့ခဲ့ရဖူးချေ။
တစ်ခါတစ်ရံနောက်ကွယ်တွင် အန် ကယ်ကြီးအပေါ် အထင်အမြင်လွဲ၍ မကောင်းပြောခံရမှုများကိုလည်း ကြုံရ တတ်လေသည်။အန်ကယ်ကြီးကားအပြုံး မပျက်ချေ။ သည်းခံခွင့်လွှတ်တတ်သူ ပင်တည်း။ ''နောက်တော့ အမှန်အတိုင်း သိသွားရင် သဘောပေါက်သွားမှာပါ'' ဟု စာရေးသူ့ကို ပြောဖူးသည်။