images
UN
UN
နေပြည်တော်မှ ဗစ်တိုးရီးယားလေးအမှုအကြောင်း လူမှုကွန်ရက်တွင်ရေးသားနေသူအား ရဲတပ်ဖွဲ့မှတရားစွဲ သိန်း ၁ဝဝ အာမခံဖြင့်လွှတ်ပေး
တင်တင်အေး Wednesday, 10 July 2019
ပြီးခဲ့သည့် မေလ အလယ်ပိုင်းက နေပြည်တော် သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်းတွင် သက်ငယ်မုဒိမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး ပြည်သူအများက ဗစ်တိုးရီးယားလေးအမှုဟု လူသိများနေသောအမှု အကြောင်းကို လူမှုကွန်ရက်တွင်ပုံမှန်ရေးသားနေသူ သက္ကမိုးညို အကောင့် ပိုင်ရှင်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားစွဲအမှု ဖွင့်ခဲ့ပြီး လက်ရှိအချိန်တွင် ကျပ် သိန်း ၁ဝဝ အာမခံဖြင့်လွှတ်ပေးထားကြောင်း အမှုဖွင့်တိုင်ကြားမှုကို လက်ခံဆောင်ရွက်နေသော ပြည်ထောင်စုနယ်မြေ ပျဉ်းမနား မြို့မရဲစခန်း မှ စခန်းမှူး၏ ပြောကြားချက်အရ သိရသည်။
ပျဉ်းမနား မြို့မရဲစခန်း စခန်းမှူး ဒုတိယရဲမှူး အောင်နိုင်ဦးက ''ဒေါက်တာဝင်းကိုကိုသိန်းက အင်တာနက်လူမှုကွန်ရက်ကနေပြီး သက္က မိုးညိုဆိုတဲ့အကောင့်နဲ့ ဗစ်တိုးရီးယား အဓမ္မပြုကျင့်ခံရတာနဲ့ ပတ်သက်ပြီး တော့အကောင့်ကနေ တင်တဲ့အချိန်မှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေတဲ့အတွက် ကျွန်တော်တို့ကနေပြီးတော့အီလက်ထရွန်နစ် ဆက် သွယ်ရေး ဥပဒေ ပုဒ်မ ၃၄(ဃ)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်တာ ဖြစ်ပါတယ်။ သိန်း ၅ဝ တန်ခံဝန်နှစ်ဦးနဲ့ ကျပ် သိန်း ၁ဝဝ နဲ့ ခံဝန် ပေးပြီးလွှတ်ထားပါတယ်။ အာမခံပေးခဲ့ပါတယ်။ အထက်ဌာနရဲ့ ညွှန် ကြားချက်ပါ''ဟု ယနေ့ အတည်ပြုပြောကြားခဲ့သည်။
ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်က တရားလိုပြုလုပ် ကာ သက္ကမိုးညိုအကောင့်ပိုင်ရှင်ကို ယမန်နေ့ညပိုင်းက အမှုဖွင့် တိုင် ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ တရားစွဲဆို အမှုဖွင့်ခံရသည့်အပေါ် ဆက်လက်လုပ် ဆောင်သွားမည့်ကိစ္စနှင့် ပတ်သက်ပြီး သက္ကမိုးညို အကောင့်ပိုင်ရှင်က ''ကျွန်တော်က ဆက်သွားမှာပါ။ ဆက်သွားမယ်ဆိုတာ ခုနက ပြော သလို ကျွန်တော်ရေးခဲ့တာ မှန်သမျှသည် သက်သေအထောက်အထား ပြနိုင်တာရှိတယ်။ သက်သေအထောက်အထားနဲ့ရေးခဲ့တဲ့အတွက်ကြောင့် ရှေ့ဆက်လည်း ဒီလိုပဲ ဆက်သွားမှာဖြစ်ပါတယ်''ဟု ပြောသည်။
ယခု အမှုဖွင့်လိုက်သော အီလက်ထရွန်နစ် ဥပဒေပုဒ်မ ၃၄ (ဃ)တွင် ''အဖွဲ့အစည်းတစ်ခု(သို့မဟုတ်)ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်ဖြစ် စေ၊ဂုဏ်သိက္ခာကျဆင်းစေရန်ဖြစ်စေ၊သတင်းအချက်အလက်နှင့်အီလက် ထရွန်နစ်နည်းပညာဖြင့်ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း(သို့မဟုတ်)ပြောင်းလဲခြင်း (သို့မဟုတ်) ပြောင်းလဲခြင်း ပြုလုပ်ထားသည့်အချက်ကို ဖြန့်ချိခြင်းတို့ကို ပြုလုပ်ပါက ငွေကျပ် ၁ဝသိန်းမှ ငွေကျပ်သိန်း ၁ဝဝ အထိ ဒဏ်ငွေပေး ဆောင်ရမည်ဖြစ်ပြီး ဒဏ်ငွေမပေးဆောင်ပါက ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ခံရမည်''ဟု ပြဋ္ဌာန်းထားသည်။