images
UN
UN
မျိုးဆက်သစ် မောင်မယ်များအတွက် ရှိခိုးပုံ ရှိခိုးနည်း
မောင်သန်းဆွေ(ထားဝယ်) Saturday, 10 August 2019
ယခုခေတ် မျိုးဆက်သစ်မောင်မယ် များသည် ဘုရားရှိခိုးလျှင်ဖြစ်စေ၊ သံဃာ တော်များကို ကန်တော့လျှင်ဖြစ်စေ၊ မိဘ ဆရာသမားများကိုဦးချလျှင်ဖြစ်စေ ပုဆိန် ပေါက် ဦးသုံးကြိမ်ချလေ့ရှိကြသည်။ အချို့ မှာမူ တစ်ကြိမ်သာဦးချပြီး လက်ဖဝါး နှစ်ဖက်ကို စတြိ<ွကရုံဖြင့် ကျန်နှစ်ကြိမ်ကို ဖြည့်စွက်တတ်ကြသည်ကို တွေ့ရသည်။
မျိုးဆက်သစ်လူငယ်မောင်မယ်များ ကို အဘယ်သို့ ရှိခိုးသင့်သည်။ ရှိခိုးပုံ ဘယ်နှမျိုးရှိသည်။ ရပ်လျက်ရှိခိုးကောင်း ပါသလား။ ဝပ်လျက် ရှိခိုးထုံးရှိပါသ လား။ အိပ်ရင်း ရှိခိုးကောင်းပါသလား။ ထိခြင်းငါးပါးလော၊တည်ခြင်းငါးပါးလော ဟူသောပြဿနာတို့ကို သိစေလိုပါသည်။
အကြီးတော် ဦးသံမှို၏ ရှိခိုးပုံ ရှိခိုး နည်း၊ ရေးသားချက်များကို တွေ့ရသဖြင့် အတုယူကြစေရန် ဤစာကိုရေးသားလိုက် ရပါသည်။ အကြီးတော် ဦးသံမှိုဆိုသူမှာ မင်းတုန်းမင်းတရားကြီးနှင့်ပထမမြောက် ဆောင်တော်မိဖုရား ပဘာဒေဝီတို့၏သား တော် မလွန်မင်းသား သုသီရိမဟာဓမ္မ ရာဇာနှင့် မင်းတုန်းမင်းတရားကြီးနှင့် ပထမတောင်ရွှေရေး မိဖုရား ရတနာဒေဝီ တို့၏သားတော် မြင်ကွန်းမင်းသား၊ မဟာ သီရိဓမ္မရာဇာ၏ အကြီးတော်အဖြစ် ထမ်း ရွက်သူကောင်းပြုခြင်းကိုခံရသဖြင့် ရာဇ သုခမိန်ဟူသော ဘွဲ့အမည်ကိုရရှိလေ သည်။ (အကြီးတော်ဆိုသူ၏ ဝတ္တရား များမှာ ¤င်းတာဝန်ယူရသော မိဖုရား၊ မင်းသား၊မင်းသမီး၊အိမ်တော်တို့၌ရှိသမျှ အကြီးစာရေး၊ ဘဏ္ဍာစာရေး၊ အဆောင် ကိုင်၊ ထီးမိုး၊ ယဉ်ခံ၊ပွဲတော်ချက်၊ မောင်း ထောင်း၊ ဆန်ဖွပ်မှစ၍ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့အပေါ် အကြီးအကဲ အုပ် ချုပ်စီမံရသူဖြစ်သည်)။
မြင်ကွန်း၊ မြင်ခုံတိုင် အရေးတော်ပုံ တွင် မလွန်မင်းသားကြီး ကျဆုံးတော် မူရသဖြင့် တာဝန်ရှိသော အကြီးတော် ဦးသံမှိုသည် ရတနာပုံ နေပြည်တော်မှ ရန်ကုန်မြို့သို့ ရှောင်တိမ်းလာရသူ ဖြစ် သည်။ ရှိခိုးပုံ၊ ရှိခိုးနည်း အမျိုးမျိုး အဘယ်သို့ရှိခိုးသင့်သည်များကို ရေးသား ခဲ့သည်မှာ အောက်ပါအတိုင်း ဖြစ်သည်။
