images
UN
UN
မြန်မာစာအရေး အလေးထားပါမှ တော်ကာကျမည်
အောင်ကြည်ညွန့်(တက္ကသိုလ်) Tuesday, 06 August 2019
မြန်မာစာအရေး ဆိုလိုက်သည်နှင့် မြန်မာစကားပါ အလိုလိုပါသွားပါသည်။ မြန်မာစာမြန်မာစကားသည် ဒင်္ဂါးပြား၏ ခေါင်းနှင့်ပန်းပမာ ခွဲခြား၍ မရစကောင်း ပါ။ မြန်မာနိုင်ငံသည် နယ်ချဲ့တို့၏ ကျွန် ဘဝတွင် နှစ်ပေါင်း ၁ဝဝ ကျော်ကျွန်ဖြစ် ခဲ့ရသည်။ ကျွန်ဘဝတွင် အစစအရာရာ နိမ့်ကျခဲ့သည်။ အနှိမ်ခံဘဝရောက်ခဲ့ရ သည်။ အမျိုးဘာသာ၊ သာသနာကအစ၊ စာပေယဉ်ကျေးမှုပါလျစ်လျူရှုခံခဲ့ရသည်။
အင်္ဂလိပ်အစိုးရသည် အိန္ဒိယအစိုးရ ၏ ဥပဒေတာဝန်ခံ လော့မက်ကောလေး ဆိုသူကို ကျွန်ပညာရေးစနစ်မူများကို ချမှတ်ရေးဆွဲစေခဲ့ပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၌ ''ကျွန်ပညာရေး''မူ အတိုင်း လက်တွေ့ကျင့်သုံးစေခဲ့သည်။ မက်ကောလေး၏ကျွန်ပညာရေးစနစ်တွင် အချုပ်အားဖြင့် အချက်သုံးချက် ပါဝင် သည်။ ယင်းတို့မှာ-
(၁) အရှေ့တိုင်းပညာကို လေ့လာမည့် အစား အင်္ဂလိပ်ဘာသာ စာပေကို လေ့လာရန်၊ အားပေးရန်။
(၂) အင်္ဂလိပ်ဘာသာကို သင်ကြားမှု မဏ္ဍိုင်အဖြစ် အသုံးပြုရန်။
(၃) အသားအရောင်အားဖြင့် ညိုသော် လည်း အင်္ဂလိပ်ဘာသာ တတ် ကျွမ်း၍ အင်္ဂလိပ်လိုတွေးခေါ်ကာ အင်္ဂလိပ်စိတ် ပေါက်နေသော လူ တန်းစား တစ်ရပ်ကို မွေးထုတ်၍ ထိုပုဂ္ဂိုလ်တို့ကို တိုင်းရင်းသားလူမျိုး များကြားနှင့် အုပ်စိုးသူများအကြား တွင် ပေါင်းကူးတံတားသဖွယ်ထား ရှိဆောင်ရွက်ရန်
ဖြစ်သည်။
ဤပညာရေးစနစ်သည် မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေး အားမာန်၊ အမျိုးသားဟန်များ ပပျောက် စေကာ အုပ်စိုးသူကို ထာဝရ အထင်ကြီး အားကိုးလိုစိတ်၊ ကြည်ညိုလိုစိတ်၊ သဒ္ဓါ စိတ်များ၊ ပေါ်ပေါက်စေလျက် ကျွန်သက် ရှည်မည့် စိတ်ဓာတ်ကို သွတ်သွင်းပေး သည့် မူဝါဒပင်ဖြစ်သည်။
အင်္ဂလိပ်အစိုးရက ၁၉၂ဝ ပြည့်နှစ် တွင် ရန်ကုန်တက္ကသိုလ်ကို တည်ထောင် လိုက်သည်။ အထက်ဖော်ပြပါ မူဝါဒ များကို အပြည့်အဝ အကောင်အထည် ဖော်ရန်ဖြစ်သည်။ အင်္ဂလိပ်စာကို သင် ကြားမှု မဏ္ဍိုင်ပြုသည်။ သို့သော် နိုင်ငံ ရေး မျက်စိပွင့်နေသော ကျောင်းသား များက တက္ကသိုလ် ဥပဒေကို ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် သပိတ်မှောက်ကြသည်။

