images
UN
UN
ဥပဒေပြုတဲ့အခါမှာ ဥပဒေက ခွင့်ပြုထားတဲ့အချက်များနဲ့ ဘောင်ကျော်လို့မရပါဘူး နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုထိပါးလာခဲ့ရင် ကျွန်တော်တို့မှာတာဝန်ရှိလာမှာဖြစ်ပါတယ်
Wednesday, 31 July 2019


ကျွန်တော့်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂ဝဝ၈ ခုနှစ်) ပြင်ဆင်ပူးပေါင်း ရေးကော်မတီ၏ အစီရင်ခံစာနှင့် စပ် လျဉ်း၍ ဆွေးနွေးအကြံပြု သုံးသပ်တင်ပြ သွားမှာ ဖြစ်ပါတယ်။
လေးစားအပ်တဲ့နာယကကြီးခင်ဗျား
ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၁(က)မှာ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မ သုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်။ ၁၁(ခ)မှာ ထိုသို့ ပိုင်းခြားထားသည့် အာဏာသုံးရပ် ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းသည်ဟု ဆိုထားပါတယ်။ ၁၂(က)မှာ နိုင်ငံတော် ၏ ဥပဒေပြုအာဏာကို ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေ အပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ဤဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သတ်မှတ်ထားသော ဥပဒေ ပြုရေးအာဏာကို ခွဲဝေအပ်နှင်းသည်ဟု ပြဆိုထားရာ ဥပဒေပြုရေး အာဏာကို အမြင့်ဆုံး ဆောင်ရွက်ခွင့်ရှိတဲ့ ကျွန်တော် တို့ ပြည်ထောင်စုလွှတ်တော်ကြီးက ဥပဒေပြုတဲ့အခါမှာ ဥပဒေက ခွင့်ပြု ထားတဲ့အချက်များနဲ့ ဘောင်ကျော်လို့ မရပါဘူး၊ ဘောင်ကျော်ခဲ့ရင်၊ နိုင်ငံတော် ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာ ခဲ့ရင် ကျွန်တော်တို့မှာ တာဝန်ရှိလာမှာ ဖြစ်ပါတယ်။ လွှတ်တော်များဟာ တည်ဆဲ ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း၊ ရုပ်သိမ်းခြင်းများကို လုပ် ပိုင်ခွင့်များရရှိပြီးဖြစ်ကာ ဥပဒေတစ်ရပ် အတည်မပြုမချင်း တည်ဆဲဥပဒေများကို လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတိုင်းရဲ့ အထွတ်အမြတ် တစ်ခုပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ဟာ ယခုဆိုရင် ၁၁ နှစ်မြောက်ရှိနေပြီး ပထမအစိုးရသက်တမ်းမှာ ငါးနှစ်၊ ယခု ဒုတိယအစိုးရသက်တမ်းမှာ သုံးနှစ်ကျော် ခဲ့ပါပြီ၊ ပြင်သင့် ပြင်ထိုက်တဲ့အပိုင်းကို ပြင်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ဖွဲ့စည်းပုံဥပဒေ ပြင်ဆင် ရေးကို ကြိုဆိုပါတယ်။ ထောက်ခံပါ တယ်။ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော် သက်တမ်းမှာလည်း ပြည်ထောင်စု မြန် မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂ဝ၁၅ ခုနှစ်၊ ပြည် ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၅) ဖြင့် ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။
လေးစားအပ်တဲ့နာယကကြီးခင်ဗျား
ယခုဆောင်ရွက်မည့် ပူးပေါင်းကော် မတီရဲ့အစီရင်ခံစာဟာ (၂ဝဝ၈)ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အခန်း(၁၂)မှာပါတဲ့ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ အရ ပြင်ဆင်ဆောင်ရွက်ခြင်းမဟုတ်ဘဲ၊ အရပ် ထဲက စတစ်ကာကမ်ပိန်းအပေါ် အရေး ကြီးအဆိုတင်သွင်းပြီး ပူးပေါင်းကော်မတီ ဖွဲ့စည်းကာ ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက် အစကတည်းက ကျွန်တော်တို့ သဘော မတူကြောင်း ကန့်ကွက်ခဲ့ပါတယ်။
ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် နေ့စွဲဖြင့် လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက လက်မှတ်ရေးထိုး၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းအား ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၂၊ ပုဒ်မ ၄၃၃ အရ ပြည်ထောင်စုလွှတ်တော်ကို ဥပဒေ မူကြမ်းရေးဆွဲပြီး တင်သွင်းခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယကအနေနဲ့ လည်း ပြင်ဆင်မယ့် အဆိုမူကြမ်းကို လက်ခံရရှိပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုး သားလွှတ်တော်နှစ်ရပ်မှ ဥပဒေကြမ်း ကော်မတီဝင်အားလုံး ပါဝင်သော ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်းလေ့လာ စိစစ် ရေး ပူးပေါင်းကော်မတီကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြည် ထောင်စုလွှတ်တော်က ဖွဲ့စည်းခဲ့ပါတယ်။ ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ ထွက် လာတာကတော့ ပြင်ဆင်သည့် ဥပဒေ မူကြမ်းပေါ်ကို လေ့လာသုံးသပ် ဆွေးနွေး ခြင်းမရှိဘဲ မဲခွဲဆုံးဖြတ်ကာ ၄၅ ဦး ပူးပေါင်းကော်မတီထဲမှာ ထည့်သွင်း ဆွေးနွေးစေခြင်းပဲ ဖြစ်ပါတယ်။
