images
UN
UN
အနာသိလျှင်ဆေးရှိသည်ဆိုသော်လည်း
တက္ကသိုလ်သင်္ခ Monday, 12 August 2019
စာရေးသူ၏မိတ်ဆွေတစ်ဦး ပြောဖူး သည်ကို ပြန်လည်သတိရ၏။ သူက 'နိုင်ငံတော်အစိုးရက ဝန်ထမ်းတွေကို လစာတိုးပေးတာ ကောင်းပါတယ်။ လို လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ လစာ တိုးတာနဲ့နောက်က ကုန်ဈေးနှုန်းက လိုက်တက်တော့တယ်။ အဲဒါကျုပ်တို့ဆီ မှာ အစဉ်အလာကြီးလို ဖြစ်နေတော့တာ ပါပဲ'ဟု ပြောသည်။
မှန်ပါ၏။ လစာဘယ်တော့ တိုးပေး မလဲဟု အစိုးရဝန်ထမ်းများနှင့် ပင်စင်စား များက မျှော်လင့်စောင့်စားကြသလို စီး ပွားရေး ဈေးကစားဖို့ စောင့်ကြည့်နေကြ သည့် ကုန်သည်များကလည်း မျှော်လင့် နေကြ၏။
၂ဝ၁၉ခုနှစ် ဧပြီလမှစ၍ ဝန်ထမ်း များနှင့် ပင်စင်စားများကို လစာတိုးမြှင့် ပေးလိုက်သည်ဟု သက်ဆိုင်ရာက အမိန့် ကြော်ငြာစာ ထုတ်လိုက်သော်လည်း ဝန် ထမ်းများက နောက်တစ်လကြာမှ တိုး မြှင့် လစာခံစားရ၏။ ပင်စင်စားများကမူ စာရင်းများတွက်ချက်၍ မပြီးသေးဟုဆို ကာ နောက်နှစ်လကြာမှ ခံစားကြရ၏။
ဝန်ထမ်းများအား လစာတိုးမြှင့်ပေး လိုက်ကြောင်း အမိန့်ကြော်ငြာစာထွက်ပြီး မကြာမီ ကုန်ဈေးနှုန်းက တရိပ်ရိပ်တက် လာတော့သည်။ ယခုဆောင်းပါး ရေး နေသည့်အချိန်တွင် ကုန်ဈေးနှုန်းက ကြောက်ခမန်းလိလိ တက်လာသည်။
အခြေခံစားကုန်ဖြစ်သည့် ဆန်ဈေး နှုန်းက လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ စပါးများ ဝယ်လက်မရှိသဖြင့် စပါးဈေး ကျနေသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်း များကပင် တောင်သူလယ်သမားများကို ငဲ့ညှာထောက်ထားပြီး စပါးများဝယ်ယူ နေရသည်ဟု သတင်းများထွက်လာ၏။ သို့သော် ဆန်ဈေးက မကျသည့်အပြင် တက်၍ပင် နေပါ၏။ သူတို့အခေါ် 'ဆန်ကြမ်း'သည်ပင်လျှင် တစ်ပြည် ကျပ် ၁ဝဝဝ ကျော် ၂ဝဝဝ နီးပါးတွင်ရှိသည်။ ရွှေဘိုပေါ်ဆန်းမွှေး(ဆန်ချော)တစ်ပြည်ကို ကျပ် ၃ဝဝဝ နီးပါးဈေးပေးဝယ်ရ၏။ ဆန်သစ်များ ထွက်နေပြီဖြစ်သော်လည်း ဆန်ဈေးက မကျ။ တက်မြဲတက်နေ သည်။ ဤသည်မှာ ဆန်တစ်မျိုးတည်းကို ပြောနေခြင်းဖြစ်၏။