မျိုးချစ်ကျောင်းသားတို့၏ ရည်မှန်း ချက်ကား မြန်မာဘာသာကို သင်ကြား ရေးမဏ္ဍိုင်အဖြစ် အသုံးပြုရန်ဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထားသော စာအုပ်များကို မြန်မာဘာသာ ပြန်ဆိုရန်နှင့် မြန်မာစာနှင့်အတူ မြန်မာ့ ယဉ်ကျေးမှု အစုစုတို့ကို ပျိုးထောင်ရန် လည်း ပါဝင်သည်။
ထိုအချိန်တွင် တို့ဗမာအစည်းအရုံး ကြွေးကြော်သံဖြစ်သည့်
- ဗမာပြည်သည် တို့ပြည်၊
- ဗမာစာသည် တို့စာ၊
- ဗမာစကားသည် တို့စကား၊
- ဗမာပြည်ကို ချစ်ပါ၊
- ဗမာစကားကို လေးစားပါ၊
- ဗမာစာကို ချီးမြှင့်ပါ
ဆိုသည့် ကြွေးကြော်သံသည် မြန်မာ တစ်နိုင်ငံလုံး ပျံ့နှံ့သွားတော့သည်။
အမျိုးသားပညာရေးကောင်စီအောက် ရှိ အမျိုးသားပညာရေးကျောင်းများ၏ တပ်လှန့်သံ၊ ကြွေးကြော်သံအဖြစ် အင် နှင့် အားနှင့် ပေါ်ထွက်လာခဲ့တော့သည်။
ပညာရပ်တစ်ခုကို နိုင်ငံခြားဘာသာ ဖြင့် သင်ကြားပေးခြင်းထက် တိုင်းရင်း သား ဘာသာစကားဖြင့် သင်ကြားပေး ခြင်းက ပို၍နားလည်တတ်မြောက်သည် ဟု အမျိုးသားပညာရေးကောင်စီက ယုံကြည်သည်။
၁၉၂၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ၏ မြန်မာစာဆရာမှာ 'ဆရာပွား'ဖြစ် သည်။ ၁၉၂၄ ခုနှစ် ဦးဖေမောင်တင် အင်္ဂလန်မှ ပညာသင်ပြန်လာပြီး ရန်ကုန် တက္ကသိုလ် အရှေ့တိုင်းဘာသာဌာန၏ ဌာနမှူးဖြစ်လာသည်။
ဆရာကြီးဦးဖေမောင်တင်၏ကျေးဇူး ကြောင့် ၁၉၂၅ခုနှစ် ရန်ကုန်တက္ကသိုလ်၌ မြန်မာစာဂုဏ်ထူးတန်းနှင့် ၁၉၂၇-၁၉၂၈ ခုနှစ်တွင် မဟာဝိဇ္ဇာဂုဏ်ထူးတန်းများ ဖွင့်လှစ်နိုင်ခဲ့သည်။
၁၉၃၂ခုနှစ်တွင် ဥပစာတန်း၌မြန်မာ စာသည် တိုင်းရင်းသားများအဖို့ မယူ မနေရဘာသာ ဖြစ်လာသည်။ ရန်ကုန် တက္ကသိုလ်တွင် ၁၉၂ဝ ကျောင်းသား သပိတ်အပြီးတွင် မြန်မာရာဇဝင်နှင့် ပါဠိ ဘာသာကိုမြန်မာလိုသင်ကြားလာခဲ့သည်။
၁၉၃၅ခုနှစ်လောက်တွင်ကား အမျိုး သားကျောင်းများတွင် ဘာသာရပ်အား လုံးကို မြန်မာဘာသာဖြင့် သင်ကြားရ သည်အထိ တိုးတက်လာသည်။ မြန်မာ စာသည် အမျိုးသားပညာရေးကျောင်း များ၏ အကျိုးကျေးဇူးကြောင့် ပြန်လည် ရှင်သန်လာသည်ဟု ဆိုရမည်ဖြစ်သည်။
တက္ကသိုလ်တွင် ပြဋ္ဌာန်းရန် မြန်မာ စာပေကျမ်းဟောင်းများကို ပြန်လည်ဖော် ထုတ်၍ ပုံနှိပ်ဖြန့်ချိသောအဆင့်သို့ရောက် ရှိလာသည်။ဤသို့အားဖြင့် မြန်မာစာပေ လိုက်စားသူများ ထွက်ပေါ်လာသကဲ့သို့ မြန်မာဘာသာရပ်ဆိုင်ရာ စာအုပ်ကောင်း များလည်း ပေါ်ထွက်လာပေသည်။