အဲဒီပြင်ဆင်ချက်ကတော့ ပုဒ်မ ၂၆၁ (ခ) ၁၊ ၂၊ ပုဒ်မ ၂၆၁(ဂ)၊ ပုဒ်မ ၂၆၁ (ဃ)၊ ပုဒ်မ ၂၆၁ (င)တို့ဖြစ်ပါတယ်။ သွားချင်တာက ဖက်ဒရယ်ပြည်ထောင် စု၊ ဖြစ်နေတာက ဗဟိုချုပ်ကိုင်မှုလွှမ်းမိုး၊ အစိုးရနှစ်ရပ်ရှိသော်လည်း တိုင်းဒေသ ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတ က တိုက်ရိုက်ခန့်ထားတဲ့စနစ်ကို ပြောင်း လဲချင်လို့ ဒီပြင်ဆင်ချက်ကို တင်တာပါ။ နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတ နှင့် ဒုတိယသမ္မတများကို ပြည်ထောင်စု လွှတ်တော်မှာ ပြည်သူများရဲ့ကိုယ်စား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းက မဲစနစ်နဲ့ ရွေးချယ်ပေးလိုက်တာပါ။ အခြေခံအဖွဲ့အစည်းဖြစ်တဲ့ ရပ်ကွက်ကျေး ရွာအုပ်စု ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ် ချုပ်ရေးမှူးများကိုတောင် ပြည်သူ့ဆန္ဒ နဲ့အညီ ပြည်သူတစ်ဦးချင်း လျှို့ဝှက်ဆန္ဒ မဲဖြင့်သာ ရွေးချယ်ရတဲ့အခြေအနေမှာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ် တွေကို တိုင်းဒေသကြီး၊ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များက ရွေးချယ်ခွင့် မရှိဘဲ သမ္မတကတိုက်ရိုက်ရွေးချယ်တဲ့ စနစ်ကို ပြောင်းလဲစေချင်တဲ့သဘောနဲ့ ကျွန်တော်တို့က ဒီပြင်ဆင်ချက်ကို ဥပဒေ နဲ့အညီ တင်သွင်းခဲ့တာပါ။ ဒါမှ တိုင်း ရင်းသားတွေရဲ့ အခွင့်အရေးကို အပြည့် အဝရစေမှာပါ။
လေးစားအပ်တဲ့နာယကကြီးခင်ဗျား
ကျွန်တော်တို့နိုင်ငံရဲ့ တည်ဆောက်မှု ဟာ ပြည်ထောင်စုအဆင့်မှာ သမ္မတစနစ် ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် မှာ ပါလီမန်စနစ်နဲ့ သွားနေတာဖြစ်ပါ တယ်။ သမ္မတဟာ အစိုးရရဲ့အကြီးအကဲ ဖြစ်သလို နိုင်ငံတော်ရဲ့အကြီးအကဲလည်း ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတသည် နိုင်ငံနှင့်နိုင်ငံသားများအပေါ် သစ္စာရှိပါ မှ၊ ထူးချွန်ထက်မြက်ပါမှ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံတော်အဓွန့်ရှည်တည် တံ့ခိုင်မြဲအောင် ဆောင်ရွက်နိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့်မို့ နိုင်ငံတော်သမ္မတ နှင့် ဒုတိယသမ္မတများအတွက် အရည် အချင်းများကို ခိုင်ခိုင်မြဲမြဲပြဋ္ဌာန်းထားရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ဖြစ်တဲ့နိုင်ငံတော်သမ္မတနှင့်ဒုတိယ သမ္မတများသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရား ဝင်သားသမီးသော်လည်းကောင်း၊ ထို တရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့ မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံ ခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူသို့မဟုတ်၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများမဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရ သောအခွင့်အရေးများနှင့် ကျေးဇူးခံစား ခွင့်များကို ခံစားနိုင်ခွင့်ရှိသူများမဖြစ်စေ ရဟု ပြဋ္ဌာန်းထားခြင်းဟာ မိမိနိုင်ငံတော် နှင့်နိုင်ငံသားများ အဓွန့်ရှည်တည်တံ့ခိုင် မြဲရေးအတွက် ဖြစ်တဲ့အတွက် ကျွန်တော် တို့အနေနဲ့ ဆက်လက်ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ဖော်ပြထားသော အခန်း (၁၂)ပါ ပုဒ်မ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ အရ ပြင်ဆင်မည်ဆိုပါက ကြိုဆိုထောက် ခံပါကြောင်းနှင့် အခြားနည်းလမ်းအရ ပြင်ဆင်မည်ဆိုပါကကန့်ကွက်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။