ပဏာမသုံးမျိုး
ပဏာမဟူသည် ကာယပဏာမ၊ ဝစီပဏာမ၊ မနောပဏာမဟူ၍ သုံးပါး ရှိ၏။ ဝန္ဒနာ ဟူသည်ကား ကာယဝန္ဒနာ၊ ဝစီဝန္ဒနာ၊ မနောဝန္ဒနာဟူ၍ သုံးမျိုးရှိ၏။
ထိုသုံးပါးတို့တွင် ကိုယ်ဖြင့် ရှိခိုးခြင်း ကာယပဏာမ၊ ကာယဝန္ဒနာ မည်၏။ နှုတ်ဖြင့် ရှိခိုးခြင်းသည် ဝစီပဏာမ၊ ဝစီ ဝန္ဒနာ မည်၏။ စိတ်ဖြင့် ရှိခိုးခြင်းသည် မနောပဏာမ၊ မနောဝန္ဒနာ မည်၏။
ထိုသုံးပါးသော ရှိခိုးခြင်းတို့တွင် ကိုယ်ဖြင့် ရှိခိုးခြင်းဟု ဆိုအပ်သော ကာယဝန္ဒနာသည်-
၁။ ရပ်လျက် ရှိခိုးခြင်း
၂။ ထိုင်လျက် ရှိခိုးခြင်း
၃။ ဝပ်လျက်ရှိခိုးခြင်း
စသည်အားဖြင့် သုံးပါးရှိ၏။
ထိုသုံးပါးလုံးသည် ရှိခိုးသောအရာ ၌ အပ်သည်ချည်းသာ ဖြစ်၏ဟု ဦးသံမှို က ဆိုသည်။
ရပ်လျက်ရှိခိုးခြင်း
ရဟန်းမိန်းမ၊(ဘိက္ခုနီမ)သည် ရဟန်း ယောက်ျားအား တွေ့ရာအရပ် ဤ၊ ကိုယ် အင်္ဂါငါးပါးတို့ကို မြေ၌တည်စေ၍ ရှိခိုး ခြင်းငှာ မဖြစ်နိုင်ပါက မထိုင်၊ မဝပ်၊ ရပ်၍ သာလျှင် ကိုယ်ကို ရှေ့သို့ညွန့်စေ၍ 'အရှင် ကောင်း ရှိခိုးပါ၏'ဟု ဆိုပြီး လက်အုပ် ချီကာသွားခြင်းကို ဆိုလိုသည်။


ထိုင်လျက်ရှိခိုးခြင်း
(၁) ကုဋိကာ (ကြားသော) သံဃာကို ကပ်၍ (လ) ဆောင့်ကြောင့်ထိုင် လျက် လက်အုပ်ချီပြီး 'အဟံ ဘန္တေ သံဃာဋိကာယ' စသော စကားကို ဆိုအပ်၏။
(၂) သီတင်းငယ် (ရဟန်းငယ်)ဖြစ်ပါက ရှိခိုး၍ ဆောင့်ကြောင့်ထိုင်လျက် လက်အုပ်ချီကာ 'အရှင်ဘုရား၊ တပည့်တော် အရှင်ဘုရားတို့ကို ဤမည်သောစကားကို ဆိုမိပါ သည်။ ထိုဆိုမိသမျှစကားကိုလည်း သည်း ခံတော်မူကြပါ'ဟု သည်းခံ စေအပ် (ကန်တော့အပ်)ပေသည်။
ဝပ်လျက်ရှိခိုးခြင်း
ဝပ်လျက် ရှိခိုးအပ်ကြောင်းကို ဝိသုဒ္ဓိ မဂ္ဂအဋ္ဌကထာ၌ ဖော်ပြထားသော ဥပါ သိကာ ပသီဒိတွာ ပုတ္တေန ဂတဒိသာမု ခေါ ဥရေန နိပ္ပဇ္ဇိတွာ နမဿ မာနာ အာဟဟူသော ပါဠိဖြင့် သိနိုင်ပေသည်။