၁၉၄၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် တွင် မြန်မာစာဌာနဟူ၍ သီးခြား တည် ထောင်နိုင်ခဲ့ပါသည်။ပထမဦးဆုံးပါမောက္ခ မှာ ဆရာကြီးဦးအေးမောင်ဖြစ်သည်။ ယခင်ကမြန်မာစာဌာနသည် ပါဠိ၊ ပါရှန်၊ အာရေဗျ စသည်တို့ကို သင်ကြားပေး သော အရှေ့တိုင်းပညာများဌာန၏ လက် အောက်ခံဌာနခွဲတစ်ခုသာ ဖြစ်သည်။
ဆရာကြီးဦးဖေမောင်တင် ဦးဆောင် သော မြန်မာစာချစ်မြတ်နိုး၍ တန်ဖိုးထား သော ပုဂ္ဂိုလ်ကြီးများသည် တက္ကသိုလ် ဖွင့်စကပင် မြန်မာစာဌာနကိုသီးခြားဌာန အဖြစ်ဖွင့်လှစ်ရန်တောင်းဆိုခဲ့သည်။
သို့ သော် ထိုစဉ်ကကျောင်းအုပ်ကြီး 'မစ္စတာ စလော့'နှင့် အင်္ဂလိပ်အာဏာပိုင်တို့က မြန်မာစာသည်စာပေတစ်ရပ်အဖြစ် ခြေခြေ မြစ်မြစ် ခိုင်ခိုင်လုံလုံမရှိဟုဆိုကာ ပယ် ချခဲ့ကြသည်။ ထို့ပြင် တက္ကသိုလ်အဆင့် တွင် ပြဋ္ဌာန်းနိုင်လောက်သော စာအုပ် စာတမ်းများလည်းမရှိဟု ဆိုကြသည်။
ထို့ကြောင့် မြန်မာမျိုးချစ်၊ မြန်မာ ပညာရှိ ဆရာကြီးများက အဆင့်အတန်း ရှိသော မြန်မာ၊ စာကြီး၊ ပေကြီးများကို ရှာဖွေဖော်ထုတ်တည်းဖြတ်ထုတ်ဝေခဲ့ကြ ပြီး မြန်မာစာပေသည် ပုဂံခေတ်မှသည် ယနေ့ခေတ်အထိတိုးတက်ဖွံ့ဖြိုးလာသော သမိုင်းဝင်စာပေကြီးဖြစ်လာရတော့သည်။
သို့ပါသော်လည်း မြန်မာနိုင်ငံအစိုးရ သည် လွတ်လပ်ရေးရပြီး လေးနှစ်အကြာ ၁၉၅၂ခုနှစ် ဧပြီလ ၁ရက်နေ့တွင်မှသာ 'မြန်မာစာ'ကို ပြည်ထောင်စုမြန်မာနိုင်ငံ ၏ ရုံးသုံးစာအဖြစ် ပြဋ္ဌာန်းနိုင်ခဲ့သည်။
တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၃ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ တွင် ပညာရေးဝန်ကြီးဌာနကတက္ကသိုလ် ပညာရပ်အားလုံးကို မြန်မာစာဖြင့် သင် ကြားရေးအတွက် အမိန့်ပြန်တမ်း ထွက် ခဲ့သည်။
ခေတ်အဆက်ဆက်ဥပဒေများတွင် လည်းမြန်မာစာသည်ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏ရုံးသုံးဘာသာစကားဖြစ်သည် ဟူသောဥပဒေများ ထွက်ပေါ်ခဲ့သည်။
ဤကဲ့သို့ပင် မြန်မာစာသည် နိုင်ငံ တော်သုံး မဏ္ဍိုင်ဘာသာအဖြစ်ရပ်တည် လာနိုင်ခဲ့ခြင်းမှာ သူ့ကျွန်ဘဝတွင် မြန်မာ မျိုးချစ်ပုဂ္ဂိုလ်များ မြန်မာစာကို ချစ်မြတ် နိုး၍ တန်ဖိုးထားသူ မြန်မာပညာရှိ ပုဂ္ဂိုလ်များက မလျှော့သော ဇွဲ၊ လုံ့လ၊ အားမာန် အပြည့်ဖြင့် လက်ဆင့်ကမ်း တိုက်ပွဲဝင်ခဲ့ကြသဖြင့်သာလျှင် မြန်မာ စာသည် နိမ့်ပါးပျောက်ကွယ်သွားမည့် ဘေးမှ လွတ်ကင်းရခြင်း ဖြစ်ပါသည်။