သားငါးဈေးကိုကြည့်လျှင် အသား ငါးစားရမည်ကိုပင် ခပ်ကြောက်ကြောက် ဖြစ်လာသည်။ ကြက်သား၊ အမဲသား၊ ဆိတ်သား၊ ဝက်သားတစ်ပိဿာကျပ်တစ် သောင်းကျော်နေသည်။ အချို့ဆိုလျှင် ကျပ်နှစ်သောင်းသုံးသောင်းဖြစ်နေသည်။
ငါးဆိုပြန်လျှင်လည်း အများစားနေ ကျ''ငါးကြင်း''သည် တစ်ပိဿာတစ် သောင်းကျော်ဖြစ်နေသည်။ ငါးရံ့ဆိုလျှင် လည်း ထိုနည်းလည်းကောင်းပင်။ ပုစွန် ကျပြန်တော့အကောင်သေးပေမယ့် ဈေး ကမသေး။ ''ပုစွန်ကျော့''ဆိုလျှင် ကျပ် တစ်သောင်းဈေး။ ပုစွန်တုပ်ဆိုလျှင် ကျပ်နှစ်သောင်းကျော်သုံးသောင်းထားပါ တော့။
လက်လုပ်လက်စားနှင့် လစာဝင်ငွေ နည်းသူများ၏လက်စွဲ ကန်စွန်းရွက်ပင် လျှင် တရုတ်ကန်စွန်း တစ်စည်း ကျပ် ၄ဝဝ၊ ရိုးရိုးကန်စွန်းတစ်စည်း ကျပ် ၁၅ဝ၊ ၂ဝဝ၊ မသက်သာသည်က အမှန်ပင်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေး
မတက်၍ တော်သေး၏။ 'ဆီ'ဆိုလျှင်လည်း မေဇင် ဆီ ယခင်က တစ်ပုလင်း (တစ်လီတာ) ကို ကျပ် ၁၄ဝဝ၊ ၁၅ဝဝ မှ ယခု ကျပ် ၁၇ဝဝ ဖြစ်နေသည်။
စာရေးသူသောက်နေကျ'ပက်'နို့မှုန့် ဆိုလျှင် နှစ်ရာဂရမ်အထုပ်တစ်ထုပ်ကို ယခင် ကျပ် ၁၂ဝဝ၊ ၁၃ဝဝ မှ ယခု ကျပ် ၁၅ဝဝ ဖြစ်လာသည်။ မသောက်သုံးလျှင် မဖြစ်၍ ဈေးတက် သော်လည်း ဝယ်ယူသောက်သုံးရပါ၏။ ရှိစေတော့။
အိမ်သုံးဆေးဝါးများဘက်လှည့်ကြည့် ပြန်တော့လည်း ဆေးဝါးဈေးနှုန်းကပို၍ စိတ်မချမ်းမသာဖြစ်ရ၏။ စာရေးသူ သောက်နေကျနှလုံးဆေးနှင့် အစာအိမ် ဆေးအကြောင်းပြောလိုပါ၏။
'နှလုံးဆေး'ဖြစ်သော အယ်ဒက် တုန်း (ALDACTONE) ဆယ်လုံးပါ တစ်ကတ် ယခင်က ကျပ် ၁၁ဝဝပေးရ သော်လည်း ယခုကျပ် ၁၄ဝဝ၊ ၁၅ဝဝ ပေးရ၏။ အက်စ်ပီးလက် (ASPILETS) (ASPRIM) ဆယ်လုံး တစ်ကတ်ကို ယခင်က ကျပ်သုံးရာ၊ ယခု ကျပ် လေးရာ။ နိုင်ရိုဇင် ဆယ်လုံးတစ်ကတ် ယခင်က ကျပ် နှစ်ရာ၊ ယခု ကျပ် လေးရာ၊ မက်ပြူးဝါး (METPURE) (12.5) ယခင်က ဆယ်လုံးတစ်ကတ် ကျပ် ၁၂ဝဝ၊ ယခု ကျပ် ၂၅ဝဝ။ (ယခု ယင်း ဆေးပြတ်နေသဖြင့် ဝယ်မရပါ)။