မြန်မာပြန်။ ။သီဟိုဠ်ကျွန်း (ယခု သီရိ လင်္ကာ) သူ ဒါယိကာမသည် (မောင်ဖြစ် သူ မထေရ်၏ တစ်ဆင့်စကားအရ) သား ရဟန်း၌ ကြည်ညိုခြင်းကြောင့် သား ရဟန်း ထွက်ခွာသွားသော အရပ်မျက်နှာ သို့ ရှေးရှု၍ ရင်ဖြင့်ဝပ်လျက် ရှိခိုး၍ (သား၏ဂုဏ်ကို) နှုတ်ြ>ွမက် ဖွင့်ဆိုလေ သည်။
(သမ္မောဟဝိနောဒနီ အဋ္ဌကထာ၊ ဒီဃ နိကာယ သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာတို့၌ လည်း အလားတူဖော်ပြထားပေသည်။)
တည်ခြင်းငါးပါးဆိုသည်ကား
အထက်၌ ဖော်ပြအပ်သော ရှိခိုးခြင်း သုံးပါးတို့တွင် ဝပ်လျက်ရှိခိုးခြင်း တစ်ပါး သာ ပဉ္စပတိဌိတလက္ခဏာ (တည်ခြင်း ငါးပါးလက္ခဏာ)နှင့် ပြည့်စုံသော ရှိခိုး ခြင်း မည်ပေသည်။
ပဉ္စပတိဌိတပုဒ်၌ လက်နှစ်ဖက်၊ ခြေ နှစ်ဖက်၊ ဦးခေါင်းအားဖြင့် ခက်မငါးဖြာ ကိုယ်အင်္ဂါရှိသော တည်ခြင်းကို ဆိုလို၍ ယင်းတို့ဖြင့် မြေ၌တည်၍ ရှိခိုးခြင်းသည် ပဉ္စပတိဌိတ ရှိခိုးခြင်းမည်ပေသည်။ ထို့ ကြောင့် ဝပ်စင်းလျက် ရှိခိုးခြင်း တစ်ပါး သာ တည်ခြင်းငါးပါးဖြင့် ရှိခိုးခြင်း ပဉ္စပတိဌိတလက္ခဏာနှင့် ပြည့်စုံသည့် ရှိခိုးခြင်း ဖြစ်သည်။
ယခုကာလ၌ မြန်မာလူမျိုးများ အလေ့အထအားဖြင့် ခြေနှစ်ဖက်တို့၏ အချင်းချင်းထိခြင်းမှတစ်ပါး ပုဆစ်ဒူးဝန်း နှစ်ဖက်တို့၏ အချင်းချင်း ထိခြင်း၊ တံတောင်ဆစ်နှစ်ဖက်တို့၏ ပုဆစ်ဒူးဝန်း နှစ်ဖက်ပေါ်၌ အသီးသီး ထိခြင်းနှစ်ပါး ချီအပ်သော လက်အုပ်၏ နဖူးပြင်၌ ထိခြင်းတစ်ပါး၊ ဤထိခြင်းငါးပါးဖြင့် ဆောင့်ကြောင့်ထိုင်လျက် ရှိခိုးခြင်းကို ပဉ္စပတိဌိတ ရှိခိုးခြင်းမည်၏။ မယူသင့်။
တည်ခြင်းနှင့် ထိခြင်း
တည်ခြင်းနှင့် ထိခြင်းသည် အရေး အသား အဓိပ္ပာယ်အားဖြင့် ကွဲပြားကြ ပေသည်။ (ပါဠိ၌) တည်ခြင်းဟူသည် ပ+ပ်ဌာဓာတ်၏ အနက်ဖြစ်၍ ထိခြင်း သည် ပ်ဖုသဓာတ်၏ အနက်ဖြစ်သည်။ ဖုသဓာတ်၏ အနက်ကိုယူ၍ ''ထိခြင်း ငါးပါးဖြင့် ရှိခိုး၏''ဟု ဆိုနိုင်စေရန် ပဉ္စဖုသိတေန ဝန္ဒိတွာ (ငါးပါးသော ထိခြင်းဖြင့် ရှိခိုး၍)ဟု ပါဠိအဋ္ဌကထာ၊ ဋီကာ ကျမ်းအစောင်စောင်တို့၌ အလျှင်း ပင် မလာမရှိလေ။ စင်စစ်မူကား မြေ သည်သာလျှင် ဦးခေါင်းအစရှိသော အင်္ဂါ ငါးပါးတို့၏တည်ရာ အာစာရအဖြစ်ဖြင့် ကျမ်းဂန်လာချေသည်။ သို့ဖြစ်၍ ထိုအင်္ဂါ ငါးပါးတို့ကို မြေ၌တည်စေခြင်း ရှိခိုး ခြင်းကိုသာလျှင် ပဉ္စပတိဌိတ ရှိခိုးခြင်းဟု မုချဆတ်ဆတ် သတ်မှတ်ရမည်ဟူလို။
ထို့ကြောင့် အဇာတသတ်မင်းသည် ဘုရားအထံတော်သို့ ဆည်းကပ်၍ နန်း တော်သို့ ပြန်လည်သည့်အခန်းကို ဖွင့်ဆို ရာ သီလက္ခန္ဓအဋ္ဌကထာ၌ တိက္ခတ္တုံ ပဒ က္ခိဏံ ကတွာ ဒူသနခ သမောဓာန သမုဇ္ဇလံ အဉ္ဇလိံ သိရသ္မိံ မတိဌာပေတွာ ယာဝဒဿန ဝိသဟာ ဘဂဝတော အဘိမုခေါဝပက္ကိမိတွာ၊ ဒဿန ဝိဇဟန ဌာန ဘူမိယံ ပဉ္စအတိဋ္ဌိတေန ဝန္ဒိတွာ ပက္ကမိဟု မိန့်ဆိုအပ်သည် မဟုတ်လော။
ယင်းစာပိုဒ်၏ မြန်မာပြန်မှာ-အဇာ တသတ်မင်းသည် သုံးကြိမ် လက်ယာ ရစ်လှည့်သည်ကိုပြု၍ လက်ဆယ်ချောင်း အပေါင်းတို့ဖြင့် တောက်ပသော လက် အုပ်ကို ဦးခေါင်း၌တင်ထား၍ (တည် စေ၍) မြတ်စွာဘုရား၏ မြင်တော်မူ ကောင်းသော နေရာတိုင်အောင် မြတ်စွာ ဘုရားသို့ မျက်နှာရှေးရှုသာလျှင် ဆုတ်ခွာ ခဲ့၍ (နောက်သို့ဆုတ်၍) မြင်တော်မူ ကောင်းသောအရပ်ကို စွန့်ရာမြေ၌ ငါး ပါးသောအင်္ဂါတို့ကို မြေ၌တည်စေသဖြင့် ရှိခိုး၍ ဖယ်သွားလေ၏ ဖြစ်ပေသည်။
နှုတ်ဖြင့် ရှိခိုးပုံကား
နှုတ်ဖြင့် ရှိခိုးခြင်းဟု ဆိုအပ်သော ဝစီဝန္ဒနာ ဟူသည်ကား မိမိတို့၏ အမျိုး ဘာသာစကားဖြင့် ဝစီဘေဒကိုဖြစ်စေလျက် ရှိခိုးပါ၏။ ဦးချပါ၏။ ဦးတင်ပါ၏။ ညွတ်ကိုင်းပါ၏ ဟူ၍လည်းကောင်း၊ ပါဠိဘာသာအားဖြင့် နမာမိ၊ နမော၊ နမတ္ထူဟူ၍ လည်းကောင်း နှုတ်ြ>ွမက်ဖွင့် ဆိုခြင်းသည်ပင်လျှင် ဝစီဝန္ဒနာမည်၏။
စိတ်ဖြင့်ရှိခိုးခြင်းဟု ဆိုအပ်သော မနောဝန္ဒနာ ဟူသည်ကား ကိုယ်၊ နှုတ် နှစ်ပါးတို့ကို မလှုပ်ရှားစေမူ၍ သဒ္ဓါ တရား ပြဋ္ဌာန်းသော စိတ်ဖြင့်သာလျှင် ''မြတ်စွာဘုရား၏ဂုဏ်တော်ကား ဤသို့ ပေတည်း။ တရားတော်၏ဂုဏ်တော်ကား ဤသို့ပေတည်း။ အရိယာ သံဃာတော် မြတ်တို့၏ ဂုဏ်တော်ကား ဤသို့ ပေတည်း''ဟု ရတနာသုံးပါး၏ ဂုဏ် တော်၌ ညွတ်ကိုင်းခြင်းသည်ပင်လျှင် မနောဝန္ဒနာမည်၏ဟူ၍ သိရမည်။
