images
UN
UN
ပြည်သူများ၏ နေ့စဉ်ဘဝတွင် စိတ်ဖိစီးမှုဖြစ်ပေါ်နိုင်သည့် မီတာခတိုးမြှင့်ကောက်ခံခြင်းကို ဆိုင်းငံ့ထားရန်အရေးကြီးအဆို လွှတ်တော်ကပယ်ချခံရ
တင်တင်အေး Tuesday, 16 July 2019
လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမည်ဟု အစိုးရက ကြေညာပြီး သည့်နောက် တစ်နိုင်ငံလုံးတွင် နေရာအများအပြား၌ ဆန္ဒဖော်ထုတ် မှုများ ဖြစ်ပေါ်နေပြီး ပြည်သူများ၏ နေ့စဉ်ဘဝတွင် စိတ်ဖိစီးမှု ဖြစ်ပေါ်နိုင်သဖြင့် မီတာခတိုးမြှင့်ကောက်ခံခြင်းကို ဆိုင်းငံ့ထားရန် အစိုးရအား တိုက်တွန်းကြောင်း၊ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ တင်သွင်းခဲ့ရာ လွှတ်တော်က တင်သွင်းခွင့် မပြုဘဲ ပယ်ချခဲ့ကြောင်း၊ အဆိုတင်သွင်းရန် စာတင်ခဲ့သော မိတ္ထီလာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း က ပြောသည်။
ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် ကျင်းပ သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့အစီအစဉ်အပြီးတွင် မီဒီယာများ နှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။
''မဖြစ်မနေ ပြည်သူတိုင်းထမ်းဆောင် ရမယ့်အခွန်အကောက်တွေ များနေတဲ့အချိန် မီတာခပါ ထပ်တက်လာရင် ကုန်ဈေးနှုန်း လည်း ကြီးမယ်။ ဒါကြောင့်မို့လို့ ပြည်သူ တွေ နေ့စဉ်ဘဝမှာ သောကတွေဖြစ်နိုင်တဲ့ အတွက် ဆိုင်းငံ့ပေးပါရန်ဆိုပြီး တင်သွင်း လိုက်တယ်။ အဲဒီ တင်သွင်းလိုက်တာကို ပယ်ချလိုက်တယ်''ဟု ပြောကြားခဲ့သည်။
ယင်းအဆိုကို လွှတ်တော်နည်းဥပဒေ ပုဒ်မ ၁၆၃(က) ၂ အရ အရေးကြီးအဆို သည် လောလောဆယ် ဖြစ်ပေါ်နေသော ကိစ္စလည်းဖြစ်၍ အများပြည်သူနှင့် အရေး တကြီးသက်ဆိုင်သော ကိစ္စလည်းဖြစ်ပြီး လျှင် လွှတ်တော်၏ဆုံးဖြတ်ချက်ကိုရယူရန် လိုအပ်သောကိစ္စလည်းဖြစ်ရမည် ဟူသော ပြဋ္ဌာန်းချက်နှင့်အညီ တင်သွင်းရန် စီစဉ် ရခြင်းဖြစ်ပြီး လွှတ်တော်မှာ တင်သွင်း ဆွေးနွေးဆုံးဖြတ်ရန်လိုသည့်ကိစ္စမဟုတ် ဟူသော အကြောင်းပြချက်ဖြင့် လွှတ်တော် သို့ တင်သွင်းခွင့်ကို ပယ်ချခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အရေးကြီးအဆိုတင်သွင်းရန် ကြိုးစား ခဲ့သော ဒေါက်တာမောင်သင်း အနေဖြင့် ယင်းအဆိုကို တင်သွင်းရန် စီစဉ်ရခြင်းနှင့် ပတ်သက်ပြီး ''အခုအချိန်မှာ ပြည်သူ တွေရဲ့လက်တွေ့ဘဝတွေဟာနှစ်စဉ်မြင့်မား လာနေတဲ့ ကုန်ဈေးနှုန်း၊ များပြားလွန်းနေ တဲ့ နိုင်ငံရဲ့ဘတ်ဂျက်လိုငွေကြောင့် တိုးမြှင့် ကောက်ခံလာတဲ့ အခွန်အခတွေ၊ အမြင့်မား ဆုံးဖြစ်နေတဲ့ ဒေါ်လာဈေးတွေ၊ ရွှေဈေး တွေ၊ စက်သုံးဆီဈေးတွေဒါတွေကို ခါးသီး စွာ ခံစားနေရပါတယ်။ ဒီလိုအချိန်မှာ လျှပ်စစ်ဓာတ်အားခကို မြှင့်တင်လိုက်မယ် ဆိုရင် ကုန်ဈေးနှုန်းတွေ ထပ်မြင့်လာနိုင်ပြီး ငွေကြေးဖောင်းပွမှုနှုန်းလည်း ပိုမိုမြင့်မား လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန် ထားတာကိုသတိပြုသင့်ပါတယ်။ လျှပ်စစ် မီးလင်းရေးကို ဆောင်ရွက်တဲ့အခါမှာ လည်း အစိုးရက အားလုံးကို အကုန်အကျ ခံတာမဟုတ်ပါဘူး။