အစာအိမ်ဆေးဖြစ်သော Orazime (20) ယခင်ဆယ်လုံးတစ်ကတ် ကျပ် ၅ဝဝ၊ ယခု တစ်ကတ် ကျပ် ၆ဝဝ၊ ကျပ် ၉ဝဝ ဖြစ်နေသည်။ ရီလစ်ပါ (RELISPA) ဆယ်လုံးတစ်ကတ် ယခင် ကျပ် ၁ဝဝဝ။ ယခုအချို့ဆိုင်တွင် တစ်ကတ် ကျပ်၂ဝဝဝကျော်ဖြစ်နေသည်။ အခြားဆေးဝါးများလည်း ဈေးတက်လာ သည်။ ရေးပြနေလျှင် စာရှည်မည်စိုး၍ ရေးပြမနေတော့ပါ။ ဆေးဝါးဝယ်ယူ သောက်သုံးနေသူများအားလုံး သိကြမည် ထင်ပါ၏။

ဤကဲ့သို့ ကုန်ဈေးနှုန်းများ မြင့်မား လာခြင်းအတွက် မည်သူ့မှာ တာဝန်ရှိပါ သလဲ။ အစိုးရမှာလား၊ သို့တည်းမဟုတ် ကုန်ဈေးနှုန်းကို ထိန်းချုပ်ထားသည့် ကုန် သည်ကြီးများမှာလား၊ စာရေးသူမပြော တတ်ပါ။
တစ်ခုတော့ပြောချင်၏။ လမ်းစဉ် ပါတီခေတ်၊ တော်လှန်ရေးကောင်စီအစိုးရ လက်ထက်က ကုန်ဈေးနှုန်းအချို့ကို ပြောပြလိုသည်။ ယခုခေတ် အသက် ၂ဝ ကျော်၊ ၃ဝအရွယ် လူငယ်များ အံ့သြ ကုန်နိုင်ဖွယ်ဟု ဆိုကြပေလိမ့်မည်။
ဆန်တစ်ပြည် တစ်ကျပ်၊နှစ်ကျပ်၊ ကြက်သား၊ ဝက်သား တစ်ပိဿာ သုံး ကျပ်၊ လေးကျပ်၊ ငါးတစ်ပိဿာ နှစ်ကျပ်၊ သုံးကျပ်၊ ကန်စွန်းရွက် တစ်စီး ဆယ် ပြား။ ကြက်ဥ ဆယ်လုံးကို ၁၁ကျပ်။ ဓာတ်ဆီတစ်ဂါလန် တစ်ကျပ်ခွဲ၊ နှစ်ကျပ်။ ဘတ်စ်ကား စီးလျှင် ၁ဝ ပြား၊ ပြား ၂ဝ။ ယနေ့ခေတ် လူငယ်များ မည်သို့ ပြောပြော ယုံနိုင်ကြမည် မဟုတ်။ ယုံတမ်းစကားလား၊ ပုံပြင်လားဟူ၍သာ ဆိုကြမည်မှာ သေချာသည်။
သို့သော် ထိုအခြေအနေမျိုး မည်သို့မျှ ပြန်ရောက်နိုင်တော့မည်မဟုတ်ပေ။ အိပ် မက်ပင်မက်၍ ရနိုင်မည်မထင်ပေ။ ကုန် ဈေးနှုန်းမြင့်မားမှုဒဏ်ကြောင့် ပြည်သူ အများစုလူမှုဒုက္ခများနှင့် တွေ့ကြုံနေရ သည်ကို အားလုံးသိကြ၏။ အနာသိလျှင် ဆေးရှိသည်ဟုဆိုစကားရှိသော်လည်း ခေတ်အဆက်ဆက်ကုန်ဈေးနှုန်းအန္တရာယ် ကို မည်သူတို့ကမှ အကာအကွယ်မပေး နိုင်ဟုဆိုလျှင် လွန်မည်မထင်ပေ။
နိုင်ငံသူ၊ နိုင်ငံသားအများစု စားမှု၊ နေမှုပြေလည်ပြီး လူမှုဒုက္ခအပေါင်းကင်း ဝေးသည်နှင့်အမျှ စီးပွားရေးအောင်မြင် သည်၊ နိုင်ငံရေးတည်ငြိမ်သည်ဟု ယူဆ နိုင်ပါ၏။ စီးပွားရေးအောင်မြင်လျှင် နိုင် ငံရေးတည်ငြိမ်မှုရှိပြီး၊ စီးပွားရေးမတည် မငြိမ်ဖြစ်လျှင် နိုင်ငံရေးတွင်ပါ အကျိုး သက်ရောက်မှုရှိလာကြောင်း သာဓက လည်းရှိပါ၏။ ထို့ကြောင့် အတွေးအမြင် ကျယ်ပြန့်သော ပုဂ္ဂိုလ်အချို့က''စီးပွား ရေးဟာ နိုင်ငံရေး၊ နိုင်ငံရေးဟာ စီးပွား ရေးပဲ''ဟု ဆိုကြသည်။