ရပ်ရင်း၊ ထိုင်ရင်း၊ အိပ်ရင်း
ဤသို့ပြဆိုသော နှုတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်း၊ နှစ်ပါးကို သွားသော အခါ၊ ရပ်သောအခါ၊ ထိုင်သောအခါ၊ အိပ်သောအခါဟု ဆိုအပ်သော ဣရိယာ ပုတ် လေးပါးဖြင့်ပင် ပြုသင့်ပါသည်။
ထိုကုဋေအရာမက များစွာကုန်သော ဘုရားရှင်တို့ကို အိပ်သောအချိန်၌လည်း ကောင်း၊ ထိုင်သောအခါ၌လည်းကောင်း၊ ရပ်သောအခါ၌လည်းကောင်း၊ သွားသော အခါ၌လည်းကောင်း၊ အခါခပ်သိမ်း နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်း ကောင်း ကျွန်ုပ်ရှိခိုးပါ၏ဟု အာဋာနာဋိ ပရိတ်ဒေသနာ၌ လာသည်လျှင်တည်း။
ဤသို့သော အာဋာနာဋိယ ပရိတ် ဒေသနာကို ထောက်သဖြင့်လည်း ဘုရား အစရှိသော ရတနာသုံးပါးကို ရှိခိုးသော သူသည် အိပ်လျက်၊ ထိုင်လျက်၊ ရပ် လျက်၊ သွားလျက် ရှိခိုးအပ်ကြောင်းကို အမြဲမှတ်လေ။ အိပ်သောအခါ၊ သွားသော အခါတို့၌လည်း ဘုရားကို မမေ့သင့်ဟု ဆိုသည်ဟု ဦးသံမှိုက ဆိုသည်။
တည်ခြင်းနှင့် ထိခြင်း နှစ်ပါးတွင် ဦးသံမှိုသည် တည်ခြင်းကို နှစ်သက်ပုံ ရသည်။ တည်ခြင်းနှင့် ထိခြင်းသည် အရေးအသားအားဖြင့် ကွဲပြားကြသော် လည်း အဓိပ္ပာယ်မှာ အတူတူပင်ဖြစ်သည် ဟု စာရေးသူ ယူဆပါသည်။
တည်ခြင်းဟူသည်မှာ ရှိခိုးရာ မြေကြီး သို့မဟုတ် ကြမ်းပြင်ပေါ်၌ တည်ခြင်း ဖြစ်၍ ထိခြင်း ဟူသည်မှာလည်း ထို မြေကြီးကို သို့မဟုတ် ကြမ်းပြင်ကို ထိခြင်းပင် ဖြစ်ပါသည်။
တည်ခြင်းငါးပါးဟူသည်မှာ လက် နှစ်ဖက်၊ ခြေနှစ်ဖက်၊ ဦးခေါင်းနှင့် တည်ခြင်းဖြစ်၍ ထိခြင်းငါးပါး ဟူသည် မှာလည်း ခြေနှစ်ဖက်၏ ဒူးဆစ်မှ ခြေ ဖျားအထိ ထိခြင်း၊ လက်နှစ်ဖက်တို့၏ တံတောင်ဆစ်မှ လက်ဖျားအထိ ထိခြင်း ဖြစ်သည့်အပြင် နဖူးဖြင့်မြေကြီး သို့မဟုတ် ကြမ်းပြင်ပေါ်၌ ထိခြင်း ဖြစ်ပါသည်။
ထို့ကြောင့် တည်ခြင်း ငါးပါးနှင့် ထိခြင်း ငါးပါးဟူသည်မှာ အဆို ကွဲပြား သော်လည်း ရှိခိုးပုံစံမှာ အတူတူဖြစ်သည် ဟု ဆိုနိုင်ရာပါသည်။