ရွာထိပ်ကိုပဲရောက် တာ ရွာထဲကိုကျတော့ ရွာက အကုန်အကျ ခံရတာ အဲဒီတော့ မီတာခတိုးကောက် လိုက်တာဟာ ဆင်းရဲတဲ့ကျေးလက်နေသူ တွေကို ချစ်ရာမရောက်ဘဲ ပိုနှစ်ရာရောက် သွားနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ၄င်းက ''ပထမအကြိမ်လွှတ် တော်သက်တမ်းတုန်းက ဓာတ်အားခနှုန်း ထား ပြင်ဆင်ကောက်ခံမယ်လို့ လွှတ်တော် ထဲမှာ ဆွေးနွေးကြတုန်းက လွှတ်တော် ကိုယ်စားလှယ်တချို့က အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီးလွှတ်တော်အစည်းအဝေး ပြီးချိန်မှာ ကိုယ်စားလှယ်တချို့က အခြေခံ ဥပဒေပြင်ဆင်ရေးလို တခြားအရေးကြီး တဲ့ကိစ္စတွေ ရှိနေတဲ့ အခုလိုအချိန်မျိုးမှာ အာရုံပြောင်းတဲ့သဘောလား၊ ဒါမှမဟုတ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးတဲ့ လုပ်ငန်းတွေ မှာ နောင်ဝင်လာမယ့်ကုမ္ပဏီတွေရဲ့ အကျိုး စီးပွားအပေါ် ကာကွယ်ချင်လို့လား ဆိုတဲ့ မေးစရာတွေ ရှိလာပါတယ်လို့ ၂ဝ၁၄ ခုနှစ် မတ် ၁၉ ရက်မှာ မီဒီယာတွေကို ပြောကြားခဲ့ကြပြီး ပြင်းပြင်းထန်ထန်ဝေဖန် ခဲ့ကြပါတယ်။ ဒါကြောင့် အခုလည်း နိုင်ငံ တစ်ဝန်းမှာ ပြောစရာဖြစ်နေတဲ့ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ကျော်လွန်တဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို အာရုံလွှဲချင်တဲ့သဘောလားလို့ ပြည်သူအကြားမှာ သံသယမေးခွန်းတွေ လည်း ပေါ်ထွန်းလာနိုင်ပါတယ်''ဟု ပြော ကြားခဲ့သည်။
ဆက်လက်ပြီး ၄င်းက ''အခု တိုးမြှင့် ကောက်ခံလိုက်တဲ့ မီတာခဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် နိမ့်ကျသေး တယ်လို့ ပြောဆိုနေတဲ့ပုဂ္ဂိုလ်တွေ ရှိပါ တယ်။ မှန်ပါတယ် ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက လူတစ်ဦးချင်းဝင်ငွေချင်း နှိုင်းယှဉ်ကြည့်ရင် တခြားနိုင်ငံထက်နိမ့်ကျ နေတာကို တွေ့ရမှာဖြစ်ပါတယ်''ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။
ယခု တိုးမြှင့်ကောက်ခံမည့် မီတာခ နှုန်းထားအသစ်အရ ယူနစ် ၁ဝဝ အထိ အိမ်သုံးမီတာအသုံးပြုသော မိသားစုသည် တစ်လလျှင် ကျပ် ၁ဝဝ၅ဝ ပိုမိုပေးဆောင် ရမည်ဖြစ်ပြီး စက်သုံးမီတာအသုံးပြုသော စီးပွားရေးလုပ်ငန်းများသည် ယူနစ် ၂ဝဝ အထိကို တစ်လလျှင် ကျပ် ၁ဝဝဝဝ ပိုမို ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ အရေးကြီးအဆိုကို လွှတ် တော်တွင် တင်သွင်းရန် ပယ်ချခံရသည့် အတွက် နည်းလမ်းကျ မကျ လွှတ်တော် အခွင့်အရေးကော်မတီကို ပြန်လည်မေးမြန်း သွားမည်ဖြစ်ကြောင်းဒေါက်တာမောင်သင်း က ပြောသည်။