သာမန်ပြည်သူတစ်ရပ်လုံး စိတ်ပါ ဝင်စားသည်မှာ ပြည်တွင်းကုန်ဈေးနှုန်း ပင်ဖြစ်ပါ၏။ အခြေခံစားကုန်နှင့် လူ သုံးကုန်ပစ္စည်းများ ဈေးနှုန်းကျဆင်း ရေးနှင့်သင့်တင့်ချိုသာသော ဈေးနှုန်းဖြင့် တည်ငြိမ်မှုရှိရေးမှာ ပြည်သူအများလို လားသောဆန္ဒဖြစ်ပါ၏။ အခြေခံစားကုန် နှင့် လူသုံးကုန်ပစ္စည်း (ဥပမာဆေးဝါး ပစ္စည်းများအပါအဝင်)များသည် မရှိ မဖြစ် လိုအပ်ချက်ဖြစ်ပါ၏။ လူ့ဘဝ အသက်ရှင်ရပ်တည်မှုအတွက် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိပါ၏။ ဇိမ်ခံ ကုန်ပစ္စည်းများမှာ လူနေမှုဘဝ တည် ဆောက်ရာတွင် သာမန်အားဖြင့်မရှိလည်း ဖြစ်သည့် ကုန်စည်များ ဖြစ်သည်။ လူ့ဘဝ အသက်ရှင် ရပ်တည်မှုအတွက် တိုက်ရိုက်အကျိုး သက်ရောက်မှု မဖြစ် စေနိုင်။
ထို့ကြောင့် ကုန်စည်များ၏ အမြတ် အစွန်းကို ကြည့်လျှင် အရောင်းအဝယ် ထိုင်းသော ဇိမ်ခံပစ္စည်းမှ ရသည့် ''အမြတ်''ထက် အရောင်းအဝယ် ''သွက်''သော အခြေခံ စားကုန်နှင့် လူသုံးကုန်ပစ္စည်းများမှရသည့် အမြတ် အစွန်းက သာလွန်သည်။ ပိုမို သာလွန် သော အမြတ်အစွန်းရရှိစေရန် အခြေခံ ကုန်ပစ္စည်းများပေါ်၌ ဈေးကစားခြင်း ဖြင့် ရယူလေ့ရှိသည်ကို တွေ့ရ၏။
ဤစာရေးသူသည် စီးပွားရေးပညာ နားလည်တတ်ကျွမ်းသူ တစ်ယောက် မဟုတ်ပါ။ အများသူငါ ကြုံတွေ့နေရ သော လက်ရှိ စီးပွားရေး အခြေအနေ (အထူးသဖြင့် ကုန်ဈေးနှုန်း အခြေအနေ) ကိုအရှိအတိုင်းတင်ပြနေခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ရှေ့မီနောက်မီ စီးပွားရေးကျွမ်းကျင်ပညာရှင်များ များစွာ ရှိသည်။ စီးပွားရေးလုပ်ငန်းနှင့် သက် ဆိုင်သည့် ကော်မတီ၊ အဖွဲ့အစည်းများ များစွာရှိပါ၏။ ယနေ့ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော စီးပွားရေး အခြေအနေ အရပ်ရပ်ကို ပကတိ အရှိအတိုင်း လေ့လာသုံးသပ်ပြီး အကောင်းဆုံး အဖြေ တစ်ခုထွက်အောင် လုပ်ဆောင်ပေးနိုင်လျှင် ကောင်းမည်ဟု အကြံပြုလိုပါ၏။