မြန်မာစာ၊ မြန်မာစကားကို ဖွံ့ဖြိုး တိုးတက်ရှင်သန်နေစေရေးသည် မြန်မာ တစ်မျိုးသားလုံး၏ တာဝန်ပင်ဖြစ်သည် ဟု ခံယူပါသည်။ အထူးသဖြင့် စာရေး ဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာ၊ မြန်မာစာဆရာ၊ တက္ကသိုလ်ကောလိပ် များမှ မြန်မာစာဌာနမှ ဆရာ ဆရာမ အပေါင်းသည် မြန်မာစာ မတိမ်ကော မပျောက်ပျက်စေရေးနှင့် မြန်မာဘာသာ၊ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးကို အထူး ဂရုပြုဆောင်ရွက်ရမည်ဖြစ်ပါသည်။
အချို့သော ဆောင်းပါးရှင်များ ဝတ္ထု ရေးဆရာများက မိမိတို့ရေးသောစာတွင် အင်္ဂလိပ်စကား၊ အင်္ဂလိပ်စာအသုံးအနှုန်း များ များစွာထည့်သွင်းရေးသားကြသည် ကိုတွေ့ရှိရသဖြင့် 'အမြင်မတော် ဆင် တော်နှင့် ခလောက်' ဆိုသကဲ့ဖြစ်နေပါ သည်။
လူမှုကွန်ရက် စာမျက်နှာတွင်လည်း စာလုံးပေါင်းသတ်ပုံများ၊ ဖြစ်ချင်သလို ဖြစ်၊ ရေးသားထားသည်ကိုလည်း တွေ့ရှိ ရပါသည်။ ပညာတတ်အချို့သည် မြန်မာ စာကို အထင်သေးတတ်ကြပါသည်။ ထို ပုဂ္ဂိုလ်များသည် မြန်မာစာကို အမှန် တကယ် မတတ်၍ အထင်သေးခြင်းဖြစ် ပါသည်။
မည်သို့ဆိုစေယနေ့မျက်မှောက်ခေတ်ကာလအခြေအနေကိုလေ့လာ သုံးသပ်ကြည့်ပါက အင်္ဂလိပ်ကျွန်ဘဝက ဥပဒေတာဝန်ခံ'မက်ကော လေး'ချမှတ်ခဲ့သော မူကြီးသုံးရပ်အတိုင်းပင်ရှိနေသေးသည်ဟု ခံစား မိပါသည်။
ယနေ့ထက်တိုင်တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်တွင် မြန်မာ ဘာသာရပ်ဖြင့် သင်ကြားမှုမပြုနိုင်သေးသည်ကို လေ့လာတွေ့ရှိရ ပါသည်။
အင်္ဂလိပ်ဘာသာစကားသည် နိုင်ငံတကာသုံး ဘာသာစကားဖြစ် သဖြင့်အင်္ဂလိပ်လိုတွေး၊အင်္ဂလိပ်လိုရေး၊ အင်္ဂလိပ်စိတ်(ဘိုစိတ်)ပေါက် နေသောသူများ ဒုနှင့်ဒေးရှိနေပါသေးသည်။
ပညာရေးကလည်းသူငယ်တန်းမှတက္ကသိုလ်ဝင်တန်းဆယ်တန်း အထိ 'ဘိုလိုသင်'၊ 'ဘိုလိုပြော' ခိုင်းနေကြဆဲပင် ဖြစ်ပါသည်။ တစ်နိုင်ငံလုံး 'ဘို'စိတ်ပေါက်ကာ ဘိုလိုပြောဖို့ ကြံရွယ်နေကြပါသည်။
ဤကိစ္စကို မျိုးချစ်စိတ်ဓာတ်အရင်းခံသော မြန်မာစာတံတိုင်း ကြီးဖြင့် ကာရံကာကွယ်ရပါမည်။ မြန်မာစာကိုချစ်သော၊ မြန်မာစာကို မြတ်နိုးသော၊ မြန်မာ့ယဉ်ကျေးမှု အနုပညာအမျိုးဘာသာ သာသနာ ကိုပါစောင့်ရှောက်နိုင်ရန်အထောက် အကူဖြစ်သော'မြန်မာစာ'ကို မျိုး ချစ်စိတ်ဓာတ်အရင်းခံဖြင့် အားပေးမြှင့်တင်ရန် အချိန်ကျရောက်ပြီဖြစ် ပါကြောင်း တပ်လှန့်နှိုးဆော်လိုက်ရပါသည်။